သတင်းသမားရဲ့ ပထမဦးဆုံးအလုပ်ဟာ သတင်းနဲ့ဆိုင်တဲ့ အချက်အလက်တွေကို ရှာဖွေဖို့ ဖြစ်ပါတယ်။ နောက်တော့ ရထားတဲ့သတင်း အချက်အလက် မှန်မမှန်သိနိုင်ဖို့ အထောက်အထား ရှာရပါတယ်။ ဒါပေမဲ့ မြန်မာအပါအဝင် နိုင်ငံခြားအချို့မှာတော့ ဒါဟာအန္တရာယ်မကင်းတဲ့ အလုပ်လို ဖြစ်နေပါတယ်။ ထောင်ချခံရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အမှုဟာ အထင်ရှာဆုံး ဖြစ်ပါတယ်။ သူတို့ကို လွှတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာက တောင်းဆိုပြီး၊ ပူလစ်ဇာဆု ချီးမြှင့်တော့မှ လွှတ်ပေးလိုက်ပါတယ်။ မြန်မာပြည်က သတင်းမီဒီယာအခြေအနေကို မီးမောင်းထိုးပြလိုက်တဲ့သဘော ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့ အမှုကို တင်ပြခဲ့တယ်လို့ အဲဒီတုန်းက ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ Jeremy Hunt က ပြောပါတယ်။ ဒီမိုကရေစီနိုင်ငံမှာ လိုအပ်တဲ့သတင်း လွတ်လပ်မှုအတွက် အပြည်ပြည်ဆိုင်ရာက NLD အစိုးရကို ဝိုင်းဝန်းဖိအားပေးရတဲ့သဘောပါ။ ဒါပေမဲ့ သူတို့လို နိုင်ငံတကာ အကူအညီမရတဲ့ သတင်းသမား (၄၀) ကျော် ရှိတယ်လို့ အသံအဖွဲ့က ဆိုပါတယ်။ စစ်တပ်မကြိုက်တဲသတင်းကို ဖော်ပြရင် အရေးယူခံရမယ်ဆိုတဲ့ သဘောပါပဲ။ NLD အစိုးရလက်ထက်မှာ နိုင်ငံရေးအကျဉ်းသား သုံးရာကျော် ရှိနေတာကိုလည်း ထောက်ပြနေကြပါတယ်။
အမေရိကန်အခြေစိုက် Freedom House က ထုတ်တဲ့ ၂၀၁၉ လွတ်လပ်မှုအညွှန်းမှာတော့ မြန်မာပြည်ကို အနည်းအကျဉ်း လွတ်လပ်မှုရှိတဲ့ နိုင်ငံအဖြစ် ဖော်ပြပါတယ်။ စာပေစီစစ်ရေးဌာနကို ဖျက်သိမ်းလိုက်ပေမယ့် လက်ရှိဥပဒေတွေကိုသုံးပြီး အရေးယူနေတဲ့အတွက် ဖြစ်ရပ်မှန်ကို သတင်းသမားတွေက လွတ်လပ်စွာ မဖော်ပြနိုင်ဘဲ ဖြစ်နေပါတယ်။ တက္ကသိုလ်ကျောင်းတွေမှာ လွတ်လပ်မှုဆိုတာ မရှိသလောက် ဖြစ်နေပါတယ်။ ပညာရေးစရိတ် တိုးမြှင့်ဖို့ ရတနာပုံတက္ကသိုလ်မှာ ဆန္ဒပြကြတဲ့ ကျောင်းသား (၁၄) ဦး ကျောင်းထုတ်ခံရပါတယ်။ ခွင့်ပြုချက်မရဘဲ၊ ဆန္ဒပြရင် ထောင် (၆) လအထိ ကျသွားနိုင်ပါတယ်။ ခွင့်ပြုချက် တောင်းစရာမလိုဘူးဆိုပေမယ့် သက်ဆိုင်ရာအာဏာပိုင်ကို (၄၈) နာရီ ကြိုတင်အကြောင်းကြားရတာဟာ ခွင့်ပြုချက်တောင်းရတဲ့သဘော ဖြစ်နေပါတယ်။ ရန်ကုန်မြို့လယ် ရပ်ကွက် (၁၁) ခုမှာ ၂၀၁၇ နိုဝင်ဘာလကစပြီး ဆန္ဒပြခွင့် ပိတ်ပင်ထားပါတယ်။ စစ်ဆန့်ကျင်ရေးဆန္ဒပြသူ (၄၇) ဦး ထိန်းသိမ်းခံနေရပါတယ်။
ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ထုတ်ပြန်တဲ့ ၂၀၁၉ စာနယ်ဇင်း လွတ်လပ်မှုအညွှန်း Press Freedom Index မှာ နိုင်ငံပေါင်း (၁၈၀) ရဲ့ သတင်းလွတ်လပ်မှု အခြေအနေကို စီစစ်ထားပါတယ်။ သတင်းလွတ်လပ်မှုအရှိဆုံးက နော်ဝေနိုင်ငံဖြစ်ပြီး၊ ဖင်လန်က ဒုတိယ၊ ဆွီဒင်က တတိယ ဖြစ်ပါတယ်။ အင်္ဂလန်က အဆင့် (၃၃) မှာရှိပြီး၊ အမေရိကန်ကအဆင့် (၄၈) မှာ ရောက်နေတာမို့ ဂါနာနိုင်ငံ (၂၇) နဲ့ တောင်အာဖရိကနိုင်ငံ (၃၃) လောက်တောင် သတင်းလွတ်လပ်မှု မရှိတာကို ဖော်ပြနေပါတယ်။ မြန်မာကတော့ အဆင့် (၁၃၈) မှာ ရောက်နေလို့ မြန်မာထက်ညံ့တာ (၄၂) နိုင်ငံပဲ ရှိပါတယ်။ အာရှမှာ သတင်းလွတ်လပ်မှု အဆိတ်သုဉ်းဆုံးက တရုတ် (၁၇၇) နဲ့ မြောက်ကိုရီးယား (၂၇၉) တို့ ဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာခေါ်တဲ့ Facebook မှာ သတင်းတု Fake News သတင်းမှားတွေ တင်တာကြောင့် မီဒီယာကို ယုံကြည်မှုနည်းလာချိန်မှာ အစိုးရတွေကလည်း သူတို့အားနည်းချက်ကို ဝေဖန်လာမှာကို စိုးရိမ်တဲ့အတွက် သတင်းထောက်တွေအား ဖိနှိပ်နေပုံကို BBC အငြိမ်းစား ဒေါ်တင်ထားဆွေက သူ့ Facebook မှာ အကျယ်တဝင့် ရေးသားထားပါတယ်။ သတင်းယူရာမှာ အန္တရာယ်အမျိုးမျိုး ရင်ဆိုင်ရပုံကို လန်ဒန်မှာ ကျင်းပတဲ့ မီဒီယာဆိုင်ရာ ဟောပြောပွဲအတော်များများမှာ ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။ ဆော်ဒီအာရေဗျနဲ့ အီရန်လို့ နိုင်ငံတွေမှာ အစိုးရ သတင်းသမားတွေကို ရန်သူလို သဘောထားပြီး တိုက်ခိုက်တာမျိုးတွေ လုပ်လာပါတယ်။ အီရန်အစိုးရဟာ အီရန်သုံး ပါရှန်ဘာသာစကားနဲ့ အသံလွှင့်နေတဲ့ BBC အမှုထမ်းတွေကိုပါ ခြိမ်းခြောက်လာတဲ့အတွက် လန်ဒန်မှာတောင် ရဲအစောင့်အရှောက်နဲ့ နေနေရတယ်လို့ ဆိုပါတယ်။
မြန်မာအစိုးရဟာ ဆော်ဒီနဲ့ အီရန်အစိုးရတွေလောက် မဆိုးဘူးလို့ ပြောနိုင်ပါတယ်။ စာနယ်ဇင်း လွတ်လပ်မှုအညွှန်းမှာ အီရန်အဆင့်က (၁၇၀)၊ ဆော်ဒီက (၁၇၂) မှာ ရှိပါတယ်။ စာနယ်ဇင်းလွတ်လပ်မှု အနည်းအကျဉ်းရှိတဲ့ အာဆီယံ (၁၀) နိုင်ငံမှာ (၄) နိုင်ငံက မြန်မာထက်သာပြီး (၅) နိုင်ငံက မြန်မာထက် ညံ့ပါတယ်။ အဆင့် (၁၂၃) ရတဲ့ မလေးရှားဟာ အာဆီယံမှာ ပထမဖြစ်ပြီး၊ (၁၂၄) အဆင့်ရှိတဲ့ အင်ဒိုနီးရှားက ဒုတိယ ဖြစ်ပါတယ်။ ဖိလစ်ပိုင် (၁၃၄) က တတိယ၊ ထိုင်း (၁၃၆) က စတုတ္ထ၊ မြန်မာ (၁၃၈) က ပဉ္စမတို့ ဖြစ်ပါတယ်။ မြန်မာအောက်မှာ ကမ္ဘောဒီးယား (၁၄၃)၊ စင်္ကာပူ (၁၅၁)၊ ဘရူးနိုင် (၁၅၂)၊ လာအို (၁၇၁) နဲ့ ဗိယက်နမ် (၁၇၆) တို့ ရှိနေကြပါတယ်။
သတင်းလွတ်လပ်မှုအတွက် ကမ္ဘာ့သတင်းစာအသင်း တည်ထောင်ထားတာ (၇၁) နှစ် ရှိနေပါပြီ။ စာနယ်ဇင်း နှစ်သောင်းနီးပါးကို ကိုယ်စားပြုတဲ့ အသင်းကြီး ဖြစ်ပါတယ်။ ဒီအသင်းကြီးထဲမှာ ကမ္ဘာ့အယ်ဒီတာဖိုရမ် (Editor Forum) ဆိုတဲ့အဖွဲ့ကို တည်ထောင်တာ အနှစ် (၂၀) ရှိနေပါပြီ။ လွန်ခဲ့တဲ့ မေလကတော့ ဥရောပအခြေစိုက် ကမ္ဘာ့အယ်ဒီတာဖိုရမ်ရဲ့ အာရှဌာနခွဲကို စင်္ကာပူမှာ ဖွင့်လှစ်လိုက်ပါတယ်။ အာရှသတင်းဌာန (၁၅) ခု ပါဝင်ပြီး စာနယ်ဇင်းအရေး ဆောင်ရွက်ဖို့ ရည်ရွယ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့အယ်ဒီတာဖိုရမ်ရဲ့ နှစ်စဉ်ကြေးက ဒေါ်လာ (၈၀၀) ကျော် ဖြစ်ပါတယ်။