ကမ္ဘောဒီးယား နိုင်ငံမှာ ခမာနီ အစိုးရ ပြုတ်ကျပြီးနောက်ပိုင်း ၆ ကြိမ်မြောက် ကျင်းပတဲ့ ဒီကနေ့ တနင်္ဂနွေနေ့ ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးခဲ့ကြပါတယ်။ အထွေထွေရွေးကောက်ပွဲ မဲပေးမှု ပြီးဆုံးသွားပြီ ဖြစ်ပြီး ရွေးကောက်ပွဲ တာဝန်ရှိသူတွေ မဲရလဒ်တွေကို စတင်ရေတွက်နေကြပါပြီ။ ပဏာမ မဲရလဒ်တွေကတော့ ဒီကနေ့ နှောင်းပိုင်းမှာ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ရပါတယ်။
ရွေးကောက်ပွဲ လုပ်ငန်းစဉ် တလျှောက်လုံးမှာတော့ အခွင့်အရေး မမျှတမှုတွေ အကြီးအကျယ် ရှိနေပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုန်းက တခုတည်းသော အလားအလာရှိတဲ့ အတိုက်အခံ CNRP ကမ္ဘောဒီးယား အမျိုးသားကယ်တယ်ရေး ပါတီကို ဖျက်သိမ်းလိုက်ပြီး နောက်မှာတော့ လက်ရှိ အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ ပါတီ CPP က ထောက်ခံမဲ အပြတ်အသတ်နဲ့ အနိုင်ရဖို့ သေချာနေပါတယ်။
အတိုက်အခံ CNRP ကို ဖျက်သိမ်းမှုကြောင့် ရွေးကောက်ပွဲ အပေါ် ထိခိုက်နေရတဲ့ အထဲ ပြီးခဲ့တဲ့ သတင်းပတ်ကုန်မှာ အစိုးရကို ဝေဖန်တဲ့ သတင်း ဝက်ဘ်ဆိုဒ် ၁ ဒါဇင်ကျော်ကို အစိုးရက ရုတ်တရက် ပိတ်ပင်လိုက်တာကြောင့် ရွေးကောက်ပွဲ အပေါ် အများ ယုံကြည်လက်ခံမှု အပေါ် ပိုပြီးတော့ ထိခိုက်စေခဲ့ပါတယ်။ ဒီကနေ့ တနင်္ဂနွေနေ့ မဲရုံတွေ စတင် ဖွင့်လှစ်ပြီး မကြာခင်မှာဘဲ နိုင်ငံကို ၃၃ နှစ်ကြာ အုပ်ချုပ်လာခဲ့တဲ့ ဝန်ကြီးချုပ် Hun Sen က ဇနီးဖြစ်သူ Bun Rany နဲ့ အတူ ဖနွမ်ပင် မြို့ပြင်က မဲရုံကို မဲပေးဖို့ ရောက်လာခဲ့ပါတယ်။ ဒီကနေ့ စကားပြောဖို့ အတွက် ဥပဒေက ခွင့်ပြုမထားကြောင်းနဲ့ ဥပဒေကို လေးစားလိုက်နာရမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ် ဟွန်ဆန်းက ပြောဆိုခဲ့ပါတယ်။
ကမ္ဘောဒီးယားရဲ့ ရွေးကောက်ပွဲ ဥပဒေ အရ ရွေးကောက်ပွဲ မတိုင်ခင် တရက်နဲ့ ရွေးကောက်ပွဲရက် အတွက် စုစုပေါင်း ၄၈ နာရီ အတွင်း စည်းရုံးလှုပ်ရှားမှုတွေကို တားမြစ်ထားတာ ဖြစ်ပါတယ်။ ဒီတားမြစ်ချက်ကို အစိုးရက အသုံးပြုပြီး ဗွီအိုအေ ခမာဘာသာ အစီအစဉ် ဝက်ဘ်ဆိုဒ် အပါအဝင် သတင်းဝက်ဘ်ဆိုဒ် ၁၅ ခုကို ပြီးခဲ့တဲ့ သတင်းပတ်ကုန်မှာ ပိတ်ပင်လိုက်တာပါ။ ဒါပေမယ့် အစိုးရ လိုလားတဲ့ သတင်းဆိုဒ်တွေကိုတော့ ဆက်ပြီး ဖွင့်ပေးထားပါတယ်။