သမ္မတဦးဝင်းမြင့်ရဲ့ စတင်ဆောင်ရွက်မှုတွေထဲမှာ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာဖို့အတွက် တရားလွှတ်တော်ချုပ် တရားသူကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးတာလည်း ပါဝင်လာပါတယ်။ တရားဥပဒေစိုးမိုးပြီး အဂတိလိုက်စားမှု ကင်းရှင်းမှသာ နိုင်ငံခြားရင်းနှီးမြုပ်နံှမှု ပိုမိုဝင်ရောက်လာပြီး တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း ဦးဝင်းမြင့်က လွန်ခဲ့တဲ့ ဧပြီလက ပြောဆိုလိုက်ပါတယ်။ အဂတိလိုက်စားမှုနဲ့ အမှုဖွင့်ခံရလို့ ထွက်ပြေးတိမ်ရှောင်နေသူ (၁၂) ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဖေဖေါ်ဝါရီလက ဓါတ်ပုံနဲ့အတူ ကြေညာပါတယ်။ ဒီအထဲမှာ မြို့နယ်တရားသူကြီး၊ မြို့နယ်ဥပဒေအရာရှိ၊ ရဲအုပ်၊ ရှေ့နေ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြေစာရင်းအရာရှိစတဲ့ ဝန်ထမ်းတွေ ပါဝင်ပါတယ်။
လွန်ခဲ့တဲ့နှစ်က တရားသူကြီး (၈၈) ယောက်နဲ့ တရားရုံးဝန်ထမ်း (၇၂) ယောက်ကို ဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ်တွေ ပေးခဲ့တယ်လို့ တရားရုံးနှစ်စဉ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒုမြို့နယ်တရားသူကြီးအဆင့်က ညွှန်ကြားရေးမှူးချုပ်အဆင့်အထိ အရေးယူခံရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဝန်ထမ်းပြစ်ဒဏ်သာ ပေးနိုင်တဲ့အတွက် ရာထူးက ထုတ်ပစ်မှု၊ ရပ်ဆိုင်းမှု၊ ရာထူးလျှော့ချမှု စတာလောက်ပဲ လုပ်နိုင်ပါတယ်။
တရားစီရင်ရေးမဏ္ဍိုင်မှာ လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေတာကို တရားလွှတ်တော်ချုပ်ရုံးက သိပါတယ်။ ဒါပေမဲ့ တရားသူကြီး လာဘ်စားရင် ရာထူးက ဖယ်ရှားတာဟာ အကြီးဆုံး ပြစ်ဒဏ်ဖြစ်နေတာမို့ ထိရောက်တဲ့ ပြစ်ဒဏ်ပေးနိုင်ဖို့အတွက် တရားရုံးမှာ တရားစွဲကြဖို့ တရားလွှတ်တော်ချုပ်ရုံးက တိုက်တွန်းထားကြောင်း ၂၀၁၇ ဧပြီလ (၄) ရက်နေ့ထုတ် DVB သတင်းမှာ ဖော်ပြထားပါတယ်။ တရားစီရင်ရေးနဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေဟာ ရဲတပ်ဖွဲ့၊ အကျဉ်းဌာန၊ ဥပဒေရုံး၊ ရှေ့နေ၊ စသုံးလုံး၊ လဝက၊ ဆရာဝန်၊ သစ်တောနဲ့ မြေစာရင်းဌာနတွေ ဖြစ်ပါတယ်။ ရာဇဝတ်မှုတိုင်းကို ရဲက အရေးယူပိုင်ခွင့်ရှိတာ မဟုတ်လို့ တရားရုံးကို ဦးတိုက်လျှောက်ထားရမယ့် အမှုကို ရဲက ညွှန်ပြနိုင်ပါတယ်။ ဘယ်လို တရားစွဲရမယ်ဆိုတာကို တရားလွှတ်တော်ချုပ်ကထုတ်တဲ့ 'သင့်အတွက် တရားရုံး' စာစောင်မှာ ဖော်ပြထားပါတယ်။ တရားရုံးကို တရားစွဲဆိုဖို့ဆိုရင် တရားရုံးက သတင်းပြန်ကြားရေးဌာနကို သွားရမယ်လို့ ဆိုပါတယ်။
