ကမ္ဘာတလွှား ဆက်သွယ်ရေး မြန်ဆန်အားကောင်းစေဖို့ ကြိုးစားရာမှာ ဂြိုဟ်တုတွေရဲ့ အရေးပါပုံကို ဒီတပတ်မှာ ပြောပြပါရစေ။
မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးအတွက် ဂြိုဟ်တုဆက်သွယ်ရေးကွန်ယက်ကို အမေရိကန်၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ နိုင်ငံ ပေါင်းစုံကနေ တနှစ်ကို အမေရိကန်ဒေါ်လာ ဆယ်သန်းကျော် လောက်ပေးပြီး ငှါးရမ်း အသုံးပြုနေရာကနေ အခု ပြင်သစ်အခြေစိုက် Intelsat ကုမ္ပဏီကို ၁၅ နှစ်အတွက် ဒေါ်လာသန်းပေါင်း ၁၅၅.၇ သန်းပေးပြီး MyanmarSat 2 ကို ၂၀၁၉ အောက်တိုဘာလ လောက်မှာ စတင် အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။
Intelsat ရဲ့ ၂၀၀၁ ခုနှစ်က လွှတ်တင်ထားတဲ့ Intelsat-902 ဂြိုဟ်တုနဲ့ MyanmarSat 1 ကို သုံးတဲ့အချိန်က 2G နဲ့ 3G ဝန်ဆောင်မှုကိုပဲ ပေးနိုင်တာ ဖြစ်ပြီး အခု MyanmarSat 2 အတွက်တော့ Intelsat က ၁၈ နှစ်ကြာပြီ ဖြစ်တဲ့ Intelsat-902 ကို C band လိုင်းနဲ့ Ku band လိုင်းတွေနဲ့ အဆင့်မြှင့်ထားတဲ့ Intelsat-39 နဲ့ အစားထိုးလိုက်တာကြောင့် 3G နဲ့ 4G လို ဆက်သွယ်မှု ပိုမြန်ဆန်တဲ့ မျိုးဆက်တွေအတွက် ဝန်ဆောင်မှု ပေးနိုင်တော့မှာ ဖြစ်ပါတယ်။
ဒီ Intelsat-39 ကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Palo Alto အခြေစိုက် Maxar နည်းပညာကုမ္ပဏီက တည်ဆောက်ပေးတာ ဖြစ်ပြီး သူ့ကို ပြင်သစ် Arianespace ကုမ္ပဏီက သူ့ရဲ့ Ariane 5 ဒုံးပျံနဲ့ တောင်အမေရိကတိုက် အရှေ့မြောက်ဖျားက ပြင်သစ် ဂီယာနာ (French Guiana) မှာရှိတဲ့ Guiana Space Center အာကသစခန်းကနေ မြန်မာစံတော်ချိန် သြဂုတ်လ ၇ ရက်မှာ လွှတ်တင်ခဲ့တာပါ။
အခုလို ဆက်သွယ်ရေးအတွက် အားထားရတဲ့ ဂြိုဟ်တုနဲ့ တခြားဂြိုလ်တုတွေနဲ့ပတ်သက်ပြီး နာဆာ အမေရိကန်အာကာသ စူးစမ်းရေး သိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်က ရှင်းပြပါတယ်။
