သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုဥပဒေ ဘယ်လဲဘာလဲ


တရုတ်နိုင်ငံအတွက် ပထမဦးဆုံး ပြည်ပရင်းနှီးမြှုပ်နှံမှု ဥပဒေကို ထိပ်တန်း ဥပဒေပြုအဖွဲ့က ဒီသီတင်းပတ်အတွင်း အတည်ပြုမယ်လို့ မျှော်လင့်ရပါတယ်။ တရုတ်နဲ့ အမေရိကန်တို့ ကုန်သွယ်ရေးသဘောတူညီမှု ရရှိဖို့ ညှိနှိုင်းနေချိန် ပေါ်ထွက်လာမယ့် ဒီဥပဒေဟာ အပြုသဘော ဆောင်တဲ့ ခြေလှမ်းတရပ်ဖြစ်ပေမယ့် ပြီးပြည့်စုံ ကောင်းမွန်ခြင်း မရှိပဲ စိုးရိမ်စရာတွေလည်း ရှိနေတယ်လို့ သုံးသပ်သူတွေက ဆိုနေကြပါတယ်။ VOA သတင်းထောက် Bill Ide ဘေဂျင်းမြို့တော်က ပေးပို့တဲ့သတင်းကို ဦးကျော်ဇံသာ ပြောပြမှာပါ။

တရုတ်နိုင်ငံမှာ နိုင်ငံပိုင်စီးပွားရေးစနစ်ကို ဘယ်လိုဖွင့်ပေးလာမလဲ ၊ ဘယ်လောက် အချိန်မြန်မြန်ဆန်ဆန်ဖွင့်ပေးလာမလဲဆိုတာ ၁၀ စုနှစ်နဲ့ချီပြီး စောင့်စားခဲ့ရပြီးတော့ ဖွင့်ပေးလာတော့လည်း မျှော်လင့်ချက်အတိုင်း ဖြစ်မလာခဲ့ပါဘူး။ အခုပေါ်ထွက်လာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေဆိုတာလည်း ထိုနည်းအတိုင်းဖြစ်ပါတယ်။ ဒီဥပဒေကို တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများအသင်းက ကြိုဆိုလိုက်ပြီး ဒါဟာ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်တိုးတက်အောင် အားထုတ်မှုတရပ်ဖြစ်တယ် နှစ်လိုဖွယ်ရာပဲလို့ ပြောကြပါတယ်။ သို့ပေမယ့် ဒီလောက်အရေးကြီးတဲ့ ဥပဒေကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမယ့်သူတွေ အပါအဝင် သက်ဆိုင်တဲ့ လူတွေအားလုံးနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်းခြင်းမရှိပဲ ပြဌာန်းလိုက်တာဟာ စိုးရိမ်စရာပဲလို့ သူတို့ရဲ ပြဌာန်းချက်မှာ ဖော်ပြထားပါတယ်။ ဒီဥပဒေရဲ့ အစောပိုင်း မူတရပ်ကတော့ ၂၀၁၅ မှာ ထွက်ပေါ်လာခဲ့ပြီး ပြန်လည်သုံးသပ်ရင်း ရပ်ဆိုင်းသွားခဲ့တာပါ။

မကြာသေးမီကမှ ထွက်ပေါ်လာတဲ့ ဒီ ဥပဒေမှာတော့ အသုံးအနှုန်းတွေပိုပြီး ယေဘုယျကျတယ်၊ တိကျ ပြတ်သားမှု လိုအပ်နေတယ် လို့ သုံးသပ်သူတွေဆိုပါတယ်။ ပထမ မူကြမ်းမှာ ကြည့်မယ်ဆိုရင် ပုဒ်မပေါင်း ၁၇၁ ခု ရှိခဲ့ပေမယ့် အခုဥပဒေမှာတော့ ပုဒ်မ ၄၁ ခုပဲ ပါဝင်ပါတော့တယ်။ တချို့ကလည်း ဒါဟာ ဥပဒေကြမ်းကို အတည်ပြုရတာ မြန်ဆန်စေလိမ့်မယ် ၊ တိကျပြတ်သားမှုမရှိပဲ ယေဘုယျဆန်နေလိမ့်မယ် အစိုးရအဖို့ လုပ်ထုံးလုပ်နည်းတွေ ချမှတ်တဲ့နေရာမှာ ပိုပြီး ဖြစ်စေနိုင်တယ်လို့ သုံးသပ်ပါတယ်။

Lester Ross ဟာ တရုတ်ပြည်ဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်း မူဝါဒရေးရာအကြီးအကဲ ဖြစ်ပါတယ်။

"အင်မတန် ယေဘုယျကျတဲ့ပြဌာန်းချက်တွေနဲ့ ရေးဆွဲထားတဲ့ ဥပဒေဖြစ်ပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှု ဘယ်နှစ်ရာခိုင်နှုန်းဆိုတဲ့ အချက်အလက်တွေ မပါပါဘူး။ နောက်စိုးရိမ်စရာအချက်ကတော့ ကုမ္ပဏီ ပူးပေါင်းဆောင်ရွက်တာမျိုးမဟုတ်ပဲ တခြားကုမ္ပဏီ အစုရှယ်ယာ ဝယ်ယူမယ့်ကိစ္စမျိုးမှာတောင် လုံခြုံရေး သုံးသပ် စစ်ဆေးရမယ့် ကိစ္စဖြစ်ပါတယ်။ ဒါတွေက မလိုဘူးလို့ ထင်ပါတယ်။"

ဒီဥပဒေမူသစ်ဟာ အမေရိကန်နဲ့ တရုတ်တို့ ကုန်သွယ်ရေးသဘောတူညီမှုရရှိဖို့အတွက် ကြိုးပမ်းနေချိန်အရှိန်အဟုန်နဲ့ ပေါ်ထွက်လာတာပါ။ နည်းပညာ အတင်းအဓမ္မ လွှဲပြောင်းယူရေးကိစ္စမျိုးကို ဘယ်လိုကိုင်တွယ်မယ်ဆိုတဲ့ ပြဌာန်းချက် ပါရှိပေမယ့် နိုင်ငံပိုင် လုပ်ငန်းတွေအတွက် အစိုးရက အထောက်အပံ့ပေးတဲ့ ကိစ္စမျိုးကိုတော့ ဘယ်လိုဖြေရှင်းမယ်ဆိုတာ ပြောထားခြင်းမရှိပါဘူး။

တကယ်တော့ ဒါဟာ အမေရိကန်နဲ့ ဆွေးနွေးညှိနှိုင်းတဲ့ ကိစ္စတွေကို ဘယ်လိုဖြေရှင်းမယ်ဆိုတဲ့ စနစ်ကို တစိတ်တပိုင်းအားဖြင့်ချမှတ်ထားတာဖြစ်တယ်လို့ တရုတ်ပြည်ဆိုင်ရာ ဥရောပကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Mats Harborn ကဆိုပါတယ်။

"ဒါဟာ ဥပဒေတခုဆိုတာထက် ကျနော်တို့ ပြည်ပရင်းနှီးမြှုပ်နှံသူတွေ ကြားချင်နေကြတဲ့ မှုဝါဒတချို့ကို ဖော်ပြတဲ့အထောက်အထားလည်းဖြစ်ပါတယ်။ အမေရိကန် ဆက်ဆံရေးသမားတွေကို တရုတ်ဘက်က စာနဲ့ ပေနဲ့ ရေးသားပြလိုက်တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် တကယ့်အကောင်အထည်ဖော်လာတော့မှ အခိုင်အမာအတည်ပြုနိုင်မှာပါ။"

နောက်ထပ်စိုးရိမ်စရာတခုကတော့ အမျိုးသားလုံခြုံရေးရှု့ထောင့်က ကျယ်ကျယ်ပြန့်ပြန့်သုံးသပ်မယ်ဆိုတဲ့ ကိစ္စပဲဖြစ်တယ်လို့ ဝါရှင်တန်အခြေစိုက် စီးပွားရေးအတိုင်ပင်ခံ Austin Lowe ကထောက်ပြပါတယ်။ လုံခြုံရေး ဝဘ်ဆိုက်တခုဖြစ်တဲ့ Lawfare မှာ မကြာသေးမီက သူရေးခဲ့တဲ့ ဆောင်းပါးထဲမှာ ပြည်ပ ကုမ္ပဏီများသည် အမျိုးသားလုံခြုံရေး သို့မဟုတ် ပြည်သူလူထု အကျိုးစီးပွားအတွက် အန္တရာယ်မဖြစ်စေရလို့ တရုတ်ဥပဒေမှာ ထည့်သွင်းထားတဲ့ အချက်ဟာ သုံးသပ်သင့်တဲ့ ကိစ္စတခုဖြစ်တယ်လို့ သူကဆိုပါတယ်။

ဆက်လက်ပြီးတော့ ဒီပြဌာန်းချက်တွေဟာ နိုင်ငံတော်နဲ့ တရုတ်ကွန်မြူနစ်ပါတီတို့ အတွက် ရင်းနှီးမြှုပ်နှံရေးကိစ္စတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဝင်စွက်ခွင့်ပေးလိုက်တာ ဖြစ်သလို နိုင်ငံရေးအရ အကဲဆက်တဲ့ ကိစ္စတွေကို ရှောင်ရှားကြဖို့ ပြည်ပရင်းနှီးမြှုပ်နှံ သူတွေကို အချက်ပြလိုက်တာလည်း ဖြစ်တယ်လို့ သူ့ဆောင်းပါးမှာ ရေးသား ထားပါတယ်။

Lester Ross ကတော့ ဒါဟာ အပိုဆောင်းထားတဲ့ အခက်အခဲတခုလိုဖြစ်နေပြီး ဒီအချက်ကို ဘယ်အတိုင်းအတာအထိ ကျင့်သုံးရမယ် ဆိုတာလည်း အကန့်အသတ်မထားရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့် တရုတ်ပြည်ရဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဥပဒေဟာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတခုဖြစ်ပေမယ့် ထိရောက်မှု သိပ်မရှိပဲ စိုးရိမ်ဖွယ်တွေသာ ပေါ်ထွက်လာစေတယ်လို့ ပြောရမှာဖြစ်ကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG