သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီနဲ့ KIA ကြား ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွား


ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ်ရုံးစိုက်ရာ ကချင်ပြည်နယ် လိုင်ဇာမြို့ကို Google Earth မြေပုံမှ တွေ့ရစဉ်
ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ်ရုံးစိုက်ရာ ကချင်ပြည်နယ် လိုင်ဇာမြို့ကို Google Earth မြေပုံမှ တွေ့ရစဉ်

ကချင်အမျိုးသား လွတ်မြောက်ရေးတပ် KIA ဌာနချုပ် လိုင်ဇာအနီး မိုးမောက်မြို့နယ် အတွင်း ဒီရက်ပိုင်း တိုက်ပွဲတွေကြောင့် ဗန်းမော်-မြစ်ကြီးနားလမ်းကို မသုံးဖို့ KIA က ဒီကနေ့ သတိပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က တနင်္ဂနွေနေ့အထိ နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အနီးအနား ကျေးရွာမှာ လက်နက်ကြီးကျည် ကျတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။ တချိန်တည်းမှာပဲ ရှမ်းမြောက်ဒေသက ကွတ်ခိုင်ဘက်မှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ အကြောင်း ကိုခင်မောင်စိုးမင်း က စုစည်း တင်ပြထားပါတယ်။

KIA ဌာနချုပ် လိုင်ဇာအနီးမှာ ဒီလ၃ ရက်နေ့က စလို့ စစ်ရေးပဋိပက္ခတွေ ပြန်လည် စတင်လာခဲ့ပြီးတဲ့နောက် မြစ်ကြီးနား- ဗန်းမော်လမ်း တကြောမှာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်လာနေတာပါ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်အနီးက စစ်ကောင်စီတပ်စခန်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်တာတွေ ရှိခဲ့ပြီး အနီးနား နောင်ဝမ့်ရွာအတွင်း လက်နက်ကြီး ကျည်ကျတာရှိတယ်လို့ ဒေသခံတဦးက VOA ကိုအခုလိုပြောပါတယ်။

“မနေ့ကတော့ လက်နက်ကြီးတွေ ဒီကနေထုနေတာလေ။ လက်နက်ကြီးက မဒီးယန်၊ ခရာဘက်နော။ အဲဒီဘက်မှာ တိုက်ပွဲဖြစ်လို့ ဒေ့ါဖုန်းယန်ကနေ ထုပေးတယ်။ ဒီမနေ့က၈နာရီ၊၉နာရီလောက်မှာ နောင်ဝမ့်ဆိုတဲ့ကျေးရွာနော။ အဲဒီမှာ လက်နက်ကြီးကျည်သွားကျတာပေါ့။ အိမ်ဝန်းထဲမှာ။ အဲဒီရွာက ခနခနဖြစ်တော့ အခုကဒေါ့ဖုန်းယန်မှာ IDP အနေနဲ့လာနေဖို့ ပြင်ဆင်နေတုန်းပေါ့။ ”

နောင်ဝမ့်ကျေးရွာဟာ ဒေါ့ဖုန်းယန်နဲ့ တမိုင်အကွာလောက်မှာ ရှိပါတယ်။ အနီးနားက ဟန်ကိုင်တောင်ကုန်းမှာ စစ်ကောင်စီတပ် အခြေစိုက်ထားပြီး အဲဒီတပ်စခန်းက နေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျေးရွာ အတွင်းကိုလက်နက်ကြီးကျည် ကျတာနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာနေတာကြောင့် ဒိန်ဂါယန်ကျေးရွာက ဒေသခံတွေလည်း ဒေ့ါဖုန်းယန်ကို တိမ်းရှောင်နေကြရပါတယ်။ ဒေါ့ဖုန်းယန်ကို တိမ်းရှောင်လာသူဟာ နောင်ဝမ့်နဲ့ ဒိန်ဂါယန် ၂ ရွာပေါင်း လူ၂၀၀လောက် ရှိကြောင်းလည်း ပြောပါတယ်။

အခြားမိုးမောက်ဒေသခံ တဦးကတော့ အူထာယန် အိမ်ထောင်စု ၁၀ စု ခန့်ဟာ နွမ်လန်းရွာကို တိမ်းရှောင်နေရသလို နားလုံနဲ့ တုန်ဟုန်းယန်ရွာက ဒေသခံတွေကတော့ ဗန်းမော်မြို့ကို တိမ်းရှောင်နေကြောင်း ပြောပါတယ်။ ဒီနေ့မှာတော့ မန္တလေးဘက်က ရေကြောင်းက တက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ မိုးမောက်မြို့နယ် မြို့သစ်ကနေ နမ့်ဆန်ယန်ဘက်ကို သွားဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းကြောင့် KIA ကဗန်းမော်-မြစ်ကြီးနားလမ်းကို အသွားအလာ ပိတ်လိုက်ကြောင်း မိုးမောက်ဒေသခံက အခုလိုဆက်ပြောပါတယ်။

“ဒီမနက်က ဟိုတောင်ပေါ်က ဟာတွေက နွမ်လန်းကနေ အထက်မှန်လုံကားတွေ၊ ကားအသေး အိမ်စီးကားပဲဖြစ်ဖြစ် မမောင်းရဘူးလို့ ဒီမနက် သူတို့ပြန်ကြေညာပြီလေ။ ကြေညာတယ်ဆိုတာက သတိပေးတာပေါ့။ အဲဒါဒီကနေ့မနက်မြို့သစ်မှာ ၁၂ ဘီးကားနဲ့ တင်ထားတာတဲ့ ရဲဘော်တွေကို။ အဲဒါကို အိမ်စီးကား မှန်လုံတွေနဲ့ ဟိုဘက် အထက်ပြန်ပို့မှာပေါ့။ အဲဒါကြောင့်မို့ အခုဟိုအိမ်စီးကားပဲဖြစ်ဖြစ် မြင်ရင် မြင်တဲ့ ကားအားလုံး ပစ်မယ်လို့ သူတို့က အဲလိုပြောထားတယ်။ ”

လိုင်ဇာအနီး ပတ်ဝန်းကျင်ဒေသမှာ နေ့စဉ်ဆိုသလို တိုက်ပွဲတွေဖြစ်နေပြီး သောကြာနေ့ညပိုင်းကလည်း လိုင်ဇာမြို့အနီးမှာ လက်နက်ကြီး ၃လုံးကျရောက်ပေါက်ကွဲခဲ့ပါတယ်။ လိုင်ဇာဒေသတဝိုက်မှာ စစ်ရေးတင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ KIA အကြားတိုက်ပွဲဖြစ်ပွားနေပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်သားတချို့ကို လိုင်ဇာမြို့တနေရာမှာတွေ့ရစဉ် (၂၀၁၃ ခုနှစ်)
ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်သားတချို့ကို လိုင်ဇာမြို့တနေရာမှာတွေ့ရစဉ် (၂၀၁၃ ခုနှစ်)

မနေ့က၁၆ရက်နေ့ တရက်တည်းမှာတင် ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲ ၂ ကြိမ်ဖြစ်ခဲ့ကြောင်း ကွတ်ခိုင်မြို့ခံတစ်ဦးက ပြောပါတယ်။

“ မနေ့တုန်းကတော့ ဒီကွတ်ခိုင် မူဆယ်အတက်လမ်းပေါ့။ အဲဒီဘက်တွေမှာဖြစ်တယ်။ ရှုခင်းသာအကျော်၊ ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြားက နမ့်ဖလွန်းရွာ၊တောထဲမှာပေါ့။ ဖာခေတ်နဲ့ နီးတာပေါ့။ တော်တော်ကြာကြာလေးထိဖြစ်တယ်။ ဟိုမုံး အဲဒီဘက်မှာလည်းဖြစ်တယ်လို့ ပြောတယ်။ အဲဒီဘက်မှာက ဟိုမုံးနဲ့ နမ့်ခိုင်တံတားကြားလေးမှာ။ ဒီနေ့ကွတ်ခိုင်မှာကျတော့ ကွတ်ခိုင်မြို့အပြင်ပေါ့။ ကွတ်ခိုင်အဝင်ပေါ့။ အဲဒီဘက်တွေမှာ ပြည်သူ့စစ်တွေ အတော်များများနဲ့ စစ်ကောင်စီအဖွဲ့တွေက လုံခြုံရေးတွေ ချထားတာ တွေ့တယ်။ ကင်းပုန်းစောင့်နေတာ တော်တော်များများ တွေ့ရတယ်။”

ကွတ်ခိုင်မြို့နယ်မှာ ဒီလအတွင်း စစ်ကောင်စီနဲ့ KIA အကြား အနည်းဆုံး တိုက်ပွဲ ၆ ကြိမ်ခန့်ဖြစ်ပွား ခဲ့ပါတယ်။ ဒေသတွင်း သတင်းမီဒီယာတွေ ကတော့ ကချင်နဲ့ ရှမ်းမြောက်ဒေသ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က အထိအခိုက် အကျအဆုံး များကြောင်း ဖော်ပြတာတွေရှိပေမဲ့ သီးခြား အတည်ပြုချက်တော့ မရပါဘူး။ လက်ရှိ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းခေါ်ဆိုလို့ မရခဲ့သလို ဒီတိုက်ပွဲ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာတော့ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG