သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အခွန်ထပ်ချရင် ဆွေးနွေးပွဲမတက်ဘူးလို့ တရုတ်ပြော


Trump အစိုးရအဖွဲ့က တရုတ်ကုန်ပစ္စည်းတွေအပေါ် နောက်ထပ် အခွန်တိုးကောက်ခံမှုတွေလုပ်မယ်ဆိုရင် ဒီလကုန်မှာ ကျင်းပဖို့လုပ်နေတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုတွေမှာ တရုတ်က မပါဝင်ဘဲနေဖို့ ဖြစ်လာနိုင်တယ်လို့ တရုတ်အရာရှိတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး တနင်္ဂနွေနေ့ထုတ် Wall Street Journal မှာ ဖော်ပြထားပါတယ်။

ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုလုပ်ဖို့ အမေရိကန်ပြည်ထောင်စုက အဆိုပြုထားပေမယ့် အမေရိကန်ဒေါ်လာ ဘီလျံ ၂၀၀ ဖိုး တရုတ်ကုန်ပစ္စည်းတွေ အပေါ် အမေရိကန်က နောက်ထပ်အခွန်ကောက်ခံဖို့ စီစဉ်နေတာ ဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။

ခေါင်းမှာ သေနတ်တေ့ပြီး ညှိနှိုင်းတာမျိုး တရုတ်နိုင်ငံက လုပ်မှာမဟုတ်ဘူးလို့ တရုတ်အကြီးတန်းအရာရှိတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရေးသားထားတာ ဖြစ်ပါတယ်။ တရုတ်ခေါင်းဆောင်တွေကို အကြံပေးနေတဲ့ တခြားအရာရှိတွေကတော့ တရုတ်က အမေရိကန် ကုမ္ပဏီတွေလိုအပ်တဲ့ ကုန်ပစ္စည်းတွေ တင်ပို့မှုကို ကန့်သတ်ပြီး ခြိမ်းခြောက်ဖို့ အကြံပြုနေတယ်လို့ဆိုပါတယ်။

နောက်ထပ် ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုကို စက်တင်ဘာလ ၂၀ လောက်မှာ စတင်ဖို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin က အဆိုပြုထားတာ ဖြစ်ပါတယ်။

တရုတ်က ဒီဆွေးနွေးပွဲကိုတက်ဖို့ အစီစဉ်တွေ စတင်လုပ်ဆောင်ခဲ့ပေမယ့် ဒီသီတင်းပတ်ထဲမှာ အမေရိကန်ဘက်က နောက်ထပ် အခွန်ကောက်ခံမှုတွေ လုပ်လာနိုင်ခြေ ရှိနေတာမို့ ဒီဆွေးနွေးပွဲကို တက်ဖို့ မတက်ဖို့ စပြီး ပြန်စဉ်းစားလာတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG