လွန်ခဲ့တဲ့ မတ်လ (၈) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်လို့ မြန်မာပြည်က အသင်းအဖွဲ့တွေ ပိုမိုလှုပ်ရှားကြတာကို တွေ့ရပါတယ်။ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအတွက် ရန်ပုံငွေကို NLD ပါတီက ထူထောင်ပါတယ်။ မြန်မာ့အမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်းက မေလအစောပိုင်းမှာ (၂၃) ကြိမ်မြောက် ညီလာခံ ရန်ကုန်မှာ ကျင်းပပါတယ်။ ဒါပေမဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တရားရေးဌာနကလွဲပြီး အမျိုးသမီးများပါဝင်တဲ့ အခန်းကဏ္ဍ အလွန်နည်းပါးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီနိုင်တာတောင် လွှတ်တော်ကိုယ်စားလှယ်ထဲမှာ အမျိုးသမီးက (၁၃) ရာခိုင်နှုန်းသာ ရှိပါတယ်။
မဆလခေတ် ၁၉၇၄ ခုနှစ်မှာ အမျိုးသမီးကိုယ်စားလှယ်ဦးရေ (၂) ရာခိုင်နှုန်းသာ ရှိတာမို့ တိုးတက်မှုလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ အိမ်နီးချင်း လာအိုနိုင်ငံမှာ အမျိုးသမီးကိုယ်စားလှယ်ဦးရေ (၂၅) ရာခိုင်နှုန်း၊ ဗိယက်နမ်မှာ (၂၆) ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားမှာ (၂၁) ရာခိုင်နှုန်း ရှိတာကိုကြည့်ရင် မြန်မာအမျိုးသမီး ပါဝင်မှုဟာ အလွန်နည်းသေးတယ်လို့ ပြောနိုင်ပါတယ်။ ၁၉၉၅ ခုနှစ် ဘေဂျင်းအမျိုးသမီးညီလာခံ ကြေညာချက်မှာ အမျိုးသမီးကိုယ်စားလှယ်ဦးရေ (၃၀) ရာခိုင်နှုန်းအထိရှိဖိုပ ရည်ရွယ်ထားတာ တွေ့ရပါတယ်။
ဘေဂျင်းညီလာခံ ကျင်းပခဲ့တာ အနှစ် (၂၀) ကျော်လာပြီဖြစ်ပေမယ့် မြန်မာအမျိုးသမီး ကိုယ်စားလှယ်ဦးရေဟာ ရည်ရွယ်ချက်ရဲ့ သုံးပုံတပုံလောက်သာ ရှိနေပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဝန်ကြီးနေရာ (၂) နေရာ နဲ့ ဒုဝန်ကြီး (၆) နေရာကို အမျိုးသမီးတွေ ရကြပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲဝင်တဲ့ ပါတီ (၂၁) ခုမှာ အမျိုးသမီးပါတီဝင်ဟာ (၉) ပါတီမှာသာ ရှိပါတယ်။ နိုင်ငံရေးပါတီ (၅၀) ရာခိုင်နှုန်းမှာ အမျိုးသမီးတွေ မပါဝင်ကြပါဘူး။ အစိုးရဌာနတွေမှာ အမျိုးသမီးရာထမ်းဦးရေ တဖြည်းဖြည်း တိုးပွားလာပါတယ်။ ၂၀၁၀ စာရင်းအရ ဝန်ကြီးဌာနတွေမှာ အမျိုးသမီးရာထမ်း (၅၂) ရာခိုင်နှုန်းရှိပြီး ညွှန်ကြားရေးမှူအဆင့်မှာ (၃၇) ရာခိုင်နှုန်းလောက်ရှိကြောင်း သိရပါတယ်။ တချို့ကလည်း အမျိုးသမီးပါဝင်မှုမှာ ခွဲတမ်းစနစ်ကျင့်သုံးဖို့ အကြံပေးပါတယ်။ ဒါပေမဲ့ အရည်အချင်း မရှိဘဲ ခွဲတမ်းအရ ဝင်လာမှာ စိုးရိမ်ရပါတယ်။
မြန်မာ့ရဲတပ်ဖွဲ့မှာ အင်အား (၇၂၀၀၀) လောက်ရှိတဲ့အနက် အမျိုးသမီးက (၂၅၀၀) လောက် ပါဝင်ပါတယ်။ ဒါပေမဲ့ အလယ်အလတ် ရာထူးအဆင့်မှာ အမျိုးသမီးဝန်ထမ်းဦးရေ (၁၅၀၀) သာ ရှိပါတယ်။ အမျိုးသမီးရဲအဖွဲ့ဝင် အမြင့်ဆုံးရနိုင်တဲ့အဆင့်ဟာ ဒုရဲမှူးကြီး ဖြစ်ပါတယ်။ စစ်တပ်မှာလည်း အမျိုးသမီးဟာ ဆေးတပ်နဲ့ အုပ်ချုပ်ရေးပိုင်းမှာ အမှုထမ်းရကြတာမို့ ထိပ်ပိုင်းရာထူးကြီးတွေကို မရနိုင်ပါဘူး။ ဒါပေမဲ့ ဗိုလ်မှူးကြီးအဆင့်လောက်အထိ တက်လမ်းရှိကြပါတယ်။ လောလောဆယ် လွှတ်တော်က စစ်တပ်ကိုယ်စားလှယ်ထဲမှာ အမျိုးသမီး (၃) ယောက် ရှိပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေထဲမှာတော့ တိုက်ပွဲဝင်တဲ့ အမျိုးသမီးစစ်သည်တွေ ရှိပါတယ်။ ဒါကြောင့် အစိုးရ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခါ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က အမျိုးသမီးကိုယ်စားလှယ် အမြဲတမ်း ပါဝင်လေ့ရှိပါတယ်။
တရားရေးဌာနက အမျိုးသမီးဝန်ထမ်း အများဆုံး ဖြစ်ပါတယ်။ တရားစီရင်ရေးကို ပြည်ထောင်စုလွှတ်တော် တရားလွှတ်တော်ချုပ်နဲ့ လက်အောက်ခံ တရားရုံးတွေက ဆောင်ရွက်ပါတယ်။ တိုင်းဒေသကြီး တရားလွှတ်တော်၊ ပြည်နယ်တရားလွတ်တော်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံး၊ ခရိုင်တရားရုံး၊ မြို့နယ်တရားရုံး၊ မော်တော်ယာဉ်တရားရုံး၊ ကလေးသူငယ် တရားရုံး၊ စည်ပင်သာယာ တရား စသဖြင့် အဆင့်ဆင့် ရှိပါတယ်။ တိုင်းနဲ့ပြည်နယ် တရားလွှတ်တော် (၁၄) ခု၊ ခရိုင်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံး (၇၂) ခု၊ မြို့နယ်တရားရုံး (၃၃၀) နဲ့ အခြားတရားရုံး (၂၂) ခု ရှိပါတယ်။ တရားလွှတ်တော်ချုပ်မှာ အမျိုးသမီးမပါပေမယ့် ပြည်နယ်နဲ့တိုင်း လွှတ်တော်မှာ အမျိုးသမီး တရားသူကြီး (၂၁) ဦး ရှိပါတယ်။ လွှတ်တော်တရားသူကြီး (၅၇) ဦးမှာ အမျိုးသမီးက (၂၁) ဦး ဖြစ်နေလို့ ရာခိုင်နှုန်း (၄၀) လောက် နေရာယူထားတဲ့ သဘောမျိုး ဖြစ်နေပါတယ်။
တရားရေးဝန်ထမ်း (၁၂၉၁) ဦးအနက် အမျိုးသား (၅၉၈) ဦး၊ အမျိုးသမီး (၆၉၃) ရှိကြောင်း ၂၀၁၇ တရားရုံးနှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တရားရေးဝန်ထမ်း (၅၃) ရာခိုင်နှုန်းဟာ အမျိုးသမီး ဖြစ်ပါတယ်။ အစိုးရအရာထမ်း အမျိုးသမီး (၂) ဦးနဲ့ KWO ကရင်အမျိုးသမီးအစည်းအရုံးကို အမေရိကန်သံရုံးက ဆုချီးမြှင့်ပါတယ်။ အဖွဲ့ဝင် (၆၀၀၀) ကျော်ရှိတဲ့ ကရင်အမျိုးသမီးအစည်းအရုံး တည်ထောင်ထားတာ (၃၃) နှစ် ရှိပါတယ်။ ဒါပေမဲ့ ပြည်လုံးကျွတ် ညီလာခံကို လွန်ခဲ့တဲ့ ဧပြီလကမှ ပထမအကြိမ် ကျင်းပနိုင်ပါတယ်။ ဒေသဆိုင်ရာ လှုပ်ရှားတာမို့ ကရင်အမျိုးသမီးအသင်းဟာ ထင်ထင်ပေါ်ပေါ် မရှိခဲ့ပါဘူး။
ဒါပေမဲ့ ထူးထူးချွန်ချွန် တာဝန်ထမ်းဆောင်ခဲ့တဲ့ အမျိုးသမီး (၁၅၀) ကျော်ကို ဆုချီးမြှင်တာကိုကြည့်ရင် ကရင်အမျိုးသမီးတွေရဲ့ ကြိုးပမ်းမှုကို သိနိုင်ပါတယ်။ ထူးချွန်ဆုရသူတွေထဲမှာ ကရင်သတင်းစဉ်ရဲ့ အယ်ဒီတာချုပ် နန်းဖောဝေလည်း ပါဝင်ပါတယ်။ အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံလုံးဆိုင်ရာ မဟာဗျူဟာ အနှစ် (၂၀) စီမံကိန်းကို ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ မှာ စတင်ချမှတ်ခဲ့ပါတယ်။ အမျိုးသမီးတွေ တန်းတူရည်တူ ပါဝင်လုပ်ကိုင်နိုင်အောင် ရည်ရွယ်တဲ့ စီမံကိန်း ဖြစ်ပါတယ်။ မြန်မာပြည်ဟာ အမျိုးသမီးကို ခွဲခြားဆက်ဆံတဲ့နိုင်ငံအဖြစ် သတ်မှတ်ခံနေရဆဲ ဖြစ်ပါတယ်။