ရခိုင်ပြည်နယ်တွင်း အိုးအိမ်စွန့် ထွက်ပြေးနေရသူတွေအတွက် အသင့်ဆောက်ပြီး အိမ်ယာ အလုံးပေါင်း ၁၀၀ ကို စနေနေ့မှာ တရုတ်အစိုးရက ကျောက်ဖြူဆိပ်ကမ်းမှာ မြန်မာအာဏာပိုင်တွေကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
အိမ်ယာလွှဲပြောင်း ပေးအပ်ပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Hong Liang က ရခိုင်ဒေသတွင်း ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို တရုတ်အစိုးရက ဆက်လက် ကူညီမယ်လို့ ကတိပြုခဲ့ပါတယ်။ ဒေသတွင်း စီးပွားရေး တိုးတက်ဖွံ့ဖြိုးလာအောင် ကျောက်ဖြူ အထူးစီးပွားရေးဇုံ ဖွံ့ဖြိုးရေးမှာ တရုတ်အစိုးရက ကူညီချင်ကြောင်းလဲ ပြောပါတယ်။
သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်တွင်း လုံခြုံရေး ရဲစခန်းတွေကို ARSA အကြမ်းဖက်အဖွဲ့က တပြိုင်နက်ထဲ တိုက်ခိုက်ခဲ့တဲ့အတွက် မောင်တောဒေသခံ အတော်များများ အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရတာပါ။
မြန်မာလူထုအတွက် တရုတ်ရဲ့ ကူညီပံ့ပိုးမှုကို ကျေးဇူးတင်ကြောင်း ဆောက်လုပ်ရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားခဲ့ပါတယ်။
အခု လှူဒါန်းတဲ့ အသင့်ဆောက်ပြီးသား အိမ်ယာ တလုံးမှာ လူ ၈ ဦးစီ နေထိုင်နိုင် မှာဖြစ်ပြီး အနဲဆုံး အနှစ် ၂၀ လောက် သုံးနိုင်မှာဖြစ်ပါတယ်။ အဲဒီ အိမ်ယာတွေဟာ ပြင်းအား ၈ အထိရှိတဲ့ ငလျင်ဒဏ်ကိုလဲ ခံနိုင်မှာ ဖြစ်ပါတယ်။
တရုတ်အစိုးရဟာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတုန်းကလဲ ရေဘေးသင့် ပြည်သူတွေ အတွက် အသင့်ဆောက်ပြီး အိမ်ယာ အလုံးပေါင်း ၁၃၂ လုံးကို လှူဒါန်းခဲ့ပါသေးတယ်။