MyanmarSat 2 ပါဝင်တဲ့ Intelsat-39 ဂြိုဟ်တုကို ၂၀၁၉ သြဂုတ်လ ၇ ရက်မှာ ကမ္ဘာပတ်လမ်းထဲ လွှတ်တင်နိုင်ခဲ့ပါတယ်။ ဒီဆက်သွယ်ရေးဂြိုဟ်တုရဲ့ အလုပ်လုပ်ပုံကို နာဆာ သိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပြပေးမှာပါ။
ဒေါက်တာ ပဒေသာတင်။ ။“MyanmarSat 2 – Intelsat-39 ကတော့ ဝေးလံတဲ့ အရောက်ပေါက်နဲတဲ့ ဒေသတွေမှာ ဆက်သွယ်ရေး ကောင်းမွန်စွာ ရဖို့တင်တာ ဖြစ်ပါတယ်။ ဒီဆက်သွယ်ရေး ဂြိုဟ်တု တင်တဲ့အတွက် transponder လို့ခေါ်တဲ့ ဂြိုဟ်တုထဲမှာပါတဲ့ ပစ္စည်းတခု ပေါ့နော်။ အဲဒီဟာက ဘာလဲဆိုတော့ ကမ္ဘာမြေမျက်နှာပြင်ကို ပြန်ပြီးတော့ လွှင့်ရတယ်။ အဲဒီ ဆက်သွယ်ရေး ဂြိုလ်တုမှာ ဘာပါလဲဆိုတော့ ဂြိုဟ်တုကို လမ်းမှန်အောင်တင်ပေးဖို့လိုအပ်တဲ့ ဒုံးယာဉ် အသေးလေးလိုဟာမျိုးတွေ၊ လျှပ်စစ်ပစ္စည်း အသေးလေးတွေ အများကြီး ပါပါတယ်။ ထိန်းကျောင်းတဲ့စက် အဲဒါလည်း ပါပါတယ်။ နောက်ပြီး ဂြိုဟ်တု operate လုပ်ဖို့အတွက်ဆို သူ့မှာ ပါဝါ - စွမ်းအားလိုပါတယ်။ ဒါကြောင့် သူနဲ့တွဲရက် ဆိုလာအချပ်ကြီးတွေ အများကြီး ထည့်ပေးပြီးတော့ အပေါ်လည်း ရောက်ရော ဖြန့်ထုတ်လိုက်တယ်။”
ကမ္ဘာပတ်လမ်းကြောင်းထဲ လည်ပတ်နေတဲ့ ဂြိုဟ်တုအတွက် လိုအပ်တဲ့ ပစ္စည်းတွေထဲမှာ အရေးအကြီးဆုံးက အတွင်းစက်အစိတ်အပိုင်းဖြစ် တဲ့ transponder ဖြစ်ပါတယ်။
ဒေါက်တာ ပဒေသာတင်။ ။“အဲဒီ transponder က အဓိက-က အောက်ဘက် ကမ္ဘာမြေ မျက်နှာပြင်ကနေပြီးတော့ ဆက်သွယ်ရေး ဒေတာ တွေ၊ ရုပ်မြင်သံကြား ဒေတာတွေ၊ facebook သုံးတဲ့အခါကျရင် ပို့ လိုက်တဲ့ဟာ၊ တယ်လီဖုံးဆက်တဲ့ဟာတွေ အကုန်လုံးကို သူက အပေါ်ကို တင်လိုက်ရပါတယ်။ အဲဒါကို uplink လို့ခေါ်တယ်။ uplink – downlink လို့ ခေါ်တယ်။ အပေါ်ကို တင်ပေးလိုက်တဲ့ ကြိမ်နှုန်းရယ်၊ အောက်ကို ပြန်လွှတ်လိုက်တဲ့ ကြိမ်နှုန်းရယ် ကွာပါတယ်။ တင်လိုက်တဲ့ ဒီ ဒေတာတွေကို အပေါ်မှာ စစ်လိုက်ရပါတယ်။ Frequencies တွေကို filter လုပ်တယ်လို့ ခေါ်ပါတယ်။ အဲဒါ …. လို့ ခေါ်ပါတယ်။ အဲဒီပစ္စည်းပါတယ်။ amplifier - အသံချဲ့စက်လိုဟာမျိုး။ သူကတော့ အသံချဲ့တာပေါ့။ စွမ်းအင်ကို အများကြီး မြှင့်တင်ပေးလိုက်တယ်။ မြှင့်တင်ပေးလိုက်ပြီးတဲ့အခါကျတော့မှ သူ့ရဲ့ကြိမ်နှုန်းကို နောက်တခုပြန်ပြီး ပြောင်းလိုက် တယ်။ ပြောင်းလိုက်တဲ့အတွက် ဒီ downlink ပြန်ဆင်းလာတဲ့ကြိမ်နှုန်းက အောက်ကနေ ပထမ တင်ပေးလိုက်တဲ့ကြိမ်နှုန်းနဲ့မတူဘဲနဲ့ အောက်ကို ပြန်ပြီးတော့ ရောက်လာတယ်။ အဲဒီတော့ တနေရာတည်းကနေပြီးတော့ station တခုကနေတင်လိုက်တဲ့ဟာက ဂြိုဟ်တုပေါ် ရောက်သွားတဲ့အချိန်မှာ ဂြိုဟ်တုကနေ အောက်ကိုပြန်ပြီး ဖြန့်လိုက်တဲ့အခါကျလို့ရှိရင် တနိုင်ငံလုံး၊ ဒေသကြီးတခုလုံးကို ပြန်ဖြန့်ပေးရတဲ့ အတွက် သူ့မှာ စွမ်းအင်မြှင့်တဲ့ amplifier စက်ဆိုတာ ရှိကိုရှိရတယ်။ ကြိမ်နှုန်းပြောင်းပေးတာ၊ ကြိမ်နှုန်းကို သတ်မှတ်တာ၊ ဘယ်ဗွီဒီယို အချက်အလက်ကို ဘယ်လိုလွှင့်တဲ့ဟာပေါ်မူတည်ပြီး C-band တို့ ku-band တို့ ပေါ့နော်။ အခု ဒီ satellite မှာ ၂ ခု သုံးတယ်။”
ဆက်သွယ်ရေးဂြိုဟ်တုတွေ မှာ သုံးလေ့ရှိတဲ့ band လိုင်းက ၃ မျိုးရှိပါတယ်။ Ka-band ၊ Ku-band နဲ့ C-band တို့ဖြစ်ပါတယ်။ Ka-band ဟာ ကြိမ်နှုန်းအမြင့်ဆုံးဖြစ်ပြီး downlink အတွက် ၂၀ GHz နဲ့ uplink အတွက် ၃၀ GHz လောက်ရှိပါတယ်။ Ku-band ကတော့ downlink အတွက် GHz ၁၁ နဲ့ ၁၂ ဝန်းကျင်ရှိပြီး uplink အတွက်ဆို ၁၄ GHz လောက်နဲ့လွှင့်ပါတယ်။ သူက antennas အသေးလေးတွေနဲ့ပါ သုံးနိုင်တာပါ။ C-band ကတော့ ကြိမ်နှုန်း အနိမ့်ဆုံး ဖြစ်ပါတယ်။ downlink အတွက် ကြိမ်နှုန်းက ၃ - ၄ GHz လောက်နဲ့ uplink အတွက် ၆ GHz လောက်ပဲရှိပါတယ်။ သူက ဧရိယာအကျယ်ကြီးအတွက် သုံးနိုင်သလို မိုးသည်းထန်စွာရွာတာလိုမျိုး ရာသီဥတုဆိုးရင်လည်း သုံးနိုင်ပါတယ်။
ဒေါက်တာ ပဒေသာတင်။ ။“C band က ဆိုလို့ရှိရင် သူက ရိုးရိုး အသံဖိုင်ပို့တာ၊ အသံဒေတာပို့တာ၊ ရိုးရိုးဒေတာ အချက်အလက်တွေ ပို့တာ၊ အဲဒါတွေကို အသုံးများပါတယ်။ ဆယ်လူလာဖုံး ခေါ်တာတို့၊ ဘာတို့၊ ညာတို့ ဆိုလို့ရှိရင် C-band နဲ့သုံးတယ်။ ဒါပေမယ့် ဗွီဒီယို ဖိုင် ပို့ရင် skype နဲ့ ဗွီဒီယိုလုပ်တယ် ဘာညာ ဆိုလို့ရှိရင် များသောအားဖြင့် သူတို့ ku-band နဲ့ သုံးလေ့ရှိပါတယ်။ အဲဒီတော့ ဗမာပြည်အတွက် C-band ဆိုလို့ရှိရင် (50 db watt) ပေါ့နော်။ db ဆိုတာ decible ပေါ့နော်။ db watt ဒါမှမဟုတ်လို့ရှိရင် ဝပ်အား ၁ သိန်းလောက်အထိကို ပမာဏများတဲ့ ဝပ်နဲ့ သူတို့ လွှင့်ပေးလို့ရတယ်။ Ku-band ကျတဲ့အခါကျတော့ သူ့ထက် အဆမတန် များပါတယ်။ ဝပ်အားက ၈ သိန်းလောက်အထိ ရှိတဲ့ transponder တွေ သုံးတာဖြစ်ပါတယ်။ အဲဒီတော့ ဝပ်အား မြင့်လေ၊ ဆက်သွယ်နိုင်တဲ့နှုန်း၊ ရနိုင်တဲ့နေရာ၊ အဲဒါတွေက ပိုပြီးတော့ အများကြီး လွှင့်နိုင်လေပါပဲ။
Uplink နဲ့ downlink အလုပ်လုပ်ပုံကို ကြည့်ရအောင်ပါ။
ဒေါက်တာ ပဒေသာတင်။ ။ uplink ဆိုတာ ဘာလဲဆိုတာကြည့်လို့ရှိရင် ကျနော်တို့ ဒီ satellite station ရှိတယ်ပေါ့နော်၊ အောက်က station ကနေ ဂြိုဟ်တုဆီကို ဗွီဒီယိုတို့၊ အသံဖိုင်တို့၊ တယ်လီဖုံးပြောတာပဲဖြစ်ဖြစ်ပေါ့နော်- အဲဒါကို ဂြိုဟ်တုဆီကို တင်ပေးလိုက်တာကို uplink လို့ ခေါ်ပါတယ်။ အဲဒီ uplink က တင်ပေးလိုက်တဲ့ frequency ပေါ့နော်၊ ကြိမ်နှုန်းက C-band ဆိုလို့ရှိရင် 4 GHz ၊ Ku-band ဆိုလို့ရှိရင် ၁၅/၂၀ GHz လောက်နဲ့ တင်ပေးလိုက်တယ်။ အပေါ်ရောက်တဲ့အခါကျတော့ အဲဒီဟာကို လှိုင်းသတာတို့ ၊ ကြိမ်နှုန်းပြောင်းတာတို့ ၊ နောက်ပြီးတော့ ပါဝါ အများကြီး တင်ပေးလိုက်တာပေါ့နော်။ အဲဒီဟာတွေကို ဂြိုဟ်တုမှာရှိတဲ့ Transponder ဆိုတဲ့စက်ကနေ အကုန်လုံး အလုပ်လုပ်၊ လုပ်ပြီးတော့ ချက်ခြင်းပြန်ပို့လိုက်တဲ့အခါကျရင် အောက်ကိုပြန်ဆင်းလာတဲ့ ပြန်ပို့လိုက်တဲ့ဟာကို downlink လို့ခေါ်တယ်နော်။ အဲဒီ downlink ကျလို့ရှိရင် frequency တမျိုးနဲ့ ပြန်လွှင့်ပေးပါတယ်။ အဲဒီတော့ frequency ၂ ခု ကြိမ်နှုန်းမတူတာ တခြားကြောင့်မဟုတ်ဘူး။ လွှင့်တဲ့အခါနဲ့ ဖမ်းတဲ့အခါနဲ့က frequency ကွဲသွားမှ ဖမ်းရတဲ့ဟာက တိတိကျကျ ရနိုင်တယ်။ မရောထွေးဘူးပေါ့နော်။ အဲဒီဟာလည်း ပါပါတယ်။
အခု လွှတ်တင်လိုက်တဲ့ intelset- 39 နဲ့ဆို မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးစံနစ် ဘယ်အတိုင်းတာထိ တိုးတက်လာနိုင်ပါသလဲ။
ဒေါက်တာ ပဒေသာတင်။ ။“ဒါက ဆက်သွယ်ရေးဂြိုဟ်တုလေ။ communication satellite ၊ ဆက်သွယ်ရေးဂြိုဟ်တုဖြစ်တဲ့အတွက် လွယ်လွယ်ပြောရလို့ရှိရင် တယ်လီဖုံးလိုင်း ပြတ်ပြတ်သွားတယ်၊ ကြားရသလား၊ မကြားရဘူးလား၊ ကြားရတယ်ဆိုပြီး တယောက်နဲ့တယောက် ပြန်ပြန်အော်နေကြတယ်လေ၊ အဲဒါ လိုင်းမမိလို့၊ လိုင်းမမိဘူးဆိုတာက ထုတ်ပေးနိုင်တဲ့နှုန်းပေါ့နော်။ 50 db watt တို့ ဘာတို့၊ အဲလောက် ကြိမ်နှုန်းမရှိရင် အဲဒါအတွက်၊ နောက်တခုက ဘာလဲဆိုရင် သူများနိုင်ငံကနေ လှမ်းယူရတဲ့ဂြိုဟ်တုဖြစ်တဲ့အတွက် ကျနော်တို့ဆီကိုရောက်တဲ့ strength က အင်အားက သိပ်မရှိဘူး။ အခုဆိုလို့ရှိရင် အဲဒီ ဂြိုဟ်တုကနေ ဗမာပြည်ကို လွှင့်ထားတဲ့ transponder က ဗမာပြည်အပေါ်ကို တိုက်ရိုက်ကို ဗမာပြည်အပေါ်ကိုရောက်နေတဲ့အတွက် သူက စွမ်းအင် အများကြီးမြင့်တယ်။ ကြိမ်နှုန်းအမြင့်ကြီးနဲ့ band တွေလည်း အများကြီး ထည့်လို့ရတဲ့ အခါကျတော့ သတင်းအချက်အလက်၊ ဒေတာ၊ တီဗီအစီအစဉ်တွေကို ပြိုင်တူလွှင့်နိုင်တယ်။ ဒါ့အပြင် ကျန်းမာရေး အတွက ်သုံးမယ်ဆိုလို့ရှိရင် ခွဲစိတ်ကုသနေတဲ့ဟာကို တခါတည်း live ပေါ့နော်၊ ဒီမှာ ခွဲစိတ်ကုသနေတဲ့အချိန်မှာပဲ တခြားဒေသတခုမှာလည်း ဒီ ခွဲစိတ်ကုသမှုတခုကို ပြိုင်တူ သင်လို့ရတယ်။ အတူတူလုပ်လို့ရတယ်။ စာသင်တဲ့နေရာမှာ အဓိက ကတော့ ဗဟုသုတ ဖြန့်တဲ့နေရာမှာ အကောင်းဆုံးပေါ့နော်၊ ဒီလို သိပ်စွမ်းအင်မြင့်တဲ့ Satellite သုံးမှသာလျှင် ဒီလို ဂြိုဟ်တုများကို သုံးမှသာလျှင် ပိုပြီးတော့ ထိထိရောက်ရောက် ရှိမယ်။ ဝေးလံခေါင်သီတဲ့ ဒေသတွေကို သတင်းအချက်အလက်တွေ၊ information တွေ ၊ ဗွီဒီယိုတွေ အကုန်လုံးရောက်နိုင်တယ်-ဆိုတဲ့အခါကျတော့ အများကြီး အသုံးဝင်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအတွက် အရေးပါတဲ့ electronic ဘဏ်စံနစ်သာမက သတင်းနဲ့ ဖျော်ဖြေရေး အစီအစဉ်တွေကို နိုင်ငံတဝှမ်း လက်လှမ်းမှီအောင် လုပ်ပေးနိုင်တော့မယ် ဆိုတာကိုတင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။