သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် စစ်ရေးတင်းမာမှုကြား ဆက်သွယ်ရေးတွေ ပြတ်တောက်


အမ်းမြို့ (Photo: C J)
အမ်းမြို့ (Photo: C J)

အာရက္ခတပ်တော် AA နဲ့စစ်ကောင်စီတို့ကြား တိုက်ပွဲတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ် နေရာတော်တော်များများမှာ ဒီရက်ပိုင်း တယ်လီဖုန်းနဲ့ အင်တာနက်လိုင်းတွေလုံးဝပြတ်တောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ တချိန်တည်းမှာပဲ အမ်း၊ ဂွနဲ့ မောင်တောမြို့ နယ်တွေ မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ ရခိုင်ပြည်နယ်က စစ်ရေးနောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AA တို့ရဲ့ တိုက်ပွဲတွေကြား ဆက်သွယ်ရေး ပြတ်တောက်မှုတွေ ကြုံနေရပြီး ဒီရက်ပိုင်းမှာ ပိုဆိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အထူးသဖြင့်တော့ ရခိုင်မြောက်ပိုင်းက AAသိမ်းပိုက်ထားတဲ့ မြို့နယ်တွေမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ လုံးဝပြတ်တောက်သလောက်ဖြစ်နေပြီး စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာတော့ တယ်လီဖုန်းနဲ့အင်တာနက်လိုင်းတွေ အသုံးပြုနိုင်သေးတဲ့ အခြေအနေပါ။ ဒီရက်ပိုင်းမှာတော့ တိုက်ပွဲ ဖြစ်ပွားတာမရှိသေးတဲ့ရခိုင်ပြည်နယ် တောင်ပိုင်းက မာန်အောင်၊ ကျောက်ဖြူ နဲ့ တောင်ကုတ် စတဲ့မြို့နယ်တွေမှာကို တယ်လီဖုန်းနဲ့ အင်တာနက်လိုင်း တွေ ဒီရက်ပိုင်း ပြတ်တောက်သွားပါတယ်။

မာန်အောင်မြို့နယ်မှာ တယ်လီဖုန်းနဲ့အင်တာနက်လိုင်းတွေ လုံးဝပြတ်တောက်နေတာ ၄ရက် လောက်အထိ ရှိနေပြီး အဆက်သွယ်ပြတ်တောက်သလောက်ဖြစ်နေတယ်လို့ ရန်ကုန်ကို ရောက်နေတဲ့ မာန်အောင်ဒေသခံတဦးကပြောပါတယ်။

“ကျနော်တို့ မာန်အောင်ဆိုရင် ဖုန်းခေါ်လို့မရတာ ၄ရက်လောက် ရှိပြီပေါ့နော်၊အရင်ကတော့ မြို့ပေါ်ရပ်ကွက်တွေ ရခဲ့သေးတယ်၊ မနေ့က စပြီးတော့မှ ကျနော်တို့ မြို့ပေါ်ရပ်ကွက် တွေကိုလည်း ဆက်လို့မရတော့ဘူးပေါ့နော်၊ ဆိုတော့ ဖုန်းခေါ်လို့မရတဲ့ အထဲ ကောလဟ လသတင်းတွေလည်း ထွက်နေတော့ ဒီမနက်ပိုင်းမှာဆိုရင် မာန်အောင်ဘက်ကို ဗုံးကြဲခံရတယ် ဘာညာ အဲလို သတင်းတွေ ထွက်နေတယ်ဆိုတော့ စိုးရိမ်စိတ်လည်းများတယ်။ ဖုန်းတွေ ကလည်း ခေါ်မရ ဖုန်းလိုင်းကတော့ မနေ့က မနက်ပိုင်းကတည်း ပြတ်သွားတာ ဘာကြောင့်ပြတ်သွားတယ်ဆိုတာတော့မသိဘူး။ ”

ကျောက်ဖြူမြို့နယ်ဘက်မှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက် စနေ့ကတည်းက ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတယ်လို့ ရန်ကုန်ကို ရောက်နေတဲ့ ကျောက်ဖြူမြို့နယ်က ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။

