သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆင်းရဲသားဘဝ လုံခြုံမှု အခြေအနေ


ဆင်းရဲသားဘဝ လုံခြုံမှု အခြေအနေ
please wait

No media source currently available

0:00 0:05:41 0:00
တိုက်ရိုက် လင့်ခ်

သဘာဝဘေးအန္တရာယ်ကြောင့် မြန်မာပြည်ရဲ့ အသားတင်ထုတ်လုပ်မှု (၃) ရာခိုင်နှုန်းလောက် နှစ်စဉ်ဆုံးရှုံးနေရပါတယ်။ ဒါကြောင့်မို့ ရာသီဥတု ဆိုးဝါးမှုဒဏ်ကို ကာကွယ်နိုင်စွမ်း အနည်းဆုံးနိုင်ငံ အနည်းငယ်မှာ မြန်မာပြည်လည်း ပါဝင်နေပါတယ်။ အိုးအိမ်ကြံ့ခိုင်ခြင်းမရှိမှု၊ ပညာသင်ကြားရေးချို့တဲ့မှု၊ ရေကောင်းရေသန့်မရရှိမှု၊ ရေဆိုးစွန့်စနစ်ကင်းမဲ့မှု၊ လက်နက်ကိုင်ပဋိပက္ခနဲ့ ဆက်စပ်နေမှုစတဲ့ အခြေအနေတွေကို လေ့လာသုံးသပ်ပြီး ပြည်သူပြည်သားဆင်းရဲသားတွေရဲ့ ဘဝလုံခြုံမှုအဆင့်အတန်းကို ဆန်းစစ်ထားတဲ့စာတမ်းကို ရန်ကုန်အခြေစိုက် MIMU အဖွဲ့နဲ့ HARP အဖွဲ့က မကြာမီက ထုတ်ပြန်လိုက်ပါတယ်။

တိုင်းပြည်လူဦးရေရဲ့ (၄၄) ရာခိုင်နှုန်း (သို့မဟုတ်) လူဦးရေ (၂၃) သန်းနီးပါးဟာ အကာအကွယ်မရှိတဲ့ဘဝ ရောက်နေတယ်လို့ ဆိုပါတယ်။ လုံခြုံမှုမရှိသူ ဆင်းရဲသားအများဆုံးဒေသတွေဟာ ရှမ်းပြည်နယ် နဲ့ ဧရာဝတီတိုင်းဒေသကြီး ဖြစ်ကြပြီး သူတို့နောက်မှာ မန္တလေးတိုင်း၊ ချင်း နဲ့ ရခိုင်ပြည်နယ်တို့မှာ လုံခြုံမှုမရှိသူများတယ်လို့ ဆိုပါတယ်။ ဒီနေရာတွေမှာ ဘဝဆင်းရဲမှု သက်ဆိုးရှည်လိမ့်မယ်လို့ ခန့်မှန်းပါတယ်။ ဒီမြို့နယ်တွေမှာ လူဦးရေသိပ်သည်းမှု မရှိတာကြောင့် လာရောက်ရင်းနှီးမြုပ်နံှမယ်သူ ရှားပါးနေပါတယ်။ ဒါကြောင့် ဒေသခံတွေအတွက် အလုပ်အကိုင်ရဖို့ အခွင့်အလမ်းနည်းပါတယ်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ လူဦးရေးအထူထပ်ဆုံးဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုဒဏ်ကို အခံရဆုံးနယ်မြေ ဖြစ်ပါတယ်။ မြန်မာပြည်အလယ်ပိုင်း ခြောက်သွေ့ဒေသတွေမှာတော့ ရေအရင်းအမြစ်ကို စီမံခန့်ခွဲနိုင်စွမ်းမရှိတဲ့အတွက် ရိက္ခာမလုံမလောက်ဖြစ်ပြီး ဆင်းရဲနွမ်းပါးရပါတယ်။ မြို့ပြနဲ့ ကျေးလက်ကွာခြားမှုကိုလိုက်ပြီး ဘဝလုံခြုံမှုအခြေအနေ ပြောင်းလဲသွားပါတယ်။ ကျေးရွာ (၇၀) ရာခိုင်နှုန်းကျော်ကျော်ဟာ လျှပ်စစ်မီးကို မသုံးနိုင်ပါဘူး။ ရေကောင်းရေသန့် သောက်သုံးနိုင်သူနဲ့ ရေဆိုးစွန့်စနစ် သုံးသူဦးရေဟာလည်း အလွန်နည်းပါးပါတယ်။ အထက်တန်းကျောင်းသားဦးရေမှာလည်း မြို့ဟာကျေးလက်ထက် ပိုများပါတယ်။ ဒါပေမဲ့ ကျေးလက်မှာရော၊ မြို့ပြမှာရော တနေရာနဲ့တနေရာ မတူပါဘူး။ ဆင်းရဲသား (၁၄) ရာခိုင်နှုန်းရှိတဲ့ မြို့နယ် (၂၅) ခုမှာ အရပ်သားအဖွဲ့တွေက ကူညီနေကြပါတယ်။

