(Zawgyi/Unicode)
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကို ထိန်းချုပ်နိုင်အောင် ကြိုးပမ်းတဲ့အနေနဲ့ အီးယူ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေထဲ နိုင်ငံခြားသား ခရီးသွားတွေ ဝင်ရောက်ခွင့်ကို အီးယူက တားမြစ်လိုက်သလို မလေးရှားနိုင်ငံမှာလည်း ခရီးသွားလာမှုတွေအပေါ် ကန့်သတ်ချက်သစ်တွေ ဒီကနေ့ ချမှတ်လိုက်ပါတယ်။
မလေးရှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၀၀ ကျော်ရှိလာပြီးတဲ့နောက် နိုင်ငံအတွင်း ခရီးသွားလာမှု တချို့ကို သီတင်း နှစ်ပတ်ကြာ ယာယီပိတ်ပစ်လိုက်တာပါ။
တရုတ်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ ဒီရောဂါကူးစက်မှု အဆိုးဆုံးဖြစ်နေတဲ့ အီတလီ၊ စပိန်နဲ့ ပြင်သစ်တွေမှာလည်း လူအများ သွားလာလှုပ်ရှားမှုတွေကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားပါတယ်။
ဆော်ဒီအာရေးဗီးယားနိုင်ငံမှာတော့ ပုဂ္ဂလိက လုပ်ငန်းတွေအနေနဲ့ သူတို့ရဲ့ ဝန်ထမ်းတွေကို ဖြစ်နိုင်ရင် အိမ်ကနေပဲ အလုပ်လုပ်ခိုင်းဖို့နဲ့ အလုပ်ကိုမဖြစ်မနေ သွားရမယ့် သူတွေ အနေနဲ့လည်း အချင်းချင်း နီးနီးကပ်ကပ် မနေကြဖို့ တာဝန်ရှိသူတွေက ညွန်ကြားထားပါတယ်။
သြစတြေးလျ ဝန်ကြီးချုပ် Scott Morrison ကလည်း လက်ရှိအခြေအနေကို “လူသားတွေရဲ့ ကျန်းမာရေး ဘေးကင်းလုံခြုံမှုဆိုင်ရာ အရေးပေါ်အခြေအနေ” အဖြစ် ကြေညာ ထားပြီး သီးခြားခွဲ နေထိုင်မှုတွေနဲ့ ညမထွက်ရ curfew အမိန့်တွေ ထုတ်ပြန်ထားပါတယ်။
ရောဂါကူးစက်မှုပေါင်း ၃၀၀ ကျော်ရှိနေတဲ့ ဘရာဇီးနိုင်ငံမှာလည်း လူစုလူဝေးကြား သွားလာမှုတွေ ရှောင်ကြဉ်ကြဖို့ ကျန်းမာရေး တာဝန်ရှိသူတွေက သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ အခုဆိုရင် နိုင်ငံပေါင်း ၁၆၀ လောက်က လူပေါင်း ၁၈၅,၀၀၀ ကျော်မှာ ကူးစက်ဖြစ်ပွားနေပြီး သေဆုံးသူ ၇,၅၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အတည်ပြုထားပါတယ်။
ကူးစက်မှုတွေနဲ့ သေဆုံးမှုတွေ အများစုက တရုတ်နိုင်ငံမှာဖြစ်သလို ရောဂါကူးစက်ခံရပြီး ပြန်ကောင်းလာသူကတော့ ၈၀,၀၀၀ ကျော် ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီကနေ့အထိ ရောဂါကူးစက်သူမရှိသေးကြောင်း ထုတ်ပြန်ထားပါတယ်။
[Unicode Version]
COVID-19 ကာကှယျတားဆီးရေး ကမ်ဘာတဝနျးမှာ ကန့ျသတျခကြျတှေ ခမြှတျထား