တရားရုံးတိုင်းမှာ လာဘ်စားမှု ရှိနေတာကြောင့် ထိထိရောက်ရောက် အရေးယူနိုင်ဖို့ လိုလားနေကြပါတယ်။ ၂၀၁၃ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေအရ ပြစ်မှုကျူးလွန်တာ ထင်ရှားရင် ထောင်ဒဏ် (၁၀) နှစ်အထိ ကျသွားနိုင်တဲ့အပြင် ဒဏ်ငွေလည်း ဆောင်ရဖွယ်ရှိပါတယ်။ ဒါကိုသိတဲ့အတွက် လာဘ်စားလို့ တရားစွဲခံထားရတဲ့ တရားသူကြီးတွေ ထွက်ပြေးတိမ်ရှောင်နေတာ ဖြစ်ပုံရပါတယ်။ ပဲခူးတိုင်းတရားလွှတ်တော်၊ တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးနွဲ့၊ မင်းလှမြို့နယ် ဥပဒေအရာရှိ ဒေါ်ယမင်းသန့်နဲ့ မုံရွာမြို့က အထက်တန်းရှေ့နေ ဒေါ်စုကြည်တို့ကို အဂတိလိုက်စားရေး တိုက်ဖျက်ရေးကော်မရှင်က သိန်း (၆၀) လာဘ်စားမှုနဲ့ ဘုတလင်မြို့နယ် တရားရုံးမှာ ဇန်နဝါရီလက တရားစွဲထားလို့ တိမ်းရှောင်နေကြောင်း ဇန်နဝါရီလ (၁၇) ရက်နေ့ထုတ် DVB သတင်းမှာ ဖော်ပြခဲ့ပါတယ်။
ဝါရှင်တန်မြို့တော်အခြေစိုက် တရားမျှတမှုပရောဂျက် The World Justice Project ရဲ့ ဇန်နဝါရီလထုတ် တရားဥပဒေ စိုးမိုးမှုညွှန်းကိန်းမှာ မြန်မာက အနိမ့်ဆုံးအုပ်စုမှာ ပါဝင်နေပါတယ်။ အိမ်ထောင်စုပေါင်း တသိန်းကျော်နဲ့ စစ်တမ်းတွေကို အခြေခံပြီး (၁၁၃) နိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုအဆင့်ကို သတ်မှတ်တဲ့အခါမှာ မြန်မာကအဆင့် (၁၀၀) မှာ ရှိနေပါတယ်။ အာရှဒေသဆိုင်ရာ (၁၅) နိုင်ငံစာရင်းမှာတော့ မြန်မာကအဆင့် (၁၄) ရလို့ ဒုတိယအညံ့ဆုံး ဖြစ်ပါတယ်။ အညံ့ဆုံးက ကမ္ဘောဒီးယား ဖြစ်ပါတယ်။ ရာဇဝတ်ဥပဒေနဲ့ တရားဥပဒေကို အကောင်အထည်ဖော်ရာမှာ မြန်မာဟာ ဒုတိယအညံ့ဆုံး ဖြစ်ပါတယ်။ အာရှ (၁၅) နိုင်ငံရဲ့ အဂတိလိုက်စားမှုမှာ မြန်မာကအဆင့် (၁၀) မှာ ရှိပါတယ်။ နိုင်ငံသားရဲ့ အခြေခံအခွင့်အရေးကို ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာတော့ မြန်မာက အောက်ဆုံးအဆင့်ကို ရောက်နေပါတယ်။
လွန်ခဲ့တဲ့ နိုဝင်ဘာလက အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ ရုံးခွဲတွေကို ပြည်နယ်နဲ့တိုင်း ဒေသကြီးတွေမှာ ဖွင့်လှစ်ဖို့ စီစဉ်တာဟာ ကောင်းမွန်တဲ့အလားအလာလို့ မြင်ကြပါတယ်။ တိုင်းကြားစာတွေ ထောင်ချီနေပြီဖြစ်ပေမယ့် ကော်မရှင်ဥပဒေနဲ့ ညီညွှတ်တဲ့ တိုင်းကြားစာက အလွန်နည်းပါးပါတယ်။ ကျပ်သိန်း (၁၅၀၀) ကျော် အလွဲသုံးစားလုပ်မှုနဲ့ အချုပ်ခံနေရတဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ရဲ့ အမှုကတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ အကြီးဆုံးအမှုလို ဖြစ်နေလို့ စောင့်ကြည့်နေကြပါတယ်။
တရားစီရင်ရေး အရာထမ်းရဲ့လစာနဲ့ အဂတိလိုက်စားမှု ဆက်စပ်နေတယ်လို့လည်း မြင်ကြပါတယ်။ အဆင့် (၄) တရားဝန်ထမ်းဟာ လစာကျပ် (၂) သိန်းနီးပါးရရှိပြီး၊ အဆင့် (၃) က နှစ်သိန်းခွဲ၊ အဆင့် (၂) က သုံးသိန်း၊ အဆင့် (၁) က သုံးသိန်းခွဲ ရရှိကြပါတယ်။ အရာထမ်းဦးရေ အမျိုးသား (၅၀၀) ကျော်နဲ့ အမျိုးသမီး (၇၀၀) နီးပါး ရှိပါတယ်။ တရားဝန်ထမ်းအဆင့် (၄) ရဲ့ လစာဟာ အထက်တန်းပြဆရာ လစာနဲ့ မတိမ်မယိမ်း ဖြစ်နေတာမို့ စားဝတ်နေရေးအတွက် မဖူမလုံ ဖြစ်နေပုံရပါတယ်။ ရတဲ့လစာနဲ့ မလောက်မငှ ဖြစ်နေတဲ့ တရားဌာနဝန်ထမ်းဟာ တရားစီရင်ရေးကျင့်ဝတ်ကို လိုက်နာနိုင်ပါ့မလားဆိုတာဟာ သံသယ ရှိစရာ ဖြစ်နေပါတယ်။