ဒေါက်တာ ပဒေသာတင်။ ။“ဂြိုဟ်အတု ဆိုတော့ ဂြိုဟ်အစစ်လည်း ရှိတာပေါ့နော်။ အင်္ဂါဂြိုဟ်တို့ ကြသပတေးဂြိုဟ်တို့၊ ဒါက နေကို ပတ်နေတာပေါ့နော်။ လကလည်း ဂြိုဟ်တခုပဲ။ လူလုပ်ပြီး လွှတ်တင်ထားတဲ့ ဂြိုဟ်တု အားလုံးပေါင်းက အခုဆို ၂,၀၀၀ လောက် ရှိတယ်။ ဂြိုဟ်တုက အရွယ်အစား အမျိုးမျိုး ရှိတယ်။ ပုံသဏ္ဍာန်လည်း အမျိုး မျိုး ရှိတယ်။ သူ့ကို အမျိုးအစား အများကြီး ခွဲထားပါတယ်။ အသုံးပြုတဲ့ ဟာနဲ့ ခွဲထားတာ ရှိသလို၊ ပတ်လမ်းပေါ် မူတည်ပြီး ခွဲထားတာလည်း ရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ အာကာသစခန်း International Space Station က ပတ်နေတာ ဆိုလို့ ရှိရင် Low earth orbit လို့ ခေါ်ပါတယ်။ ပတ်လမ်းအနိမ့်ပါ။ သူဆိုလို့ရှိရင် ကမ္ဘာအထက် မိုင် ၂၅၀ နဲ့ ၃၀၀ ကြားမှာ ၄၀၀ ကြားမှာ သူက အတက်အဆင်းတော့ ရှိတယ်။ ဒါက လူတွေ လွှတ်တင်ထားတဲ့အတွက် သူ့ကို ဂြိုဟ်တု တမျိုးလို့ ခေါ်ပါတယ်။”
ဟုတ်ပါတယ်။ နေစကြဝဠာထဲမှာ သဘာဝအလျှောက် နေကိုလှည့်ပတ်နေတဲ့ ဂြိုဟ်အစစ်တွေလိုပဲ နေကိုပတ်ဖို့ ပတ်လမ်းထဲကို လူသားတွေ လွှတ်တင်ထားတဲ့ ဂြိုဟ်အတုတွေက အများအပြားရှိနေတာပါ။
ဒေါက်တာ ပဒေသာတင်။ ။“ကမ္ဘာပေါ်မှာ ပထမဦးဆုံး လွှတ်တင်လိုက်တဲ့ ဂြိုဟ်တုက Sputnik ရုရှားက လွှတ်လိုက်တာပါ။ အခု လောလော ဆယ် အမေရိကန်နိုင်ငံကနေ ဆက်သွယ်ရေး အရရော၊ ကာကွယ်ရေး အရရော၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ပတ်သက်တာ၊ GPS လို့ ခေါ် တယ်။ အဲဒါမျိုး အားလုံး စုစုပေါင်း ၈၄၀ လောက်ရှိတယ်။ တရုတ်နိုင်ငံ က ၂၉၀ လောက်ရှိတယ်။ ရုရှားက ၁၄၆ ခု၊ ကျန်နိုင်ငံတွေ ကမ္ဘာမှာ ရှိတဲ့ နိုင်ငံတော်တော်များများ အကုန်လုံးပေါင်းလိုက်တဲ့အခါကျတော့ ၆၃၀ - ၆၄၀ လောက် ရှိပါတယ်။”
အခု လွှတ်တင်လိုက်တဲ့ Intelsat-39 ဟာ အရှေ့လောင်ဂျီတွဒ် ၆၂ ဒီဂရီမှာ ရှိနေပြီး အမြင့်က မိုင် ၂ သောင်းကျော်မှာ ရှိနေမှာဖြစ်ပါတယ်။ ဘာကြောင့် အဲဒီလောက် အမြင့်မှာ တင်ထားတာပါလဲ။
ဒေါက်တာ ပဒေသာတင်။ ။“အခုလွှတ်လိုက်တဲ့ Myanmar Set2 – Intelset 39 ဆိုတဲ့ ဂြိုဟ်တု ဖြစ်ပါတယ်။ သူ့ကို တင်ထားတဲ့ ပတ်လမ်း က မိုင် ၂၂,၀၀၀ လောက်မှာပါ။ အဲဒီလောက် အမြင့် ရောက်သွားတဲ့အခါကျလို့ရှိရင် ဂြိုဟ်တုရဲ့ ကမ္ဘာကို တပတ်ပတ်ဖို့ ကြာတဲ့ အချိန်က ၂၄ နာရီ ဆိုတဲ့အခါကျတော့ အောက်ကနေ လှမ်းကြည့်လိုက်တဲ့အခါ တနေရာတည်းမှာ ဒီဂြိုဟ်တုက မရွေ့တဲ့အတိုင်းဖြစ်နေတယ်။ ဒါကို geo synchronized ကမ္ဘာပတ်တဲ့ တရက်ကြာတဲ့ ၂၄ နာရီနဲ့အကိုက် သူက လည်နေတဲ့ဟာ။ အဲဒီတော့ အဲဒီလောက်အမြင့် ဆိုလို့ရှိရင် တနာရီကို မိုင် ၇,၀၀၀ လောက် နဲ့ သူက ပတ်ရပါတယ်။ Arthur C Clarke ဆိုတဲ့ နံမယ်ကြီးတဲ့ သိပ္ပံပညာရှင်က ၁၉၄၅ ခုနှစ်လောက်မှာ သူက အကယ်၍သာ ဒီပစ္စည်းတခုကိုပေါ့နော်၊ ဂြိုဟ်တုပေါ့လေ၊ အခုတော့လည်း။ အဲဒီဂြိုဟ်တုကို အဲဒီလောက် မိုင်အမြင့်မှာ တင်ထားတဲ့ ဂြိုဟ်တု ဟာ ကမ္ဘာနဲ့အကိုက်ပေါ့လေ- geo synchronized orbit ပေါ့နော်၊ အဲဒီမှာပဲ ပတ်နေမယ်။ ဒါ ၂၄ နာရီ ဆို တပတ်ပတ်မယ်ဆိုတဲ့ အခါကျ တော့ အဲဒီနေရာမှာပဲ ရှိမယ်လို့ သူက ဟောကိန်း ထုတ်ခဲ့ပါတယ်။ အဲဒါ ၁၉၄၅ ခုနှစ်မှာပါ။ ဒီ ၁၉၅၇ ခုနှစ်လောက်မှာ Sputnik ကို တင်လိုက်တဲ့အခါကျတော့မှ အဲဒီ geo synchronized orbit အတိုင်း ပတ်တဲ့အခါမှ သူပြောတာ မှန်ပါလား ဆိုပြီး စပြီးတော့ သဘောတူကြတာပေါ့နော်။”
ကမ္ဘာမြေပြင်အထက် အာကာသထဲ လွှတ်တင်တဲ့ ဂြိုဟ်တုတွေမှာ ကမ္ဘာနဲ့ အကွာအဝေးကို လိုက်ပြီး အသုံးပြုမှုကလည်း ကွာခြားပါတယ်။
ဒေါက်တာ ပဒေသာတင်။ ။“အလယ်အလတ်ပေါ့နော်၊ မိုင် တသောင်းခွဲ အောက်လောက်မှာဆိုရင် အဲဒီ ဂြိုဟ်တု ပတ်တဲ့နှုန်းက အရမ်းကို မြန်တယ်။ ပထမ မိုင် ၂ သောင်း ၂ ထောင်က တနာရီ မိုင် ၇,၀၀၀ လောက်။ ဒါပေမယ့် အမြင့်မိုင် တသောင်း ခွဲအောက်လောက် ကျလို့ ရှိရင် သူ့ရဲ့ ပတ်နှုန်းက တနာရီကို မိုင် ၉,၀၀၀ လောက် အထိ ပတ်ရပါတယ်။ နောက် အနိမ့်ပေါ့နော်၊ Low earth orbit satellite ပေါ့။ အဲဒီဂြိုဟ်တုဆိုလို့ရှိရင် တနာရီခွဲတခါ ဆိုတော့ မိနစ် ၉၀ လောက် ကျလို့ရှိရင် ကမ္ဘာကို တပတ် ပတ်ပါတယ်။ အဲဒီတော့ တနေ့ကို အပတ်ပေါင်းများစွာ ပတ်နိုင်ပါတယ်။ အဲဒီ ဂြိုဟ်တုတွေက များသောအားဖြင့် ရာသီဥတုနဲ့ သဘာဝဘေးအန္တရာယ်တွေကို အမြဲတမ်း ကြည့်နေတဲ့ ဂြိုဟ်တုတွေဆိုလို့ရှိရင် အဲဒီနေရာမှာ တင်ထားလေ့ရှိပါတယ်။ နောက် စစ်အတွက်သုံးတဲ့ military satellite ပေါ့ - စစ်ရေးမှာ ဗျူဟာမြောက်အောင် ဘယ်နေရာမှာ ဘယ်စစ်သင်္ဘော ဘယ်လို သွားနေတယ်၊ အဏုမြူ ထိပ်ဖူးတွေတင်ထားတဲ့ ဒုံးပျံတွေ တနိုင်ငံနဲ့တနိုင်ငံ ကြည့်နေတဲ့ဟာတွေကို အဲဒါတွေကို military satellite ပေါ့။ သူတို့ကတော့ အနိမ့် ကမ္ဘာ့အထက် မိုင်း ၁၀၀ နဲ့ ၁,၀၀၀ ကြားမှာရှိတယ်။ သူတို့က ဂြိုဟ်တုကနေ လှမ်းပို့တဲ့သတင်းက ချက်ခြင်း အမြန်ရောက်တယ်။ အဲဒါအတွက် ဆိုတဲ့အခါကျတော့ အဲလောက် မိုင်အမြင့်မှာပဲ တင်ပါတယ်။ အဲဒီတော့ ပတ်လမ်းအကွာအဝေးပေါ် မူတည်ပြီး ခွဲတာ အမျိုးအစားပြောမယ်ဆိုလို့ရှိရင် ဆက်သွယ်ရေး၊ နောက် မိုးလေဝသဂြိုဟ်တု၊ ကယ်ဆယ်ရေးဂြိုဟ်တု (disaster area) ပေါ့နော်၊ ဒီ သဘာဝဘေးအန္တရာယ်ကျနေတဲ့အချိန်မှာ ဘယ်နေရာတွေမှာ ဘယ်လောက်အထိ ရေကြီးရေလျှံနေလဲဆိုတဲ့ဟာတွေ။ အဲဒါကတော့ low earth obit နေရာတွေမှာ တင်ထားပါတယ်။
နောက် GPS ပေါ့နော်။ လမ်းပြဂြိုဟ်တု။ ကားသွားတဲ့အခါကျလို့ရှိရင် သုံးတဲ့ဟာတွေ၊ Global Positioning System – အဲဒါ Navigation အတွက်။ နောက် Remote Sensing ဆိုတာ သိပ်ပြီးတော့ ဝေးလံတဲ့နေရာတွေ၊ ချက်ခြင်းမရောက်နိုင်တဲ့နေရာတွေအတွက် သုံးတဲ့ဟာ။ နောက်ပြီးတော့ polar obit satellite ဆိုတာလည်း ရှိပါတယ်။ အဲဒီဂြိုဟ်တုတွေကျ အီကွေတာကို မပတ်ဘဲနဲ့ မြောက်ဝန်ရိုးစွန်းနဲ့ တောင် ဝန်ရိုးစွန်းကိုပတ်တယ်။ မြောက်နဲ့တောင် ဝန်ရိုးစွန်းတွေကို ပတ်တဲ့ polar satellite တွေက များသောအားဖြင့် သိပ္ပံသုတေသနအတွက် ပေါ့နော်။ အဲဒီ ဝန်ရိုးစွန်းတွေမှာ ရေတွေခဲနေတာ၊ ရာသီဥတုပြောင်းနေတာ။ အဲဒါအတွက် လေ့လာတဲ့ဂြိုဟ်တုတွေဖြစ်ပါတယ်။
အဲဒီနောက် မိုင် ၁ သန်းလောက်မြင့်တဲ့ လာဂရန့်ချ်ပွိုင့် လို့ခေါ်ပါတယ်။ အဲဒီနေရာမှာလည်း ဂြိုဟ်တုတွေရှိတယ်။ အဲဒီနေရာမှာလည်း Hubble Space တယ်လီစကုတ်ပေါ့နော်။ အဝေးကြည့်မှန်ပြောင်းတွေ တင်ထားတဲ့ဂြိုဟ်တုတွေဆိုလို့ရှိရင် ကမ္ဘာ့မြေမျက်နှာပြင်ရဲ့အထက် အမြင့်ကြီးမှာ တင်ထားရပါတယ်။ အဲဒါ ဘာလဲဆိုလို့ရှိရင် စကြဝဠာတခုလုံးကို လေ့လာတဲ့အတွက်။ ဒီ မြန်မာ Sat 2, Intel Sat 39 ကတော့ ဝေးလံတဲ့၊ အရောက်အပေါက်နည်းတဲ့ဒေသတွေမှာ ဆက်သွယ်ရေး ကောင်းမွန်စွာရဖို့ပေါ့။ အဲဒီအတွက် တင်တာဖြစ်ပါတယ်။
MyanmarSat 2 – Intelsat-39 ကတော့ ဝေးလံတဲ့ အရောက်ပေါက်နဲတဲ့ ဒေသတွေမှာ ဆက်သွယ်ရေး ကောင်းဖို့တင်တာ ဖြစ်ပါတယ်။”
ဒေါက်တာ ပဒေသာတင်ပါ။