၂၀၁၅ခုနှစ် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံသားတိုင်းအတွက် အရေးကြီးပေမယ့် တိုင်းရင်းသားတွေ လိုလားတဲ့ မျှော်မှန်းချက်တွေကို ပြည့်ဝစေမှာ မဟုတ်ပဲ၊ တိုင်းရင်းသားတွေ တန်းတူအခွင့်အရေးရဖို့ ဆိုရင် ဗဟိုချုပ်ကိုင်မှုကို လျော့ချပေးဖို့နဲ့ စစ်တပ်ရဲ့ သြဇာလွှမ်းမိုးမှုကို လျှော့ချပေးဖို့ စတဲ့ အချက်နှစ်ချက်ကို အဓိက လုပ်ဆောင်ဖို့ လိုနေတယ်လို့ ဒေသတွင်းမှာ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ စုစည်းထားတဲ့ Burma Partnership အဖွဲ့က အစီရင်ခံစာ တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ သတင်း အပြည့်အစုံ ကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုရဲခေါင်က ပြောပြပါမယ်။
နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို မြန်မာနိုင်ငံ လူဦးရေရဲ့ ၄၀ရာခိုင်နှုန်း ရှိတဲ့ တိုင်းရင်းသားတွေက ဘယ်လိုမြင်သလဲ၊ ဒီရွေးကောက်ပွဲဟာ တိုင်းရင်းသားတွေ အတွက် ဘယ်လောက် အရေးပါသလဲဆိုတာနဲ့ ပတ်သက်လို့ Burma Partnership အဖွဲ့က တိုင်းရင်းသား ပါတီတွေ၊ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမေးမြန်းပြီး၊ တိုင်းရင်းသားတွေရဲ့ ရုှထောင့်ကနေ သုံးသပ် ရေးသားထားတဲ့ အစီရင်ခံစာ တစ်စောင်ကို သောကြာနေ့က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
Burma Partnership အဖွဲ့ရဲ့ တွေ့ရှိချက်အရ ၂၀၁၅ ရွေးကောက်ပွဲ ဟာ မြန်မာနိုင်ငံသား တိုင်း အတွက် အရေးကြီးပေမယ့် တိုင်းရင်းသားတွေ လိုလားတဲ့ မျှော်မှန်းချက်တွေကို ပြည့်ဝစေမှာ မဟုတ်ပဲ၊ တိုင်းရင်းသားတွေ တန်းတူ အခွင့်အရေးရဖို့ ဆိုရင် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သတ်မှတ်ထားတဲ့ အစိုးရရဲ့ အုပ်ချုပ်မှုစနစ်ကိုပါ ပြင်ဆင်ပြောင်းလဲမှ ဖြစ်မယ်လို့ တိုင်းရင်းသားတွေက ယူဆကြတဲ့အကြောင်း Burma Partnership အဖွဲ့က Alex Moodie က ပြောပါတယ်။
”ကျွန်တော်တို့ ချင်း၊ ရှမ်း ရခိုင် ကရင်၊ မွန်၊ ပအို့၊ ကချင် စတဲ့ တိုင်းရင်းသား ပါတီ၁၈ခုနဲ့ တိုင်းရင်းသား အရပ်ဘက် အဖွဲ့အစည်း ၄၀ကျော်က ကိုယ်စားလှယ်တွေကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဒီတွေ့ဆုံမေးမြန်းချက်တွေ အရ တိုင်းရင်းသား ပါတီတွေနဲ့ တိုင်းရင်းသား အဖွဲ့တွေဟာ ငြိမ်းချမ်းရေး၊ တန်းတူ အခွင့်အရေး၊ ဖက်ဒရယ်ပုံစံ အုပ်ချုပ်မှုစနစ်နဲ့ ကိုယ့်ပိုင် ပြဒါန်းခွင့်တွေ လိုချင်တဲ့နေရာမှာ အားလုံး တူညီတဲ့ သဘောထားရှိကြတာ တွေ့ကြပါတယ်။
အထူးသဖြင့် ပြည်နယ်တိုင်းဒေသကြီး လွှတ်တော်တွေမှာ တိုင်းရင်းသား လူ့အဖွဲ့အစည်းတွေ အပေါ် သက်ရောက်မှု ရှိတဲ့ ကိစ္စတွေကို ကိုယ်တိုင် ဆုံးဖြတ်ချက် ချပြီး၊ မူဝါဒတွေ အတည်ပြု ပြဒါန်းနိုင်လောက်အောင် လုံလောက်တဲ့ အခွင့်အာဏာ မရှိပဲ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လုပ်ပိုင်ခွင့်နဲ့ အခွင့်အာဏာ အားလုံး ပြည်ထောင်စု လွှတ်တော်ကို ပေးအပ်ထားတယ်။ ပြည်နယ်၊ တိုင်းဒေသကြီး တွေရဲ့ လွှတ်တော်တွေရဲ့ လုပ်ပိုင်ခွင့်ဟာ အနိမ့်ဆုံးအဆင့်မှာပဲ ရှိနေပါတယ်။ ဒါဟာ တိုင်းရင်းသားပါတီတွေနဲ့ တိုင်းရင်းသား လူမှုအဖွဲ့တွေအနေနဲ့ တန်းတူအခွင့်အရေးမရှိဘူးလို့ ယူဆကြတဲ့ အဓိကအချက်ဖြစ်ပါတယ်။”
ဒီအစီရင်ခံစာအရ တိုင်းရင်းသား အများစုဟာ ၂၀၁၅ ရွေးကောက်ပွဲကို စိတ်မဝင်စားကြသလို မျှော်လင့်ချက်လည်း ကြီးကြီးမားမားမထားကြကြောင်း၊ အကြောင်းကတော့ ဒေသငြိမ်းချမ်းရေးနဲ့ သူတို့ကိုယ်တိုင်ရဲ့ စားဝတ်နေရေး လို ပိုအရေးကြီးတဲ့ ကိစ္စတွေ မပြေလည်သေးလို့ ဖြစ်တဲ့အကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။
တိုင်းရင်းသားတွေဟာ နိုင်ငံရေးပါတီတွေထဲမှာဆိုရင် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ (USDP) အပေါ် မယုံကြည်မှုနဲ့ သဘောမတွေ့မှုတွေ ရှိနေတာ တွေ့ရပြီး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ပတ်သက်လို့ကတော့ တိုင်းရင်းသားတွေရဲ့ မျှော်မှန်းချက်တွေကို ကိုယ်စားပြုပြီး၊ တိုင်းရင်းသားတွေ အခွင့်အရေး ပိုရလာဖို့ အမှန်တကယ် တွန်းအားပေး ဆောင်ရွက်မယ့် ပါတီ ဟုတ်မဟုတ် ဆိုတာကို ယုံကြည် စိတ်ချမှုမရှိကြဘူးလို့ ဆိုပါတယ်။
အလားတူပဲ တိုင်းရင်းသားပါတီတွေအပေါ် ယုံကြည်အားထားမှု အနေနဲ့ ရွေးကောက်ပွဲ အနိုင်ရခဲ့ရင်တောင်မှ ထိရောက်တဲ့ အပြောင်း အလဲတွေ ဖြစ်လာဖို့ လုပ်ပေးနိုင်စွမ်းရှိမရှိ ဆိုတာအပေါ် မူတည်နေတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာလို တိုင်းရင်းသားပါတီက အမတ်နေရာအများစု အနိုင်ရပြီး ပြည်နယ် အစိုးရဖွဲ့နိုင်ခဲ့ရင်တောင်မှ ဗဟိုချုပ်ကိုင်မှုနဲ့ စစ်တပ်ရဲ့ အခန်ကဏ္ဍက နိုင်ငံရေးမှာရော၊ အုပ်ချုပ်ရေးမှာ ပါ ဝင်ပါနေတာကို ပြောင်းလဲနိုင်မှာ မဟုတ်တဲ့ အချက်ကိုလည်း သိထားကြတယ်လို့ ဆိုပါတယ်။
ဒီအစီရင်ခံစာရဲ့ သုံးသပ်ချက်အရ တိုင်းရင်းသားဒေသတွေအတွက် ငြိမ်းချမ်းရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နဲ့ ဖက်ဒရယ် အုပ်ချုပ်ရေး စနစ်တွေရရှိဖို့ ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲ နဲ့တင် မလုံလောက်ပဲ၊ မြန်မာအစိုးရရ့ ဗဟိုချုပ်ကိုင်မှု အသားပေးတဲ့ အုပ်ချုပ်ရေး စနစ်ရှိနေတာရယ်၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ နဲ့ နှစ်ပေါင်း ၆၀ကျော်ကြာ စစ်ပွဲတွေဖြစ်နေတဲ့ မြန်မာ စစ်တပ်ကို အုပ်ချုပ်ရေးမှာ အလွန်အမင်းနေရာပေးထားတာရယ် စတဲ့ အချက်တွေကို အခြေခံ အကျဆုံးအနေနဲ့ ပြောင်းလဲဖို့လိုတယ်လို့ ဆိုပါတယ်။
ဒီအစီရင်ခံစာထဲမှာ တိုင်းရင်းသားတွေ တန်းတူအခွင့်အရေးရဖို့ အဓိက အတားအဆီးဖြစ်နေ တဲ့ အချက်နှစ်ခုကို မြန်မာအစိုးရအနေနဲ့ ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေ လုပ်သင့်ဖို့ တယ်ဆိုတာကိုလဲ Burma Partnership အဖွဲ့က Alex Moodie ခုလို ပြောပြပါတယ်။
”တစ်ခုကတော့ မြန်မာ စစ်တပ်ကို အရပ်ဖက် အုပ်ချုပ်ရေးအောက်မှာ ထားရှိဖို့နဲ့ ဒုတိယ အချက်ကတော့ ဗဟိုချုပ်ကိုင်မှုကို လျော့ချပေးဖို့ပါပဲ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တိုင်းရင်းသားတွေ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိဖို့ အတား အဆီးတွေဖြစ်နေ တဲ့ အချက်တွေကို ပြင်ဆင်ဖို့ လိုပါတယ်။ တိုင်းရင်းသားတွေ အပေါ် သက်ရောက်မှု ရှိတဲ့ ကိစ္စတွေမှာ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်ရှိဖို့ ပြည်နယ် လွှတ်တော်တွေကို လုံလောက်တဲ့ အခွင့်အာဏာ ပေးအပ်သင့်ပါတယ်။”
Burma Partnership အဖွဲ့ကို ဒေသတွင်းက မြန်မာအရေးလှုပ်ရှားနေတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ စုစည်းပြီး ညီညွှတ်တဲ့ နည်းဗျူဟာချမှတ် လှုပ်ရှားဖို့ ရည်ရွယ်ချက်နဲ့ ၂၀၀၆ခုနှစ် ဖေဖော်ဝါရီလက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ Asia-Pacific Peoples’ Partnership on Burma (APPPB)အဖြစ် ဖွဲ့စည်း တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။