မြန်မာနိုင်ငံအတွင်း ကိုလိုနီလက်ထက်ကတည်းက တည်ရှိခဲ့တဲ့ ကန့်သတ်ထိန်းချုပ်တဲ့ ဥပဒေတွေနဲ့ အရင် အာဏာရှင် စစ်အစိုးရတွေ လက်ထက်မှာ ပြဌာန်းခဲ့တဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို အတားအဆီးဖြစ်စေတဲ့ ဥပဒေတွေကို ဖျက်သိမ်းပေးဖို့ အမေရိကန်အခြေစိုက် CPJ - သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က သမ္မတ ဦးထင်ကျော်ထံ အိတ်ဖွင့်ပေးစာ ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ကို အတားအဆီးဖြစ်နေတဲ့ ဥပဒေတွေကို ပြင်ဆင်ပေးဖို့ အမေရိကန်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ CPJ က မေလ ၃၁ ရက်နေ့ ရက်စွဲနဲ့ သမ္မတ ဦးထင်ကျော်ထံ အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
သတင်းသမားတွေအနေနဲ့ စိုးရိမ်ကြောက်ရွံ့မှုမရှိဘဲ သတင်းတွေကို လွတ်လွတ်လပ်လပ် ထုတ်ပြန်နိုင်ကြဖို့အတွက် လက်ရှိ ဥပဒေတချို့ကို ပြင်ဆင်၊ ရုပ်သိမ်းပေးဖို့ CPJ က တောင်းဆိုထားပါတယ်။
Bob Dietz ဟာ CPJ အဖွဲ့က အာရှအစီအစဉ်လုပ်ငန်း ညှိနှိုင်းရေးမှူး ဖြစ်ပါတယ်။ သူက မြန်မာနိုင်ငံအတွင်း ကိုလိုနီခေတ်ကတည်းက ကျင့်သုံးခဲ့တဲ့ ဥပဒေတွေကို ဆက်လက် ကျင့်သုံးနေတာ တွေ့ရတယ်လို့ ပြောပါတယ်။
“မြန်မာနိုင်ငံမှာ ဘာဖြစ်နေသလဲဆိုတော့ - ကိုလိုနီခေတ်က ဥပဒေတွေကို ဆက်လက် ကျင့်သုံးနေတဲ့အပြင် မကြာသေးခင်က အာဏာရှင် စစ်အစိုးရလက်ထက်အတွင်း ပြဌာန်းခဲ့တဲ့ ဥပဒေတွေကိုပါ ပူးတွဲ ကျင့်သုံးနေတာကို တွေ့ရပါတယ်။ အဲဒီ ဥပဒေတွေကို ချက်ခြင်း ပြန်လည် ရုပ်သိမ်းပေးတာကို ကျနော်တို့ မြင်တွေ့လိုပါတယ်။ အဲဒါတွေကို ပြန်ရုပ်သိမ်းပေးပြီးတဲ့နောက်မှာ သတင်းထောက်တွေကို အပြစ်ပေး အရေးယူတာ ရပ်ဆိုင်းယုံတင်မကပဲ သူတို့ကို အကာကွယ်ပေးနိုင်တဲ့ ဥပေဒေတွေပါ ပြဌာန်းပေးသင့်ပါတယ်။”
အဲဒီအထဲက သူတို့အနေနဲ့ စိုးရိမ်မှုအဖြစ်ရဆုံး ဥပဒေကတော့ ၁၉၂၃ ခုနှစ်က ပြဌာန်းထားတဲ့ မြန်မာနိုင်ငံ လျှို့ဝှက်လုပ်ငန်းဥပဒေ ဖြစ်တယ်လို့ ဆိုပါတယ်။
“မတရားတဲ့ ဥပဒေတွေအထဲက ကျနော်တို့ အစိုးရိမ်ဆုံး ဥပဒေကတော့ ကိုလိုနီခေတ် ၁၉၂၃ ခုနှစ်က ပြဌာန်းခဲ့တဲ့ ဥပဒေပဲ ဖြစ်ပါတယ်။ သတင်းထောက်တွေကို ဖမ်းဆီး အရေးယူဖို့ အဲဒီဥပဒေကို မကြာခန အသုံးပြုခဲ့တာပါ။ အဲဒီ ဥပဒေနဲ့ပဲ ယူနတီဂျာနယ်က သတင်းထောက် ၅ ဦး အရေးယူခံခဲ့ရတာ ဖြစ်ပါတယ်။ နောက်တခုကတော့ ၂၀၀၄ ခုနှစ် အီလက်ထရွန်းနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေဖြစ်ပါတယ်။ အဲဒီဥပဒေအရ လုံခြုံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ တည်ငြိမ် အေးချမ်းမှုကို ထိခိုက်စေနိုင်တယ်လို့ အစိုးရက ယူဆတဲ့ သတင်းအချက်အလက်တွေကို အင်တာနက်နဲ့ တခြား အီလက်ထရွန်းနစ် မီဒီယာတွေ အသုံးပြုပြီး ပေးပို့၊ လက်ခံတာကို လုံး၀ တားမြစ်ထားတဲ့ ဥပဒေဖြစ်ပါတယ်။ အဲဒီဥပဒေအရ ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်ပါတယ်။”
မြန်မာနိုင်ငံအတွင်း တွင်တွင်ကျယ်ကျယ် အသုံးပြုလာနေတဲ့ အင်တာနက်နဲ့ အီလက်ထရွန်းနစ် မီဒီယာတွေကို တားမြစ် ကန့်သတ်လို့ မရနိုင်ဘူးဆိုတာကို အစိုးရက သဘောပေါက်လာတဲ့အတွက် အဲဒီဥပဒေနဲ့ တွဲပြီး ပြင်းထန်တဲ့ ပြစ်ဒဏ်တွေကို တွဲဘက် သတ်မှတ်လိုက်တာ ဖြစ်တယ်လို့ Bob Dietz က ပြောပါတယ်။
ဒါပေမဲ့ သမ္မတ ဦးကျော်ထင် ဦးဆောင်တဲ့အစိုးရသစ် လက်ထက်အတွင်း သတင်းလွတ်လပ်ခွင့်ကိုအားပေးတဲ့ အစပြုခြေလှမ်းတွေကို တွေ့လာနေရတယ်လို့ သူက ဆက်ပြောပါတယ်။
“ယေဘုယျအားဖြင့်တော့ အစိုးရသစ်အနေနဲ့ သတင်းလွတ်လပ်ခွင့်ကို အားပေးတဲ့ဘက်ကို ဦးတည် လုပ်ဆောင်လာနေတာကို ကျနော်တို့ တွေ့မြင်ရပါတယ်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ကန့်သတ် တားဆီးမှုတွေအပေါ် ကျနော်တို့ အရင်က စိတ်ပျက်ခဲ့ရပါတယ်။ အခုချိန်ဟာ မြန်မာနိုင်ငံအတွင်းက သတင်းမီဒီယာတွေ၊ သတင်းထောက်တွေ၊ ပုံနှိပ်ထုတ်ဝေသူတွေအတွက် ခေတ်မှီတိုးတက်တဲ့ ၊ အယူအစွဲ ပြင်းထန်းခြင်း မရှိတဲ့ ၊ ဒီမိုကရေစီ စံချိန်စံညွန်းတွေနဲ့ ကိုက်ညီတဲ့ ဥပဒေတွေ ထွက်ပေါ်လာဖို့ အခွင့်အခါကောင်းတဲ့ အချိန်ဖြစ်ပါတယ်။ ကျနော်တို့အမြင်အရကတော့ မြင်တွေ့နေရတာတွေဟာ အားရစရာ ကောင်းပါတယ်၊ ဒါပေမဲ့ စိုးရိမ်မှုကတော့ ရှိနေရဦးမှာ ဖြစ်ပါတယ်။”
လုပ်ငန်းလိုင်စင်တွေကို ရုပ်သိမ်းနိုင်ပြီး လုံခြုံတည်ငြိမ်ရေးကို ထိပါးမယ်ဆိုရင် သတင်းထုတ်ပြန်မှုကို တားမြစ်နိုင်တဲ့ ၂၀၁၄ ခုနှစ် ပုံနှိပ်ထုတ်ဝေရေးဥပဒေကိုလဲ ပြင်ဆင်၊ ဒါမှမဟုတ် ရုပ်သိမ်းပေးဖို့အတွက်လည်း CPJ က တောင်းဆိုပါတယ်။ ဒါ့အပြင် ၂၀၁၃ ခုနှစ် ဆက်သွယ်ရေး ဥပဒေဟာ သတင်းသမားတွေကို အကြောင်းပြ ဖမ်းဆီးထောင်းချနိုင်တဲ့အတွက် ပြင်ဆင်သင့်တယ်လို့ သမ္မတ ဦးထင်ကျော်ထံ ပေးပို့တဲ့ CPJ ရဲ့ အိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြထားပါတယ်။
အချုပ်ကျစဉ် သေဆုံးသွားတဲ့ သတင်းသမား ကိုပါကြီးကို စွပ်စွဲဖမ်းဆီးခဲ့တဲ့ ၁၉၀၈ ခုနှစ် မတရားအသင်းဥပဒေကို ပယ်ဖျက်ဖို့ CPJ က တောင်းဆိုလိုက်သလို - ကိုပါကြီးသေဆုံးရတဲ့ အမှုမှန်ကို လွတ်လပ်စွာ စုံစမ်းပြီး တာဝန်ရှိသူတွေကို တရားမျှတစွာ ဆောင်ရွက်ဖို့လဲ CPJ ရဲ့ အာရှအစီအစဉ် လုပ်ငန်းညှိနှိုင်းရေးမှူး Bob Dietz က ပြောပါတယ်။
“ကိုပါကြီးအမှုကို စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူတွေကို ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်တဲ့နေရာမှာ အစိုးရဘက်က ဘယ်လောက်အထိ ရိုးသားစွာ လုပ်ဆောင်မလဲဆိုတာနဲ့ စစ်တပ်ကလည်း လွှတ်တော်ထဲမှာ အပါအဝင် သြဇာ ကြီးမားနေသေးတဲ့ ကိစ္စတွေဟာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေ ဖြစ်ပါတယ်။ ကိုပါကြီးကို ဖမ်းဆီးခဲ့တဲ့ ၁၉၀၈ ခုနှစ် မတရားအသင်းဥပဒေကို ပယ်ဖျက်ဖို့ ကျနော်တို့အနေနဲ့ တောင်းဆိုနေတာအပြင် သူ ဘာကြောင့် သေဆုံးရတယ်ဆိုတဲ့ အဖြေမှန် ရရှိနိုင်ဖို့ သီးခြားလွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေကို ကျန်ရစ်သူ သူ့ရဲ့ဇနီးနဲ့ ကျနော်တို့ ပူးပေါင်း လုပ်ဆောင်မှာ ဖြစ်ပါတယ်။”
သတင်းထောက်တွေ သေဆုံးမှုမှာ တာဝန်ရှိသူတွေကို အပြစ်ပေး အရေးယူခြင်းမရှိတဲ့ စနစ် ဆိတ်သုန်းပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့က အမှုကို စုံစမ်း စစ်ဆေး၊ တရားသူကြီးက ပြစ်မှုကျူးလွန်သူကို ထိုက်တန်တဲ့ ပြစ်ဒဏ် စီရင်ချက် ချနိုင်တဲ့ တရားစီရင်ရေးစံနစ် အလုပ်ဖြစ်တာကို သူတို့အနေနဲ့ မြင်တွေ့လိုတယ်လို့ Bob Dietz က ပြောပါတယ်။
သတင်းသမားတွေ ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ စာရင်းဇယားတွေကို CPJ က မှတ်တမ်း စတင် ပြုစုခဲ့တဲ့ ၁၉၉၁ ခုနှစ်ကစလို့ လက်ရှိ NLD အစိုးရက ပြီးခဲ့တဲ့ ဧပြီလအတွင်း အကျဉ်းသားတွေကို ပြန်လွတ်ပေးတဲ့အချိန်မှာ သတင်းသမားတွေပါ ပြန်လွတ်ပေးလိုက်ပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံမှာ အကျဉ်းချခံထားရတဲ့ သတင်းမီဒီယာသမား တယောက်မှ မရှိတော့ဘူးလို့ CPJ က သမ္မတ ဦးထင်ကျော်ထံ ပေးပို့တဲ့ အိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြထားပါတယ်။
လက်ရှိ ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့်ကတော့ အဲဒီလို သတင်းမီဒီယာ လွတ်လပ်မှုအပေါ် ကန့်သတ်ချုပ်ခြယ်တဲ့ ဥပဒေတွေကို ပြင်ဆင်နိုင်ရေးအတွက် အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပြီး ဖြစ်သလို မေလလယ်ပိုင်းတုန်းကလဲ Broadcast Media ဥပဒေ ပြင်ဆင်နိုင်ရေးဆိုင်ရာ ဒုတိယအကြိမ်မြောက် နှီးနှောဖလှယ်ပွဲကို ဒေါက်တာဖေဖြင့်က ဦးဆောင်ကျင်းပပေးခဲ့ပါတယ်။