နေထိုင်တဲ့ အိုးအိမ်ပုံစံကိုကြည့်ရင် လုံခြုံမှုမရှိတဲ့ ဆင်းရဲသားဘဝကို တွေ့နိုင်ပါတယ်။ မြန်မာပြည်ရဲ့ အိမ်ထောင်စု သုံးပုံတပုံ နေထိုင်တဲ့အိမ်ယာမှာ ကြမ်းခင်းဟာ ဝါး (သို့မဟုတ်) မြေကြီး ဖြစ်နေပါတယ်။ အိမ်ခြေ (၄၀) ရာခိုင်နှုန်းလောက်ဟာ ဓနိ (သို့မဟုတ်) ဝါးကို အမိုးအဖြစ် အသုံးပြုကြပါတယ်။ တနည်းဆိုရင်တော့ ဝါးထရံကာဓနိမိုး တဲ့အိမ်မှာနေတဲ့ အိမ်ထောင်စုတွေ ဖြစ်ပါတယ်။ ဒီလို တဲအိမ်တွေဟာ လေပြင်းမုန်တိုင်းနဲ့ ရေကြီးတဲ့ဒဏ်ကို မခံနိုင်ကြပါဘူး။ ရခိုင်တိုင်းနဲ့ စိုက်ပျိုးရေးလုပ်ကိုင်တဲ့ ဧရာဝတီ၊ မကွေး၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းမှာ မြေသားနဲ့ဝါးကို ကြမ်းခင်းလုပ်တဲ့ တဲအိမ်တွေ အများဆုံးရှိတယ်လို့ ဆိုပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ သူတို့ဘဝဟာ လုံခြုံမှုမရှိတာ ထင်ရှားပါတယ်။

ရေသုံးစွဲမှုကိုကြည့်ရင်လည်း ဘဝလုံခြုံမှုမရှိတာကို တွေ့နိုင်ပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်းကိုကြည့်ရင် မြန်မာနိုင်ငံက အိမ်ထောင်စု (၂၅) ရာခိုင်နှုန်းဟာ အန္တရာယ်ကင်းတဲ့ ရေဆိုးစွန့်စနစ် မသုံးကြတာ တွေ့ရပါတယ်။ ကောင်းမွန်သန့်ရှင်းတဲ့ သောက်ရေကို မရနိုင်တဲ့ အိမ်ထောင်စုက (၃၀) ရာခိုင်နှုန်းလောက် ရှိပါတယ်။ ရခိုင်တိုင်းမှာ ရေဆိုးအန္တရာယ်အများဆုံး ရှိပါတယ်။ ဧရာဝတီ၊ ပဲခူး နဲ့ ရန်ကုန်တိုင်းတွေမှာလည်း ရေကောင်းရေသန့်ရတဲ့နှုန်း အလွန်နည်းပါတယ်။ နေရာထိုင်ခင်း ဆင်းရဲနွမ်းပါးတဲ့ အရပ်ဒေသမှာ ရေသုံးစွဲမှု မသန့်ရှင်းတာများပါတယ်။ စိုက်ပျိုးရေး၊ သစ်တောနဲ့ ငါးလုပ်ငန်းက အလုပ်သမားတွေဟာ ဝင်ငွေအနည်းဆုံး ရရှိကြပါတယ်။ သူတို့ရခဲ့လုပ်ခဟာ တပြည်လုံးရဲ့ ပျမ်းမျှဝင်ငွေထက် (၂၀) ရာခိုင်နှုန်း နည်းနေပါတယ်။ ဝင်ငွေဟာ စားစရိတ်ဖြစ်လို့ အပိုအလျှံမရှိသူတွေ ဖြစ်ပါတယ်။

အာဆီယံ (၁၀) နိုင်ငံမှာ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းဟာ အမြတ်အနည်းဆုံးနဲ့ လုပ်ခအနိမ့်ဆုံး ဖြစ်ပါတယ်။ စက်မှုလယ်ယာအဆင့်နိမ့်ကျပြီး လူ့လုပ်အားကို အားကိုးလွန်းတာမို့ စိုက်ပျိုးရေးမှာ အမြတ်အစွန်း နည်းရတာလို့ ဆိုပါတယ်။ မိခင်နဲ့ကလေး သေဆုံးတဲ့နှုန်းမှာလည်း မြန်မာဟာ အာဆီယံပျမ်းမျှနှုန်းထက် (၂) ဆကျော် ပိုများနေပါတယ်။ ဧရာဝတီတိုင်း လပ္ပတ္တာခရိုင်နဲ့ ချင်းပြည်နယ် မင်းတပ်ခရိုင်မှာ မွေးကင်းစကလေးတွေ သေဆုံးမှု အများဆုံး ဖြစ်ပါတယ်။ အာဟာရဓါတ် ချို့တဲ့မှုကြောင့် ကြီးထွားမှုတန့်နေတဲ့ ကလေးဦးရေဟာ ကျေးလက်မှာ (၃၂) ရာခိုင်နှုန်း မြို့ပြမှာ (၂၀) ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။

မြန်မာပြည်လူဦးရေ (၉၀) ရာခိုင်နှုန်းဟာ စာတတ်မြောက်သူ ဖြစ်တယ်လို့ဆိုပေမယ့် နေရာဒေသကိုလိုက်ပြီး စာတတ်သူဦးရေ ကွဲပြားခြားနားသွားပါတယ်။ ကျောင်းလုံးဝမတက်နိုင်တဲ့ မြို့နယ် (၁၉) နယ် ရှမ်းပြည်နယ်မှာ ရှိပါတယ်။ လက်နက်ကိုင်ပဋိပက္ခ၊ အဓိကရုဏ်း နဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားတဲ့ မြို့နယ် (၆၈) နယ်ရဲ့ လူနေမှုအဆင့်အတန်းဟာ အခြားဒေသတွေထက် (၂၅) ရာခိုင်နှုန်းလောက် နိမ့်ကျနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် တိုင်းပြည်တပြည် အမြဲတမ်း ဖွံ့ဖြိုးတိုးတက်အောင် ကြံဆောင်ရာမှာ အကာအကွယ်မဲ့ ဖြစ်နေတဲ့ ဆင်းရဲသားလူတန်းစားကို အစိုးရက ဘယ်လိုဆက်ဆံသလဲဆိုတဲ့ အပေါ်မှာမူတည်ကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG