သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ကိုဗစ်ကူးစက်မှု ပိုများလာနေ


ဝေဘာဂီဆေးရုံကြီး၊ ကိုဗစ်-၁၉ အထူးကြပ်မတ်ကုသဆောင် (ICU) မှာ လူနာတွေကို ကုသမှုပေးနေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - Ministry of Health and Sports - နိုဝင်ဘာ ၁၁ ၊ ၂၀၂၀)
ဝေဘာဂီဆေးရုံကြီး၊ ကိုဗစ်-၁၉ အထူးကြပ်မတ်ကုသဆောင် (ICU) မှာ လူနာတွေကို ကုသမှုပေးနေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - Ministry of Health and Sports - နိုဝင်ဘာ ၁၁ ၊ ၂၀၂၀)

(Zawgyi/Unicode)

စစ်ကိုင်းတိုင်းဟာ လက်ရှိမှာ ကိုဗစ်ကူးစက်မှု အများဆုံးဖြစ်နေပြီး ရန်ကုန်ကတော့ ဒုတိယအများဆုံး ရှိနေတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။ စစ်ကိုင်းတိုင်းက မြို့နယ် ၅ ခုနဲ့ ချင်းပြည်နယ်က မြို့နယ်နှစ်ခုမှာတော့stay at home အိမ်တွင်းနေအမိန့်ထုတ်ပြီး အသွားအလာ ကန့်သတ် ထားပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ ကိုဗစ်ကူးစက်မှု အခြေအနေအရပ်ရပ် ရန်ကုန်ကလာတဲ့သတင်းကို ကိုရန်နိုင်ကပြောပြပါမယ်။

ကိုဗစ်ကူးစက်မှု တိုးလာနေတဲ့ ချင်းပြည်နယ်က မြို့နယ် ၅ ခုနဲ့ စကိုင်းတိုင်းဒေသကြီးက မြို့နယ်နှစ်ခုမှာ အခြေခံပညာကျောင်းတွေနဲ့ ဈေးတွေကိုပိတ်ထားရပြီး အသွားအလာ ကန့်သတ်ထားတယ်လို့ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

“ဖြစ်ပွားမှု အများဆုံးမြို့နယ်ကတော့ လောလောဆယ် ကျမတို့ Stay Home လုပ်ထားတဲ့ ၇ မြို့နယ်ရှိပါ တယ်နော်။ ချင်းပြည်နယ်က ၅ မြို့နယ် စကိုင်းတိုင်းက ၂ မြို့နယ်။ အဲဒီမြို့တွေက stay at home လုပ်ထား တယ်။ သို့သော် လောလောဆယ်မှာ ဖြစ်ပွားမှုများနေတဲ့ လက်ပံတန်းတို့၊ အဲလိုဆိုရင် ဈေးတွေပိတ်တာ၊ ကျောင်းတွေပိတ်တာ၊ ရောဂါဖြစ်ပွားတဲ့ နေရာတွေမှာ သေချာ ရောဂါစောင့်ကြည့်ဆောင်ရွက်တာ ဒါမျိုးတွေ လုပ်ပါတယ်။ လက်ရှိအချိန်ကတော့ Stay at Home ၇ မြို့နယ်က ၇ မြို့နယ်ပါပဲ၊ အပြောင်းအလဲမရှိပါဘူး။”

တခြားမြို့နယ်တွေမှာလည်း ကူးစက်မှုတိုးလာနေပြီး လက်ရှိအားဖြင့် ကူးစက်မှုအများဆုံးက စစ်ကိုင်းတိုင်းဖြစ်ပြီးတော့ ရန်ကုန်ကတော့ ဒုတိယအများဆုံး ရှိနေတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါ တယ်။

“ကျန်တဲ့မြို့နယ်တွေမှာတော့ ရောဂါဖြစ်ပွားမှု များလာတာကို တွေ့ရပါတယ်။ ဥပမာ လားရှိုးဆိုရင်လည်း ဖြစ်ပွားမှုတွေ များလာတယ်ပေါ့နော်။ များလာတယ်ဆိုပေမယ့်လည်း ခုနကပြောသလို တမြို့လုံးဖြစ်နေတာ မျိုးမဟုတ်ဘဲနဲ့ ဖြစ်တဲ့သူတွေနဲ့ contacts တွေ ထိတွေ့မှုရှိတဲ့သူတွေကနေပြီးတော့ ဖြစ်နေတာတွေ့ရတယ်။ လက်ရှိအနေအထားကတော့ စစ်ကိုင်းတိုင်းကဆိုရင် တိုင်းနဲ့ ပြည်နယ်ထဲမှာမှ လောလောဆယ် အများဆုံးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကိုင်းတိုင်းမှာရှိတဲ့ တမူးနဲ့ ကလေးမှာဆိုရင် ဖြစ်ပွားမှုတွေ က ဆက်ပြီးတော့ ရှိနေတုန်းပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းမှာ ဆိုလို့ရှိရင် ၄ ရက် ၆လ ၂၀၂၁ ကနေပြီးတော့ ၁၇ ရက် ၆ လ ၂၀၂၁ ဒီနှစ်ပတ်ရဲ့ ဒေတာတွေ ကြည့်လိုက်မယ်ဆိုရင် တမူးမှာ ဖြစ်ပွားမှုက နှစ်ပတ်အတွင်းမှာ ၃၈၆ ရှိတယ်။ ကလေးမှာ ဖြစ်ပွားမှုက ၃၆၀ ရှိတယ်။ ဒါကြောင့် စစ်ကိုင်းကတော့ ပိုးတွေ့ ရှိသူ အများဆုံးအနေနဲ့ ရှိနေတုန်းပဲဖြစ်ပါတယ်။ ရန်ကုန်ကတော့ စစ်ကိုင်းနဲ့ နည်းနည်းလေး ကွာပြီးတော့ ဒုတိယနေရာမှာ ရှိပါတယ်။”

ကူးစက်မြန်သလို ရောဂါပြင်းထန်နိုင်တဲ့ Alpha, Delta နဲ့ Kappa မျိုးရိုးဗီဇကွဲ ကိုဗစ်ပိုးသစ်တွေကို ကလေး မြို့အပြင် ရန်ကုန်၊ မန္တလေး၊ မြိတ်နဲ့ တမူးမြို့တို့မှာ တွေ့ရှိထားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က သတင်းထုတ်ပြန်ထားပါတယ်။
Alpha ဆိုတာက ဗြိတိန်နိုင်ငံမှာ မူလ စတွေ့ခဲ့တဲ့ပိုးကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နာမည်ပေးထား တာဖြစ်ပြီး Delta နဲ့ Kappa ကတော့ အိန္ဒိယနိုင်ငံမှာ တွေ့ရှိခဲ့တဲ့ ကိုဗစ်ရောဂါပိုးမျိုးကွဲတွေဖြစ်ပါတယ်။

ကူးစက်မြန် မျိုးရိုးဗီဇကွဲ ကိုဗစ်ပိုးသစ်တွေ့ရှိထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ထဲက စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဇွန်လ ၁၇ ရက်နေ့က ကိုဗစ်အတည်ပြုလူနာ ၇ ဦး သေဆုံးခဲ့ပါတယ်။
ဒါအပြင့် ရောဂါကူးစက်မှုတွေရှိနေဆဲ ဘင်္ဂလားဒေရှ့်နိုင်ငံနဲ့ ကုန်သွယ်နေတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဆိုရင်လည်း ဘင်္ဂလားဒေရှ့်နိုင်ငံဘက်က ပြန်လာသူတွေမှာ ကိုဗစ်ကူးစက်တာ စစ်ဆေးတွေ့ရှိထားပါတယ်။ လက်ရှိအချိန်ထိ စစ်တွေမြို့မှာ ကိုဗစ် ကူးစက်ခံထားရသူ ၄၄ ဦးအထိ ရှိတယ်လို့ ပြည်နယ်ကျန်းမာရေး ဦးစီးဌာန ပြောခွင့်ရ ဒေါက်တာ စိုးဝင်းပိုင်ကပြောပါတယ်။

"ဘင်္ဂလားဒေရှ့်က ပြန်လာတဲ့သူတွေကို quarantine ထားပြီးစစ်တာပါ။ စစ်ဆေးမှုတွေရပ်ပြီးတော့ ပြန်စစ်ဆေးတဲ့ ၅ လပိုင်း ၁၂ ရက်နေ့ကနေစပြီးတော့ ဒီနေ့အထိဆိုရင် ၅၂၉ ကြိမ်စစ်ပြီးတော့ ၆၉ ယောက် positive ထွက်တယ်။ အဲဒီထဲမှာ ၄၄ ယောက်က ဆေးရုံပေါ်မှာ ကျန်နေပါသေးတယ်။ ကျန်တဲ့သူတွေက ပြန်ကောင်းသွားပြီ။"

ကျန်းမာရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံမှာကိုဗစ် တတိယလှိုင်း ဖြစ်မလာအောင် ကာကွယ် လုပ်ဆောင်နေတယ်လို့ ပြောထားပြီး ပြည်သူတွေကိုလည်း ကိုဗစ်စည်းကမ်းတွေအတိုင်း လိုက်နာကြဖို့ တိုက်တွန်းနေပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇွန်လ ၁၇ ရက်၊ ည ၈ နာရီ ထုတ်ပြန်ထားတဲ့ စာရင်းအရ ဓါတ်ခွဲနမူနာ ၄,၁၇၆ ဦး စစ်ဆေးတာမှာ ကိုဗစ်အတည်ပြုလူနာသစ် ၃၆၂ ဦး ရှိခဲ့ပါတယ်။ စုစုပေါင်း ကိုဗစ်ကပ်ရောဂါဖြစ်ပွားသူ လက်ရှိမှာ ၁၄၆,၇၆၈ ဦးရှိပါတယ်။ သေဆုံးသူစုစုပေါင်းကတော့ ၃,၃၅၀ ထက်မနည်းရှိပါတယ်။ ပြန်လည်နေကောင်းလာသူကတော့ ၁၃၀,၀၀၀ ကျော်ရှိပါတယ်။

...............................................................................

တိုက်ရိုက် လင့်ခ်



(Unicode)










XS
SM
MD
LG