“ သောကြာနေ့အထိတော့ ဖုန်းလိုင်းရသေးတယ်၊ စနေနေ့ကစပြီးတော့ ဒီနေ့အထိဖုန်း လိုင်းတွေမရသေးဘူး၊ လိုင်းကတော့ ဘာဖြစ်လို့မရတာလည်းတော့မသိဘူး၊ တချို့ကလည်း တာဝါတိုင်တွေ ဗုံးကြဲခံရလို့ မရတော့တာလို့ မရတာလို့ပြောတယ်ဘာကြောင့်မှန်းတော့ အဲဒီဘက်ကို ဆက်လို့မရတော့ မသိဘူး။ ဖုန်းလိုင်းရတုန်းကတော့ ဘာမှမဖြစ်ဘူး အဲဒီမှာ။အခုမှ ဘာဖြစ်လို့ မရတော့တာလည်းဆိုတာတော့ မသိဘူး။”

ဒါ့အပြင် ကျောက်ဖြူမြို့နယ်ဘက်မှာဖုန်းလိုင်းမရတဲ့ အပြင် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေရှိတယ်လို့ သတင်းတွေ ထွက်ပေါ် နေတာကြောင့်မိသားစုဝင်တွေကို စိုးရိမ်နေရတယ်လို့ ပြည်မရောက် ကျောက်ဖြူဒေသခံ တဦးကပြောပါတယ်။

“ ကျောက်ဖြူမှာ ဖုန်းလိုင်းတွေ ဆက်မရတော့ ဆွေမျိုးတွေ မိတ်ဆွေတွေ အကိုနဲ့ အဖေ့ကို လည်း အရမ်းစိတ်ပူတယ်။ ပြီးတော့ ကျောက်ဖြူမှာလည်း လက်နက်ကြီးတွေ ကျတယ်ဘယ် နေရာကကျလို့ ကျမှန်းလည်းမသိဘူး ခံစားချက်လည်းမကောင်းဘူး။”

အမ်း၊ ဂွနဲ့ မောင်တောမြို့နယ်တွေမှာတော့ အာရက္ခတပ်တော်AAဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ အကြီး အကျယ်ပြင်း ထန်နေတာပါ။ ရခိုင်တောင်ပိုင်းက ဂွမြို့နယ်မှာဆိုရင် AAထိုးစစ်ဟာ ဂွမြို့နဲ့ မိုင် ၂ဝလောက်အကွာ ကိုရောက်ရှိနေပြီး နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ စစ်ကောင်စီဘက်ကတော့ ကြည်း၊ရေ၊ လေ ပူးပေါင်းပြီးတော့ အပြင်းအထန်ခံနေတာပါ။

တဆက်တည်းမှာပဲ အာရက္ခတပ်တော်AAအနေနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနတည်ရှိတဲ့ အမ်းမြို့အဝင်က စစ်ကောင်စီရဲ့ ခမရ ၃၇၃တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေသလို ဒေသခံတွေလည်း ဘေးလွတ်ရာတွေကို ထွက်ပြေးနေကြရတာပါ။ မောင်တောမြို့နယ်ကိုလည်း သိမ်းပိုက်နိုင်ရေးလည်း AAဘက်က အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေသလို စစ်ကောင်စီကဘက်က လေကြောင်းပစ်ကူတွေနဲ့ အပြင်းအထန် တုံ့ပြန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်က စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီကတော့ တစုံတရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီအနေနဲ့ မကြာခဏဆိုသလို လေကြောင်းကနေ ဗုံးကြဲနေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေလည်း တိုးလာနေတာပါ။ ဒီလအတွင်းမှာလည်း စစ်ကောင်စီလေ ကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၃ဝကျော် သေဆုံးပြီး ၅ဝဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဒေသခံတွေနဲ့ အကဲခတ်တွေက မှတ်တမ်းတင်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG