သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲခေါင်မြစ်တွင်း တရုတ်နိုင်ငံသားတွေ အသတ်ခံရမှု မြန်မာလက်နက်ကိုင်အဖွဲ့ သံသယရှိ


မဲခေါင်မြစ်တွင်း တရုတ်နိုင်ငံသားတွေ အသတ်ခံရမှု မြန်မာလက်နက်ကိုင်အဖွဲ့ သံသယရှိ
မဲခေါင်မြစ်တွင်း တရုတ်နိုင်ငံသားတွေ အသတ်ခံရမှု မြန်မာလက်နက်ကိုင်အဖွဲ့ သံသယရှိ

မြန်မာနိုင်ငံနယ်စပ် ရွှေတြိဂံဒေသက မဲခေါင်မြစ်အတွင်းမှာ အမည်မသိ လက်နက်ကိုင်တွေရဲ့ ပစ်ခတ်မှုကြောင့် တရုတ်သင်္ဘောသား အနည်းဆုံး ၁၀ ယောက် သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေဟာ တရုတ်ကုန်တင် သင်္ဘောနှစ်စင်းအပေါ်မှာ လိုက်ပါသူတွေဖြစ်ပြီး သူတို့ရဲ့ ရုပ်အလောင်းတွေကို ထိုင်းနိုင်ငံ ချင်းစန်မြို့အနီး မဲခေါင်မြစ်အတွင်းမှာ တွေ့ရတာပါ။ ဒီသတ်ဖြတ်မှုကို မြန်မာပြည်မှာ အခြေပြုလှုပ်ရှားနေတဲ့ မူးယစ်ဆေး မှောင်ခိုအဖွဲ့တစ်ခုက လုပ်ဆောင်တာဖြစ်နိုင်ကြောင်း တွက်ဆပေမဲ့ လတ်တလော စုံစမ်းနေဆဲဖြစ်ပါတယ်။ ဒီသတင်းကို ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာ၊ ထိုင်းနဲ့ လာအို သုံးနိုင်ငံ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရွှေတြိဂံဒေသက မဲခေါင်မြစ်အတွင်းမှာ တရုတ်ကုန်တင်သင်္ဘောနှစ်စင်း ပြန်ပေးဆွဲခံခဲ့ရာက လိုက်ပါသူတွေ သတ်ဖြတ်ခံခဲ့ရကြောင်း အာဏာပိုင်တွေက အခုနောက်ဆုံး အတည်ပြုလိုက်တာဖြစ်ပါတယ်။

သင်္ဘောကို ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုနောက်ဆုံး သေဆုံးသူတွေရဲ့အလောင်းတွေကို မြစ်အတွင်းမှာ ပြန်တွေ့ခဲ့တာပါ။ တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက်ဟာ အနည်းဆုံး ၁၀ ယောက်ကျော် ရှိတယ်လို့ ဒေသခံ မြန်မာအာဏာပိုင်တွေနဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။

“အဲဒါ ၅ ရက်နေ့ကဖြစ်တာ။ တရုတ်သင်္ဘော။ အလောင်းတွေက တစ်လောင်းက သင်္ဘောထဲမှာ။ ၉ လောင်းက ရေထဲမှာ။ အခု တစ်လောင်း ပျောက်နေတယ်တဲ့။ အပြား ၉ သိန်းတွေ့တယ်။ သင်္ဘောထဲမှာ။”

ဒီနေ့ထုတ်ပြန်တဲ့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနရဲ့ အင်တာနက် စာမျက်နှာမှာတော့ တရုတ်ကုန်တင် သင်္ဘောနှစ်စင်းမှာ လိုက်ပါလာတဲ့ တရုတ်သင်္ဘောသား ၁၃ ယောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေက အတည်ပြုကြောင်း ဖော်ပြပါတယ်။

လက်ထိပ်နောက်ပြန် ခတ်ခံထားရတဲ့ တရုတ်အမျိုးသား ၃ ဦးရဲ့အလောင်းကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းစန်ခရိုင်က မဲခေါင်မြစ်အတွင်းမှာ သောကြာနေ့က တွေ့ခဲ့ပြီး နောက် ၉ လောင်းကိုတော့ စနေနေ့မှာ တွေ့ရတယ်၊ ဒီ ၉ ယောက်မှာ အများစုက လက်ထိပ်ခတ်ခံထားရသလို မျက်လုံးတွေကိုလည်း တိပ်နဲ့ပိတ်ထားကြောင်း ဖော်ပြပါတယ်။ နောက်ဆုံး တစ်ယောက်ကိုတော့ တနင်္လာနေ့ မနက်အစောပိုင်းမှာ တွေ့တာဖြစ်ပါတယ်။

ထိုင်းအာဏာပိုင်တွေက ဒီသတ်ဖြတ်မှုဟာ မဲခေါင်မြစ်အတွင်း သင်္ဘောတွေဆီကနေ ဆက်ကြေး ကောက်နေတဲ့ မြန်မာနိုင်ငံက နော်ခမ်းဦးဆောင်တဲ့ မူးယစ်ဆေးမှောင်ခိုအဖွဲ့ လက်ချက်ဖြစ်တယ်လို့ သံသယရှိကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့က ဒီတရုတ်သင်္ဘောနှစ်စင်းကို ချင်းစန်ခရိုင်အတွင်း ထိုင်းစစ်တပ်က တားမြစ်ရာမှာ သင်္ဘောပေါ်ပါလာသူတွေက သေနတ်နဲ့ ပြန်လှန်ပစ်ခတ် ခဲ့တာကြောင့် မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်ခဲ့တယ်။ ဒါ့အပြင် ဒီသင်္ဘောနှစ်စင်းပေါ်က စိတ်ကြွဆေး ၉ သိန်း သိမ်းဆည်း ရခဲ့တယ်လို့ဆိုပါတယ်။ ဒါဟာ မူးယစ်ဆေးမှောင်ခိုအဖွဲ့က သင်္ဘောသားတွေကို သတ်ပြီး မူးယစ်ဆေး သယ်ဆောင်လာတာ ဖြစ်နိုင်တယ်လို့ ထိုင်းအာဏာပိုင်တွေက သုံးသပ်ထားပါတယ်။

ရှမ်းပြည်နယ်တွင်းကသတင်းတွေကို စောင့်ကြည့်ဖော်ပြနေတဲ့ ပြည်ပအခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနရဲ့ အယ်ဒီတာ ဦးခွန်ဆိုင်းကတော့ အခုတိုက်ခိုက်မှုဟာ ဒီအဖွဲ့ရဲ့ လက်ချက်ဖြစ်မယ်လို့ ယုံကြည်စရာအကြောင်းတွေ ရှိနေတယ်လို့ ပြောပါတယ်။

“ကျနော်တို့မှာရှိတဲ့ သတင်းတွေအားလုံးကို ကြည့်လိုက်ရင် ဒီဥစ္စာဟာ စိုင်းနော်ခမ်းရဲ့ လက်ရာပဲလို့ ပြောယုံကလွဲပြီးတော့ ဒီ့အပြင် ဘယ်အဖွဲ့ကိုမှ လက်ညှိုးထိုးလို့ မရဘူးပေါ့ အခုလောလောဆယ်က။ သို့သော်လည်း အရင်တုန်းက စိုင်းနော်ခမ်းက ဖြတ်သွားဖြတ်လာလုပ်နေတဲ့ လှေတွေ၊ ကုန်တင်လှေတွေက သူ့ဆီမှာ အခွန်ဆက်ရတယ်။ ဒီလိုမျိုးပေးရင် သူက အခွင့်ပေးတယ်။ မပေးရင် တိုက်တယ်။ ဒါပေမဲ့ ဒီတခေါက်ကျတော့ လှေတွေက ပေးဆောင်ရပါတယ်တဲ့။ ဘာဖြစ်လို့ ဒီလို လုပ်တာလဲတဲ့။ ဒီမေးခွန်းရှိပါတယ်။”

လောလောဆယ်မှာတော့ ထိုင်းရဲတပ်ဖွဲ့က ဒီအမှုကို စုံစမ်းစစ်ဆေးနေပြီး တိုက်ခိုက်သူတွေကို အပူတပြင်း ရှာဖွေနေပါတယ်။ မြန်မာအာဏာပိုင်တွေ ဘက်ကတော့ ဒီအမှုနဲ့ပတ်သက်ပြီး တစုံတရာ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

တရုတ်အစိုးရကတော့ သက်ဆိုင်ရာ အာဏာပိုင်တွေကို တရားခံကို အမြန်ဆုံး ရှာဖွေဖမ်းဆီးပေးဖို့နဲ့ မဲခေါင်မြစ်ကြောင်း လုံခြုံရေးကို ဆောင်ရွက်ပေးဖို့အတွက် တိုက်တွန်းထားပါတယ်။

၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလတုန်းကလည်း လာအိုနဲ့ မြန်မာနယ်စပ် မဲခေါင်မြစ်ထဲမှာ ကင်းလှည့်နေတဲ့ မြန်မာရဲတပ်ဖွဲ့ကို ပစ်ခတ် တိုက်ခိုက်ခံခဲ့ရတာကြောင့် ရဲအုပ်တစ်ယောက် အပါအဝင် ၁၅ ယောက် သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာလည်း မြန်မာအာဏာပိုင်တွေက နော်ခမ်းအဖွဲ့ကို သံသယရှိခဲ့ပေမဲ့ ဖမ်းဆီးနိုင်တာတော့ မရှိခဲ့ပါဘူး။

XS
SM
MD
LG