သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖလမ်း-ဟားခါးအကြား စစ်ကောင်စီယာဉ်တန်း ချင်းကာကွယ်ရေးအဖွဲ့တွေ ဖျက်စီး


ကလေးမြို့ကနေ ဟားခါကိုလာတဲ့စစ်တပ်ယာဉ်တန်း ယာဉ်အားလုံးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်မတော် (CNA) ကထုတ်ပြန် (ဧပြီ၊ ၂၀၂၃)
ကလေးမြို့ကနေ ဟားခါကိုလာတဲ့စစ်တပ်ယာဉ်တန်း ယာဉ်အားလုံးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်မတော် (CNA) ကထုတ်ပြန် (ဧပြီ၊ ၂၀၂၃)

စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ဟားခါးမြို့ကို သွားတဲ့ စစ်တပ်ယာဉ်တန်းနဲ့ ချင်းကာကွယ်ရေး အဖွဲ့တွေကြား တိုက်ပွဲတွေ တောက်လျှောက်ဖြစ်ခဲ့ပြီး စစ်တပ်ယာဉ်တန်း အားလုံးကို ဖျက်ဆီးခဲ့တယ်လို့ ချင်းအမျိုးသားတပ်မတော် (CNA) ဘက်က ဒီနေ့ ပြောကြားပါတယ်။ မင်းတပ်ဘက်မှာဆိုရင်လည်း ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်တပ်တို့ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ချင်းပြည်နယ်က တိုက်ပွဲတွေ အကြောင်းကို သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုစံကျော်က ပြောပြပါမယ်။

ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ထဲက ကလေးမြို့ကနေ ကုန်တင်ယာဉ်တွေအပြင် စစ်သုံး သံချပ်ကာကားတွေ ပါဝင်တဲ့ အစီး ၃၀ နီးပါးရှိတဲ့ ယာဉ်တန်းဟာ ဟာခါးမြို့ကိုအသွား ဖလမ်းမြို့နဲ့ ဟားခါးမြို့ကြားမှာ ချင်းကာကွယ်ရေးအဖွဲ့တွေနဲ့ နေ့စဉ်နီးပါး တိုက်ပွဲတွေ တောက်လျှောက် ဖြစ်နေခဲ့တာပါ။

ဖလမ်းနဲ့ ဟားခါးအကြား မိုင် ၄၀ နီးပါးကွာဝေးပြီး ကားနဲ့ ၄ နာရီခန့်သာ မောင်နှင်ရတဲ့ ဒီလမ်းပိုင်းမှာ စစ်တပ်ရဲ့ယာဉ်တန်း ဖြတ်သန်းနေတာ အခုဆိုရင် ၁ လကျော် ကြာမြင့်နေပြီး အဲ့ဒီယာဉ်တန်းကို ချင်းကာကွယ်ရေး အဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။ အခုအခါမှာတော့ စစ်သုံးသံချပ်ကာ ကားတွေအပြင် စစ်တပ်ရဲ့ ယာဉ်တန်း အားလုံးကို ဖျက်ဆီးပစ်လိုက်နိုင်တယ်လို့ ချင်းအမျိုးသားတပ်မတော် (CNA) ပြောခွင့်ရ ဆလိုင်းထက်နီက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ဟားခါးကိုတက်လာတဲ့ ယာဉ်တန်းကတော့ ပြီးခဲ့တဲ့မတ်လ ကလေး(မြို့)ကနေ ထွက်လာတယ်။ ကလေးနဲ့ ဟားခါး ၁ ရက်ခရီးကို ၁ လ အတွင်းမှာ အဲ့ဒီ့လမ်းတလျှောက် ၂ ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖော်ဆောင်ပြီး အဲ့ဒီ့ယာဉ်တန်းက၊ စစ်ကောင်စီ အင်အား ၂၀၀ ပါတဲ့ ယာဉ်တန်းက ယာဉ်စုစုပေါင်းကတော့ တင့်ကား ၂ စီးနဲ့ မြေထိုးစက်အပါအဝင် အရပ်သုံး ၁၂ ဘီးကားနဲ့ ၆ ဘီးကားဆိုပြီး ၃၀ ပါတယ်။ အခုနောက်ဆုံးလက်ရှိ အဲ့ဒီယာဉ်တန်းတခုလုံးကို ကျွန်တော်တို့ ဖျက်ဆီး ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဟားခါးနဲ့ ၅ မိုင်ပဲဝေးတဲ့ ချွန်ကျုံးရွာထဲမှာပဲ အားလုံးက ဖျက်ဆီးနိုင်ခဲ့တယ်ပေါ့။ ပြီးတော့ သူတို့ပါလာတဲ့ စစ်သုံးယာဉ်တွေအားလုံးကို ဖျက်ဆီးနိုင်ခဲ့တယ်ပေါ့၊ မြေပြင် သတင်းအရ။”

လူအင်အား ၂၀၀ ပါတဲ့ စစ်ယာဉ်တန်းမှာ အင်အား ၃၀ လောက်သာ ကျန်တယ်လို့ ဆိုပါတယ်။ ဒါနဲ့ပါတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးသလို၊ ဗီအိုအေဘက်ကလည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။ ချင်းသတင်းမီဒီယာတွေမှာဖော်ပြတဲ့ ကောင်းကင်က ဒရုန်းနဲ့ ရိုက်ယူထားတဲ့ ဓာတ်ပုံတွေမှာတော့ စစ်တပ် သယ်ဆောင်လာတဲ့ ရိက္ခာတွေဟာ လမ်းပေါ်ပြန့်ကျဲနေပြီး ယာဉ်အချို့ မီးလောင်ထားတာတွေကိုလည်း တွေ့ရှိရပါတယ်။ ဟားခါးကနေ စစ်ကူပေးဖို့ တက်တာတဲ့ စစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ CNA ဘက်ကပြောပါတယ်။ စစ်တပ်ဘက်က လက်နက်ကြီးတွေ ပစ်ခတ်တာတွေ အပြင် ဝေဟင်ကနေ လေယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်တာတွေ အဆက်မပြတ် လုပ်နေတယ်လို့လည်း ပြောပါတယ်။

မင်းတပ်မြို့ဘက်မှာဆိုရင်လည်း စစ်တပ်နဲ့ ချင်းကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ CDF မင်းတပ်အဖွဲ့တို့ တိုက်ပွဲတွေ ရှိနေပြီး စစ်တပ်ဘက်က လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ ဧပြီ ၇ ရက်မှာ ဆောမြို့နဲ့ မင်းတပ်မြို့ကြားမှာ ကာကွယ်ရေး တပ်ပေါင်းစုတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဧပြီ ၈ ရက်မှာ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ ဧပြီ ၁၁ ရက်မှာတော့ မင်းတပ်မြို့အနောက်ဖက် ၉ မိုင်မှာလည်း ချင်းကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လေကြောင်းက တိုက်ခိုက်တာတွေ လုပ်ခဲ့လို့ နေအိမ်အဆောက်အဦးတွေ ပျက်စီးခဲ့ပါသေးတယ်။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ CDF မင်းတပ်ရဲ့ သတင်း ပြန်ကြားရေးနဲ့ မှတ်တမ်းဌာနက တာဝန်ရှိသူ တဦးက အခုလို ပြောပါတယ်။

“မင်းတပ်မြို့ အနောက်ဖက်မှာလည်း ကျွန်တော်တို့ ဆက်ပြီးတော့မှ ၉ မိုင်ဘက်မှာ ထိတွေ့မှုတွေ၊ CDF မင်းတပ်နဲ့ စကစ ထိတွေ့မှုတွေ ရှိတယ်။ ၁၁ ရက်နေ့မှာ စကစ ဘက်က လေကြောင်းနဲ့ ပြင်းပြန်းထန်ထန် ဂျက်ဖိုက်တာ ၂ စီးနဲ့ လာတိုက်ခိုက်တာရှိတယ်။ အဲ့မှာတော့ ကျွန်တော်တို့ ပန်းပါ ဆိုတဲ့ ရွာအနီးမှာ ထိခိုက်မှုတွေရှိတယ်။ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်ခြေ၊ လူနေအိမ် ၁ လုံး ပျက်စီးသွားတာရှိတယ်။ ဒီဘက်ကတော့ ထိခိုက်တာ ကျဆုံးမှုတွေ ဘာမှမရှိဘူး။ အရပ်သားပြည်သူတွေနေထိုင်တဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းနဲ့ တိုက်ခိုက်တယ်လို့ပဲ ကျွန်တော်တို့ သုံးသပ်ပါတယ်ခင်ဗျ။”

စစ်တပ်ဘက်က တပ်အင်အားဖြည့်တင်းနေပြီး ဆက်ပြီး စစ်ကြောင်းထိုးတာတွေ ရှိလာနိုင်တာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တယ်လို့ ကာကွယ်ရေး အဖွဲ့တွေဘက်က ပြောပါတယ်။ ချင်းပြည်နယ်အတွင်းက တိုက်ပွဲတွေအပြင် လေကြောင်းတိုက်ခိုက်တာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က အခုချိန်ထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

{Unicode}









XS
SM
MD
LG