သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲခေါင်မြစ်တွင်း တိုက်ခိုက်ခံရမှု မြန်မာစစ်သား ၃ ဦးသေ


မဲခေါင်မြစ်တွင်း တိုက်ခိုက်ခံရမှု မြန်မာစစ်သား ၃ ဦးသေ
မဲခေါင်မြစ်တွင်း တိုက်ခိုက်ခံရမှု မြန်မာစစ်သား ၃ ဦးသေ

မဲခေါင်မြစ်ကြောင်း လုံခြုံရေးအတွက် တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း လေးနိုင်ငံ ပူးပေါင်းကင်းလှည့်နေချိန် ရွှေတြိဂံဒေသအတွင်းမှာ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် မြန်မာစစ်သား ၃ ယောက် သေဆုံးသွားခဲ့ပါတယ်။ အစိုးရတပ်နဲ့တိုက်ပွဲဖြစ်တဲ့ လက်နက်ကိုင်အဖွဲ့ဟာ ဒေသတွင်းမှာ လှုပ်ရှားနေတဲ့ စိုင်းနော်ခမ်း ဦးဆောင်တဲ့ မူးယစ်မှောင်ခိုအဖွဲ့ ဖြစ်တယ်လို့လည်း မြန်မာအာဏာပိုင်တွေ ဘက်က ယူဆထားပါတယ်။ အခြေအနေအသေးစိတ်ကို နယ်စပ်ဒေသခံတချို့ကို ဆက်သွယ်မေးမြန်းထားတဲ့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မဲခေါင်မြစ် လုံခြုံရေးအတွက် မြန်မာနိုင်ငံအပါအဝင် ၄ နိုင်ငံ ပူးပေါင်းကင်းလှည့်တဲ့ အစီအစဉ် စတင်ခဲ့အပြီး နောက်တစ်ရက်မှာပဲ တိုက်ခိုက်မှုတွေကြောင့် အသေအပျောက်တွေနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းက ထိုင်း၊ မြန်မာ၊ လာအိုနယ်စပ်ဒေသ မဲခေါင်မြစ်အတွင်းမှာ တရုတ်ကုန်တင် သင်္ဘောသား ၁၃ ယောက် အသတ်ခံရပြီးတဲ့နောက် မဲခေါင်မြစ်ကြောင်း လုံခြုံရေးကို တရုတ်နိုင်ငံက ဦးဆောင် အကောင်အထည်ဖော်လာတာ ဖြစ်ပါတယ်။

ဒီလ ၁၀ ရက်နေ့မှာတော့ တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း လုံခြုံရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး မဲခေါင်မြစ်ကြောင်း စောင့်ကြပ်ရေးအတွက် ကင်းလှည့်တာတွေ စတင်ခဲ့တယ်လို့ တရုတ်နိုင်ငံက သတင်းထုတ်ပြန်ပါတယ်။

နောက်တစ်ရက်မှာပဲ မြန်မာအစိုးရတပ်နဲ့ စိုင်းနော်ခမ်း အဖွဲ့ဟာ မဲခေါင်မြစ်ကမ်းက ရွာတစ်ရွာ တိုက်ပွဲ ဖြစ်ခဲ့တာကြောင့် အစိုးရစစ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ တာချီလိတ် ဒေသခံတစ်ယောက်က ပြောပါတယ်။

“တိုက်ပွဲဖြစ်တာက မိုင်းကိုးအုပ်စုပဲ ဆန်ကွမ်းရွာ၊ လားဟူရွာ။ မဲခေါင်မြစ်ဘေးမှာပဲ။ တိုက်ပွဲဖြစ်တာက သူတို့ စိုင်းနော်ခမ်းအဖွဲ့တွေက အဲဒီရွာမှာပဲ ခိုလှုံနေတာ။ ခိုလှုံနေတော့ ဒီက တာလေအခြေစိုက် (၃၁၆) စစ်တပ်တွေက နယ်လှည့်ရင်းနဲ့ အဲဒီမှာ သူတို့နဲ့ တွေ့လို့ တိုက်ပွဲဖြစ်တယ်လို့ ပြောတယ်။”

ဒီလိုတိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာ တာချီလိတ်မြို့အခြေစိုက် နယ်ခြားစောင့်တပ် အမှတ် (၁၀၀၉) ကလည်း ဒီဒေသတွင်းကို နယ်လှည့် စစ်ဆင်ရေးလုပ်ဖို့အတွက် ဒီဇင်ဘာလ ၁၁ ရက်နေ့က ထွက်ခွာသွားတယ်လို့ တာချီလိတ်ဒေသခံက ပြောပါတယ်။

တာချီလိတ်မြို့က အာဏာပိုင်တွေနဲ့ နီးစပ်သူတစ်ယောက်ကတော့ တိုက်ပွဲဖြစ်တဲ့တပ်ဟာ တာချီလိတ် အခြေစိုက် ခမရ (၅၂၆) ဖြစ်ပြီး သူတို့နဲ့ တိုက်ခိုက်တဲ့ လက်နက်ကိုင်အဖွဲ့ဟာ စိုင်းနော်ခမ်းဦးဆောင်တဲ့ အဖွဲ့လို့ အာဏာပိုင်တွေဘက်က ယူဆထားကြောင်းပြောပါတယ်။

ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းမှာတော့ ၄ နိုင်ငံ ပူးပေါင်းကင်းလှည့်တာတွေ စတင်ချိန်မှာ တရုတ် လက်နက်ကိုင် ရဲတပ်ဖွဲ့က အင်အား ၃၀၀ ကျော်၊ သင်္ဘော ၁၁ စင်းနဲ့ တရုတ် ကုန်တင်သင်္ဘောတွေကို လုံခြုံရေးလိုက်ပါပြီး မြန်မာနဲ့ လာအိုအစိုးရ တပ်ဖွဲ့တွေက မဲခေါင်မြစ်ကြောင်းတလျှောက်မှာ လုံခြုံရေး ယူခဲ့တယ်လို့ ဖော်ပြပါတယ်။

မြန်မာစစ်တပ်နဲ့ တိုက်ပွဲဖြစ်တဲ့နေရာကတော့ ထိုင်း၊ မြန်မာနဲ့ လာအို သုံးနိုင်ငံနယ်စပ် ရွှေတြိဂံဒေသနဲ့ ၁၂ မိုင်လောက်ဝေးတဲ့ ဘန်ဒုံဆန်ဖူးဆိုတဲ့ရွာမှာ ဖြစ်ပြီး မြန်မာစစ်သား ၃ ယောက် သေဆုံးကြောင်း ဖော်ပြပါတယ်။

ရွှေတြိဂံဒေသဟာ မူးယစ်ဆေးဝါးနဲ့ မက်တာမက်ဖက်တမင်း ခေါ် စိတ်ကြွဆေးပြား ရောင်းဝယ်မှုကြောင့် ကမ္ဘာမှာ ထင်ရှားတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့က တရုတ် ကုန်တင်သင်္ဘော ၂ စင်းက သင်္ဘောသား ၁၃ ယောက်ကို အမည်မသိ လက်နက်ကိုင်တွေက စီးနင်းတိုက်ခိုက်ပြီး သတ်ဖြတ်ခဲ့ပါတယ်။ ဒီသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ရွှေတြိဂံဒေသမှာ လှုပ်ရှားနေတဲ့ စိုင်းနော်ခမ်းရဲ့ မူးယစ်မှောင်ခိုအဖွဲ့ လက်ချက်ဖြစ်ကြောင်း အစောပိုင်းမှာ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ထိုင်းရဲတပ်ဖွဲ့က ထိုင်းစစ်တပ်အရာရှိ ၉ ယောက်ကို ဒီသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခဲ့ပါတယ်။

တရုတ်သင်္ဘောသား ၁၃ ယောက် သတ်ဖြတ်မှုဟာ ဒီကနေ့ထိ လက်သည်တရားခံ အတိအကျ မဖော်ထုတ်နိုင်သေးပေမဲ့ တရုတ်နိုင်ငံဘက်က ဒီသတ်ဖြတ်မှုအပြီးမှာ မဲခေါင်မြစ်ကြောင်းလုံခြုံရေးကို တိုးမြှင့်ဖို့အတွက် စတင် အကောင်အထည်ဖော်လာတာ ဖြစ်ပါတယ်။

ဒေသတွင်း ကျွမ်းကျင်သူတွေကတော့ မဲခေါင်မြစ်ကြောင်းလုံခြုံရေးဟာ သက်ဆိုင်ရာ နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ တည်ငြိမ်အေးချမ်းမှုအပေါ်မှာ အဓိက မူတည်ကြောင်း သုံးသပ်ထားပါတယ်။

XS
SM
MD
LG