သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းတောင်ကားလမ်းမြေပြိုမှု ကုန်ဈေးနှုန်းတက်နိုင်ခြေ ဒေသခံတွေစိုးရိမ်


ရေကြီးမြေပြိလို့ မတူပီ - ဟားခါး ကားလမ်းပျက်စီးနေ
ရေကြီးမြေပြိလို့ မတူပီ - ဟားခါး ကားလမ်းပျက်စီးနေ

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ မတူပီ-ဟားခါးလမ်းမ နေရာတချို့ သိပ်မကြာခင်က မြေပြိုပျက်စီးခဲ့ရပြီးတဲ့နောက် သွားလာရေးခက်ခဲနေဆဲဖြစ်သလို ဒီရက်ပိုင်း ကုန်ဈေးနှုန်းတွေ သိသိသာသာတက်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်ကျန်ကုန်စည်တွေပြတ်မသွားခင် အမြန်ဆုံး လမ်းပြန်မပြင်နိုင်ရင်တော့ အခြေအနေ ပိုဆိုးလာနိုင်တယ်လို့လည်း ပြောဆိုကြပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ချင်းပြည်နယ်မှာ အခုလပိုင်းထဲ မိုးရွာသွန်းတဲ့အရှိန်ကြောင့် မတူပီ-ဟားခါး ကားလမ်းမတချို့နေရာတွေမှာ မြေပြိုပြီးလမ်းတွေပျက်စီးခဲ့လို့ ခရီးသွားလာရေး ခက်ခဲနေတာပါ။ မြေပြိုတဲ့လမ်းပိုင်းက မတူပီမြို့အတွက် ကုန်စည်စီးဆင်းတဲ့ အဓိက လမ်းကြောင်းတွေဖြစ်လို့ ကုန်စည်ပြတ်လပ်မှာကို ဒေသခံတွေက အစောပိုင်းကတည်းက စိုးရိမ်ခဲ့ကြတာပါ။ အခုရက်ပိုင်းမှာတော့ မတူပီမှာ စားသောက်ကုန် စျေးတွေတက်လာပါတယ်။ ကုန်စည်ပြတ်တဲ့အခြေအနေအထိ မရောက်သေးပေမဲ့ ပျက်စီးသွားတဲ့လမ်းတွေ အသုံးပြုမရတဲ့ကာလ ကြာလာရင် ပိုပြီး ခက်ခဲလာနိုင်တယ်လို့ မတူပီမြို့ခံတဦးက ပြောပါတယ်။

"ကျနော်တို့ ဒီမတူပီမြို့ကျတော့ ပခုက္ကူ-မင်းတပ်-မတူပီ လမ်းလည်း ရှိတယ်ဆိုတော့ လောလောဆယ် အဲဒီဘက်လမ်းကနေ ကားတွေလာဖို့ ကြိုးစားနေကြပါတယ်။ စျေးနှုန်းတွေကတော့ တော်တော်တော့ တက်တာပေါ့နော်။ ချဉ်ပေါင်ရွက် တစီးကို ၁ ထောင်တို့၊ အဲဒီအနေအထားတွေ ရှိလာတာပေါ့။ အာလူး တပိဿာကို ၄,၀၀၀ ကနေ ၆,၀၀၀ ကြားတွေ၊ အဲလို အနေအထား ရှိလာတယ်။ စျေးကတော့ အရင်ကလည်း ပုံမှန် တက်နေကြပါပဲ။ ဒါပေမဲ့ အခု ဒီကြားထဲမှာတော့ လမ်းပိုင်းမပြိုခင် အရှေ့ပိုင်းမှာ ကုန်ကားတွေ ရောက်ထားတာ ရှိတဲ့အတွက်ကြောင့် အရမ်းကြီး ပြတ်လပ်တဲ့ အပိုင်းတော့ မရှိသေးဘူးပေါ့။ ခါတိုင်းဆိုရင် ကြက်ဥတွေ ဘာတွေ ပြတ်သွားတဲ့အထိ အဲလိုမျိုးတွေ ရှိတယ်။ အခုတော့ အဲလောက်တော့ မဖြစ်သေးဘူးပေါ့။ အရင်ရှိထားတဲ့ ကုန်တွေက အခုထုတ်ရောင်းနေတာ ဆိုတော့ အဲဒါတွေ ပြတ်သွားရင်တော့ ကျပ်တည်းမယ့် အနေအထားတော့ ရှိတာပေါ့။"

မတူပီမြို့ထဲ ကုန်စည် အသွားအလာတွေကို အရင်က မင်းတပ်လမ်းနဲ့ ဟားခါးလမ်းတွေကို အသုံးပြုခဲ့ကြပေမဲ့ တိုက်ပွဲအခြေအနေကြောင့် မင်းတပ်လမ်းမှာ ခရီးသည်ကားတွေပဲ အသွားအလာများပြီး ကုန်စည်အတွက်ကိုတော့ ဟားခါးလမ်းကိုပဲ အဓိက အသုံးပြုလာကြတာပါ။ မတူပီမြို့တွင်းထဲကုန်စည်တွေ သယ်ယူနိုင်အောင် မင်းတပ်လမ်းကို ပြန်ပြီး အသုံးပြုစေချင်တယ်လို့လည်း ဒေသခံက ပြောပါတယ်။

"အရင်ကတည်းက မြေပြန့်နဲ့တောင်ပေါ်နဲ့က ကွာခြားမှုတော့ ရှိတာပေါ့။ မြေပြန့်မှာ တဆဆို တောင်ပေါ်မှာ နှစ်ဆရှိတယ်။ ဒါပေမဲ့ အခုကျတော့ လမ်းပိုင်းတွေ မကောင်းတာရော၊ လမ်းတွေပိတ်နေတဲ့ အပိုင်းတွေရော ကုန်စည်က ၁ ဆကနေ ၅ ဆလောက်အထိ တက်သွားတာမျိုးတွေ ရှိတယ်။

ဒီလမ်းပိုင်းတွေကို အမြန်ဆုံး ပွင့်စေချင်တာပေါ့နော်။ ပခုက္ကူ-မင်းတပ်-မတူပီ လမ်းပိုင်းကို အဓိက ပွင့်စေချင်တာ။ ဘာကြောင့်လဲဆိုတော့ ဟားခါးလမ်းကနေ သွားတဲ့အခါကျတော့ မိုးမရွာဘူး၊ လမ်းမပျက်ဘူးဆိုရင်တောင်မှ ကုန်ကားတွေ ဝင်ဖို့က အနည်းဆုံး တပတ် သို့မဟုတ် တပတ်ထက် ပိုပြီးတော့ ကြာတယ်ပေါ့နော်။ ဒါပေမဲ့ မင်းတပ်-မတူပီ လမ်းကျတော့ လာလို့ရှိရင် ၂ ရက် သို့မဟုတ် ၃ ရက်နဲ့ ရောက်တယ်ပေါ့နော်။ ဒီဘက်လမ်းက လမ်းလည်း ကောင်းတယ်။ သွားလာရတာလည်း ပိုပြီးတော့ အဆင်ပြေတယ်ပေါ့။"

သွားလာရေး အခက်အခဲကြောင့် မတူပီမြို့နယ်မှာ ကုန်စျေးနှုန်းက တခြားနေရာတွေနဲ့နှိုင်းယှဉ်ရင် စျေးပိုကြီးပါတယ်။ ရာသီဥတုကြောင့် လမ်းပျက်စီးပြီး သွားမရတဲ့ရက်အတွင်းမှာ စက်သုံးဆီစျေးနှုန်းက ရေသန့်တလီတာဘူး တဘူးကို ၅ ထောင်အထိ ပေးဝယ်နေရတယ်လို့ မတူပီဒေသခံ နောက်တဦးက ပြောပါတယ်။

"အခု လမ်းပျက်ပြီးနောက်ပိုင်း ဓာတ်ဆီက ရေသန့်ဘူး တဘူးကို ၄ ထောင်နဲ့ ဝယ်နေကြရတယ်။ ၅ ထောင်စျေးအထိ ရှိတယ်။"

ချင်းပြည်နယ်မှာ မိုးကြီးပြီး တောင်ကျရေလျှံလို့ ကားလမ်းမြေပြိုတာနဲ့ လမ်းပိုင်း ပျက်စီးတာတွေရှိနေတာကြောင့် ဟားခါး-မတူပီလမ်း အသွားအလာတွေ မလုပ်ဖို့ကို မတူပီမြို့နယ် ကာကွယ်ရေးအဖွဲ့ (CDF) ကလည်း သတိပေးထားပါတယ်။ မတူပီမြို့ထဲ ကုန်စည် ပြန်ဝင်နိုင်အောင် နည်းလမ်းရှာ စီစဉ်ဆောင်ရွက် သွားမယ်လို့လည်း မတူပီ CDF တာဝန်ရှိသူ တဦးက ပြောပါတယ်။

မတူပီမှာရှိတဲ့ မြို့မိမြို့ဖ ကော်မတီနဲ့ ဒေသခံကာကွယ်ရေး အဖွဲ့တွေ ဒီရက်ထဲမှာ လမ်းပိုင်း အသုံးပြုနိုင်ဖို့ ညှိနှိုင်းနေတယ်လို့လည်း ပြောပါတယ်။ ကန့်သတ်ချက်တွေကြောင့် မင်းတပ်-မတူပီလမ်းကို အသုံးပြုနိုင်ဖို့မသေချာပေမဲ့ အခုပျက်စီးသွားတဲ့ဟားခါးလမ်းကိုပြုပြင်ဖို့ တိုင်းတာနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG