သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်စတုတ္ထလှိုင်းအတွက် စိုးရိမ်ဖွယ် မရှိပေမဲ့ မပေါ့ဆဖို့ ကျန်းမာရေးဌာန သတိပေး


ကလေးမြို့က ကိုဗစ်လူနာတဦးကို စေတနာ့ဝန်ထမ်းတဦးက အောက်ဆီဂျင်ပိုက်တပ်ဆင်ပေးနေပုံ၊ ဂျူလိုင် ၅၊ ၂၀၂၁။
ကလေးမြို့က ကိုဗစ်လူနာတဦးကို စေတနာ့ဝန်ထမ်းတဦးက အောက်ဆီဂျင်ပိုက်တပ်ဆင်ပေးနေပုံ၊ ဂျူလိုင် ၅၊ ၂၀၂၁။

{{Zawgyi/Unicode}}

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ စတုတ္ထလှိုင်း စတင်မှာကို ပြည်သူတွေကြား စိုးရိမ်ပူပင်မှုတွေ ရှိနေပေမယ့် ဓာတ်ခွဲစစ်ဆေးမှုတွေအရ ကပ်ရောဂါ နောက်ထပ်လှိုင်းတခု ဖြစ်ပွားနိုင်ခြေ မရှိသေးဘူးလို့ ကျန်းမာရေးဌာန တာဝန်ရှိသူက ပြောပါတယ်။ ရာသီအကူးအပြောင်း ဖျားနာတာတွေရှိနိုင်တာကြောင့် အခြေခံကျန်းမာရေးနည်းလမ်းတွေ လိုက်နာဖို့ကိုလည်း တိုက်တွန်းထားတဲ့အကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မသိင်္ဂီထိုက် က ပြောပြမှာပါ။

အခုရက်ပိုင်းအတွင်း ဆေးခန်းတွေမှာလာပြတဲ့ ဖျားနာသူ လူနာတွေ သိသိသာသာများလာတာကြောင့် ကိုဗစ်ကပ်ရောဂါကူးစက်မှု ထပ်ပြီးမြင့်တက်နိုင်သလားဆိုတဲ့ ပြည်သူတွေကြား စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီအခြေအနေတွေကြောင့် အခုလတ်တလော ဖျားနာသူတချို့မှာ ကိုဗစ်ရောဂါရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးတာတွေ ရှိနေပြီး အများစုက သာမန်တုတ်ကွေးဖြစ်ပွားနေတာကိုသာ တွေ့ရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက VOA ကိုပြောပါတယ်။

"အခုလို မိုးအကုန် ဆောင်းအကူး ဒီလိုမျိုး စပ်ကူးမတ်ကူးကာလ ခေါ်တာပေါ့။ ရာသီအပြောင်းအလဲ ဖြစ်တဲ့အချိန်တွေပေါ့နော်။ မိုးလည်းများတယ်ဆိုတော့ ဒီလိုမျိုး ပုံမှန်တုပ်ကွေးတွေလည်း ဖြစ်နိုင်တယ်ပေါ့နော်။ အဲတော့ ကျနော်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဌာနကို မေးထားပါတယ်။ မေးတဲ့အခါကျတော့ သူကစစ်တဲ့အခါ ကိုဗစ်တော့ မတွေ့ရဘူးပေါ့နော်။ ကိုဗစ်တွေ့ရမှုကတော့ အင်မတန်နည်းတယ်။ ဒါပေမယ့် တခြား ဒီတုတ်ကွေးတို့၊ အအေးမိတာတို့ ဒါတွေလည်း ဖြစ်နိုင်တယ်ပေါ့နော်။"

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ ဩဂုတ်လအစပိုင်းမှာ ကပ်ရောဂါတတိယလှိုင်း ပြင်းပြင်းထန်ထန်ဖြစ်ပွားပြီးခဲ့ပေမဲ့ အခုချိန်မှာတော့ ကိုဗစ်တတိယလှိုင်း အဆုံးသတ်တော့မယ့် အလားအလာရှိပြီလို့လည်း သူက ပြောပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဓါတ်ခွဲအတည်ပြု ထုတ်ပြန်ချက်အရ နေ့စဉ် ၂၄ နာရီအတွင်း ကူးစက်ခံရသူ ၁,၀၀၀ ကျော်ရှိနေပြီး ကပ်ရောဂါကြောင့် သေဆုံးသူဦးရေကတော့ ၃၀ ဝန်းကျင်မှာ ရှိနေပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်တတိယလှိုင်း အဆုံးသတ်နိုင်ဖို့နဲ့ နောက်ထပ်စတုတ္ထလှိုင်းဒဏ် ကာကွယ်နိုင်ဖို့အတွက်ဆိုရင် လက်ဆေးတာ၊ ပါးစပ်နဲ့ နှာခေါင်းစည်းတပ်တာ၊ လူများတဲ့နေရာတွေကိုရှောင်ပြီး အခြေခံကျန်းမာရေး နည်းလမ်းတွေကို ဆက်ပြီးလိုက်နာဖို့နဲ့ ရောဂါကာကွယ်ဆေးထိုးဖို့လည်း လိုတယ်လို့ ဆက်ပြောပါတယ်။

"စစ်ရင်တော့ ကျနော်တို့ကတွေ့ရင်တော့ ထုတ်ပြန်ပေးမှာပဲလေ။ အခုကတော့ ကျနော်တို့စစ်သမျှက ဒါ ကိုဗစ်တွေ့ရတဲ့နှုန်းက အင်မတန်နည်းတယ်။ ဒါကလည်း ဒီ Mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေပေါ့။ ဒါတွေကို ကျနော်တို့ကျင့်သုံးလို့ ဒီလောက်ထိနည်းသွားတာပေါ့။ ဒါပေမယ့် ခုနကပြောတဲ့ ဒီတုတ်ကွေးဆိုတဲ့ သဘောကလည်း များသောအားဖြင့်က အမျိုးမျိုးရှိတာကို။ အဲတော့ အခြေခံကျန်းမာရေးနည်းလမ်းတွေကို လိုက်နာဖို့လိုတာပေါ့နော်။ အဲတော့ ဒီစတုတ္ထလှိုင်းတွေ ဘာတွေကတော့ ဒါလတ်တလောအနေအထားကတော့ ဖြစ်နိုင်စရာတော့ မရှိသေးဘူးနော်။ ဒါပေမယ့်လည်း ပေါ့လို့တော့မရဘူး။ အဓိကပြောချင်တာကတော့ ဒါပါပဲ။"

မြန်မာနိုင်ငံမှာ ရောဂါကာကွယ်ဆေး အပြည့်အဝထိုးပြီးသူက ၄၁ သိန်းကျော် ရှိပြီလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ ကပ်ရောဂါကာကွယ်ဆေး ထိုးနှံရမယ့် ဦးစားပေးအုပ်စုထဲ ပါသူတွေတိုင်း အပြည့်အဝထိုးနှံဖို့ကို အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့လည်း နိုင်ငံပိုင်မီဒီယာတွေကနေ ဖော်ပြနေပါတယ်။ အခုရက်ပိုင်းမှာပဲ အသက် ၁၂ နဲ့အထက်ကနေ ၁၈ နှစ်အထိ ကျောင်းသား ကျောင်းသူတွေကို ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးနေပါတယ်။ ဇွန်လက ကျောင်းအပ်ထားသူ အဲဒီအရွယ်အုပ်စု အားလုံးကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးမှာဖြစ်တယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ဖို့ဆိုပြီး မလိုအပ်ရင် အိမ်ပြင်မထွက်ရ Stay at Home အဖြစ် ဆက်သတ်မှတ်ထားတဲ့ မြို့နယ် ၁၁၃ မြို့နယ် ရှိနေပါသေးတယ်။ အဲဒီမြို့နယ်တွေရဲ့ ရောဂါဖြစ်ပွားနှုန်း ကျဆင်းမှုပေါ်မူတည်ပြီး ဖြေလျှော့မှုတွေဆက်လုပ်သွားမယ်လို့ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောထားပါတယ်။

........................................

တိုက်ရိုက် လင့်ခ်

{{Unicode}}








XS
SM
MD
LG