ကမ္ဘောဒီးယားနိုင်ငံရဲ့အထွေထွေရွေးကောက်ပွဲမှာ လက်ရှိအာဏာရ CPPပါတီက လွှတ်တော်တွင်းက အမတ်နေရာအား လုံးကို သူတို့ပါတီက အနိုင်ရလိုက်တယ်လို့ မနေ့ကကြေညာခဲ့ပါတယ်။ ဒီပါတီကချည်းပဲအနိုင်ရနေတာမို့ ကမ္ဘောဒီးယား ဟာ တပါတီစံနစ်နဲ့အုပ်ချုပ်တဲ့နိုင်ငံအဖြစ်ပြောင်းလဲနေတဲ့သဘောဖြစ်နေပါတယ်။
အဓိကအတိုက်အခံနိုင်ငံရေးပါတီကို ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ခွင့်မပေးတာကြောင့် လက်ရှိရွေးကောက်ပွဲကို အခွင့်အရေးအုပ်စုတွေကအပြစ်တင်နေကြ ပါတယ်။ အခုရွေးကောက်ပွဲမှာ သေးငယ်တဲ့ နိုင်ငံရေးပါတီ ၁၉ခုပါဝင်ယှဉ်ပြိုင်ခဲ့ပေမဲ့လည်း အောင်မြင်မှုအနည်းအကျဉ်းပဲ ရခဲ့ပါတယ်။ လောလောဆယ်တော့ ရွေးကောက်ပွဲရလာဒ်တွေကို တရားဝင်မကြေညာသေးပါဘူး။ နှစ်ပေါင်း၃၃နှစ်အုပ် ချုပ်လာခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကတော့ နောက်ထပ်ဝန်ကြီးချုပ်သက်တမ်း၅နှစ်တာဝန်ယူဖို့ပြင်ဆင် ထားပါပြီ။
အမေရိကန်ပြည်ထောင်စုကတော့ အခုရွေးကောက်ပွဲကို လွတ်လည်းမလွတ်လပ်ဘူး၊ တရားမျှတမှုလည်းမရှိဘူးလို့ တုန့်ပြန်လိုက်ပြီး ကမ္ဘောဒီးယားအစိုးရထိပ်ပိုင်းခေါင်းဆောင်တွေကို အမေရိကန်ပြည်ဝင်ခွင့်ဗီဇာတင်းကျပ်မှုလုပ်တာတွေ အပါအဝင် ပြစ်ဒဏ်ခတ်မှုတွေလုပ်ရေးကို စဉ်းစားမယ်လို့ အမေရိကန်အစိုးရကပြောပါတယ်။ အခုရွေးကောက်ပွဲမှာ မဲ မထည့်ပဲနေတဲ့သူတွေကို အပစ်ပေးမယ်လို့ ကမ္ဘောဒီးယားလက်ရှိအာဏာပိုင်တွေက ချိန်းခြောက်ထားတာပါ။ ပြီးခဲ့တဲ့ အပတ်တုန်းကပဲ ဝန်ကြီးချုပ်ဟွန်ဆန်နဲ့နီးနီးကပ်ကပ်ရှိနေသူတွေနဲ့သူတို့ရဲ့မိသားစုဝင်တွေအပေါ်ပစ်မှတ်ထားအရေးယူ ဒဏ်ခတ်တဲ့ ဥပဒေကြမ်းချမှတ်ရေး အမေရိကန်အောက်လွှတ်တော်က အတည်ပြုခဲ့ပါတယ်။
ကမ္ဘောဒီးယားရဲ့အခုရွေး ကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့ အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ ကနေဒါ၊ သြစတေးလျှနိုင်ငံတွေက လေ့လာသူ တွေကို လာရောက်ခွင့်မပေးခဲ့ပါဘူး။ ဒီနိုင်ငံတွေအစား တရုတ်၊ အီရန်နဲ့ရုရှားနိုင်ငံတွေကို ရွေးကောက်ပွဲရလာဒ် တရား ဝင်ကြောင်း အသိအမှတ်ပြုရေး ကမ္ဘောဒီးယားအစိုးရကစဉ်းစားခဲ့တာပါ။
အခုရွေးကောက်ပွဲဟာ လက်ခံယုံကြည်စရာတွေအားနည်းတဲ့ရွေးကောက်ပွဲဖြစ်တယ်လို့ ဥရောပသမဂ္ဂကတုန့်ပြန်ပါတယ်။ ဒီမိုကရေစီကိုလည်း ကိုယ်စားမပြုသလို၊ ကမ္ဘောဒီးယားပြည်သူတွေရဲ့ဆန္ဒကိုလည်းကိုယ်စားမပြုတဲ့ ရွေးကောက်ပွဲပဲလို့ ဥရောပသမဂ္ဂက ဆိုပါတယ်။ APHR လို့ခေါ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အာစီယံလွှတ်တော်အမတ်များအဖွဲ့ကလည်း ကမ္ဘောဒီးယားက အခုရွေးကောက်ပွဲဟာ နိုင်ငံ့သမိုင်းမှာအမှောင်ကျတဲ့နေ့တနေ့ဖြစ်တယ်လို့တုန့်ပြန်ပါတယ်။ အာစီယံနိုင်ငံတွေအပါ အဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ကမ္ဘောဒီးယားရဲ့အခြေအနေတွေကို သတိထားစောင့်ကြည့်နေကြဖို့ကိုလည်း APHRအဖွဲ့က တိုက်တွန်းထားပါတယ်။