ဒီမိုကရေစီ အသွင်ကူးပြောင်းမယ်ဆိုပြီး ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်းမှာ ကရင်တပ်ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲလိုက်တာ အခုဆိုရင် (၇) နှစ်ထဲ ရောက်ရှိနေပါပြီ။ NLD အစိုးရ တက်လာတဲ့အချိန်မှာတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ ပိုပြီးအရှိန်ရလာပြီလို့ ယူဆကြပြန်ပါတယ်။ ဒါပေမဲ့ ကရင်ပြည်နယ်မှာ ထိတွေ့တိုက်ပွဲလေးတွေ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ ဖာပွန်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ စစ်တပ်က လမ်းဖောက်တဲ့ကိစ္စကြောင့် တိုက်ပွဲတွေ ဖြစ်ပြန်တဲ့အတွက် နေရပ်က ထွက်ပြေးရတဲ့ အိုးအိမ်မဲ့ ကရင်ဒုက္ခသည်တွေ ထောင်ချီပြီး တိုးပွားလာပြန်ပါတယ်။ နေရပ်ပြန်မယ့်သူတွေ စိုးရိမ်စရာ ဖြစ်နေပါတယ်။
ဒီနှစ်ဆန်းပိုင်း ထုတ်ပြန်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဌာန စာရင်းအရ ကရင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ အိုးအိမ်မဲ့ (၂) သိန်းနီးပါးရှိပြီး၊ ထိုင်းနယ်စပ်က ဒုက္ခသည်စခန်း (၉) ခုမှာတော့ တစ်သိန်းလောက် ရှိမယ်လို့ သိရပါတယ်။ အများစုက ကရင်လူမျိုးတွေ ဖြစ်ပါတယ်။ ဒီစခန်းတွေကို ရိက္ခာထောက်ပံ့မှု လျော့ချဖို့ (သို့မဟုတ်) ရပ်ဆိုင်းဖို့ နိုင်ငံခြားအဖွဲ့အစည်းတွေက ဆုံးဖြတ်တဲ့အတွက် ကရင်ဒုက္ခသည်တွေ အခြေအနေ ဆိုးဝါးလာပုံကို Thomas Wilkie-Black ဆိုသူ သတင်းရေးထားပါတယ်။ မြန်မာနယ်စပ်က ‘အဲတုထ’ ဒုက္ခသည်စခန်းကို သွားရောက်လေ့လာပြီး ဧပြီလ (၂၇) ရက်က Asia Times မှာ ဖော်ပြထားပါတယ်။
အရင်လို နယ်စပ်ဒေသတွေကို ထောက်ပံ့မယ့်အစား မြန်မာအစိုးရရဲ့ ပြုပြင်ရေးလုပ်ငန်းတွေကို ကူညီဖို့ နိုင်ငံခြားအစိုးရတွေက ဆုံးဖြတ်တဲ့အတွက် မြန်မာဘက်က ဒုက္ခသည်စခန်းတွေ စားဝတ်နေရေး ခက်ခဲလာပါတယ်။ အရင်ကတော့ TBC နယ်စပ်အဖွဲ့က ရိက္ခာထောက်ပံ့ပါတယ်။ TBC ကို အမေရိကန်နဲ့ အင်္ဂလိပ် အစိုးရတို့က ထောက်ပံ့ပါတယ်။ ဒါပေမဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ တဝက်လောက် လျော့သွားပါတယ်။ ဆွီဒင်နဲ့ နော်ဝေအစိုးရတို့ကလည်း ထောက်ပံ့မှုရပ်ဆိုင်းလိုက်တဲ့အတွက် ကရင်ဒုက္ခသည်တွေ ရရှိတဲ့ရိက္ခာဟာ သိသိသာသာ နည်းပါးသွားပါတယ်။ တယောက်ကို ဆန် (၁၅) ကီလို ထောက်ပံ့နေရာက (၉) ကီလိုအထိ လျှော့ချလိုက်ပါတယ်။ ဒါကြောင့် နယ်စပ်ဒုက္ခသည်စခန်းတွေမှာ အာဟာရဓါတ်ချို့တဲ့မှုနဲ့ တွေ့ကြုံနေရပါတယ်။ ဆေးဝါးကုသမှုမှာလည်း မလုံမလောက် ဖြစ်လာပါတယ်။
၂၀၁၀ နဲ့ ၂၀၁၆ ခုနှစ်ကြားမှာ TBC အဖွဲ့ရဲ့ ရန်ပုံငွေ တဝက်လောက် လျော့နည်းသွားပါတယ်။ ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ နိုင်ငံခြားထောက်ပံ့မှုကို မှီခိုနေရတာမို့ ထောက်ပံ့မှု လျော့ချတာနဲ့ အခြေအနေ ဆိုးဝါးသွားပါတယ်။ ဒုက္ခသည်စခန်းမှာ ရိက္ခာမလုံလောက်လို့ အပြင်ဘက်ထွက် အလုပ်လုပ်ဖို့ဆိုတာကလည်း စွန့်စားခန်းတခုလို ဖြစ်နေပါတယ်။ ဒုက္ခသည်ဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်မရှိတဲ့အတွက် အလုပ်ခိုးလုပ်သူဟာ မတရားအနိုင်ကျင့်ခံရတာ များပါတယ်။ စခန်းထဲမှာ ဘဝရပ်တည်ဖို့ ခက်ခဲလာလို့ အပြင်ထွက်ပြီး အလုပ်ခိုးလုပ်သူတွေ များလာပါတယ်။ ဒါဟာ ဥပဒေကို ဖီဆန်တာဖြစ်လို့ အန္တရာယ် ရှိပါတယ်။ ဒုက္ခသည်တွေကို ဖမ်းဆီးတာဟာ ထိုင်းနိုင်ငံမှာ လုပ်ရိုးလုပ်စဉ်လို ဖြစ်နေပါတယ်။
အဖမ်းခံရပြီး လာဘ်မထိုးနိုင်ရင် ထိုင်းအာဏာပိုင်တွေက လစာထောက်ပံ့မှုကို ဖြတ်တောက်ပါတယ်။ အပြစ်ပေးတဲ့အနေနဲ့ ရုံးသန့်ရှင်းရေးကို အလုပ်ကြမ်းခိုင်းတာမျိုးလည်း ရှိပါတယ်။ နေရထိုင်ရ ကျပ်တည်းလာတာကြောင့် စခန်းထဲမှာ ခိုးမှုတွေလည်း များပြားလာပါတယ်။ အဖိုးတန်ပစ္စည်းတင်မကတော့ဘဲ မီးသွေးကိုတောင် ခိုးကြတယ်လို့ ဆိုပါတယ်။ ထောက်ပံ့မှုလျော့နည်းလာလို့ အလုပ်လုပ်တာကို ချုပ်ချယ်ကန့်သတ်တာဟာ ဒုက္ခသည်စခန်းကထွက်ပြီး မြန်မာပြည်ပြန်အောင် တမင်လုပ်နေတာလို့ ဥပဒေပညာရှင် Zach Hudson က ဆိုပါတယ်။ ဒုက္ခသည်စခန်းမှာ နေရထိုင်ရ ခက်ခဲလာလို့ မြန်မာပြည်ပြန်တာကို မိမိသဘောအလျောက် ပြန်တယ်လို့ မပြောနိုင်ဘူးလို့ ဆိုပါတယ်။ အမေရိကန်နဲ့ အခြားနိုင်ငံတွေမှာ ရွှေ့ပြောင်းအခြေစိုက်ခွင့်ရတဲ့ ကရင်ဒုက္ခသည်တွေလည်း ရှိပါတယ်။
ထိုင်းနယ်စပ်မှာ အခြေချနေကြတဲ့ ဒုက္ခသည်တွေကလည်း သိန်းချီရှိနေပါတယ်။ ပြည်တွင်းမှာ ဖွံ့ဖြိုးတိုးတက်လာရင် ဒုက္ခသည်တွေ ပြည်တော်ပြန်နိုင်တာမို့ ပြည်တွင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကူညီထောက်ပံ့တာဟာ ရေရှည်မှာ အကျိုးရှိမယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီက ယူဆပါတယ်။ ကုလသမဂ္ဂဒုက္ခသည်ရုံးဟာ ထိုင်းနယ်စပ်ဒုက္ခသည်စခန်းတွေမှာ ရုံးခွဲတွေဖွင့်ပြီး ပြည်တော်ပြန်ချင်သူတွေကို အကူအညီပေးနေပါတယ်။ ပြည်တော်ပြန်ဒုက္ခသည်တွေကို ကုလသမဂ္ဂရုံးက ငွေကြေးကလည်း ထောက်ပံ့ပါတယ်။ ဒါပေမဲ့ ဒီအစီအစဉ်နဲ့ ပြန်သူတွေဟာ လွန်ခဲ့တဲ့ သုံးနှစ်အတွင်းမှာ (၁၆၄) ယောက်သာ ရှိပါတယ်။
TBC နယ်စပ်ဒေသ ထောက်ပံ့ရေးအဖွဲ့ကတော့ KNU အပစ်အခတ်ရပ်စဲရေးလုပ်ပြီးကတည်းက ပြန်သူဦးရေ (၂) သောင်းလောက်ရှိပြီလို့ ဆိုပါတယ်။ ဒါပေမဲ့ ကရင်ပြည်နယ်မှာ တိုက်ပွဲလေးတွေ ကြိုးကြားကြိုးကြား ဖြစ်ပွားနေတုန်းပါ။ မျှော်လင့်စရာလေးတွေ ရှိလာတာကတော့ မြန်မာနယ်စပ်က ဒုက္ခသည် တစ်သောင်းကို ရိက္ခာထောက်ပံ့ဖို့ ကုလသမဂ္ဂကယ်ဆယ်ရေးဌာနက စီစဉ်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ထောက်ပံ့မှု လိုအပ်နေသူတွေက တစ်သိန်းခြောက်သောင်းနှစ်ထောင် ရှိနေတာမို့ မြန်မာ-ထိုင်းနယ်စပ်က ကရင်ဒုက္ခသည် အခြေအနေဟာ ကောင်းမွန်လာစရာ အလားအလာ နည်းနေပါသေးတယ်။