ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အရပ်သားအစိုးရ တက်လာပြီး (၁) နှစ်နီးပါးအကြာမှာ လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေနဲ့ ပြည်သူလူထုအတွက် ဆောင်ရွက်ချက်တွေအပေါ် အားရကျေနပ်စရာတွေ ရှိသလို၊ စိန်ခေါ်မှုတွေနဲ့အတူ အားနည်းချက်တွေလည်း ရှိပါတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ် ပဋိပက္ခ ဖြစ်ပွားရာဒေသ အကူအညီပေးမှုတွေ၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ကလေးငယ်တွေကို စောင့်ရှောက်တဲ့ အစီအစဉ်အပြင် သက်ငယ်မုဒိမ်းမှုနဲ့ လူကုန်ကူးခံရတဲ့ ကလေးသူငယ်တွေကို စောင့်ရှောက်တဲ့အစီအစဉ်တွေကိုလည်း အကောင်အထည်ဖော် လုပ်ဆောင်နေတဲ့အကြောင်း ဒေါက်တာဝင်းမြတ်အေး က ရှင်းပြပါတယ်။ VOA မြန်မာပိုင်းအယ်ဒီတာ ဒေါ်ခင်စိုးဝင်း က လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကို နေပြည်တော်မှာ သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အခု လူမှုဝန်ထမ်းဝန်ကြီးဌာနရဲ့ အရေးပါအရာရောက်ဆုံး အချိန်ကာလလို့ ပြောရမှာပေါ့နော်။ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ လူမှုရေးပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာက အကူအညီ၊ အထောက်အပံ့တွေလည်း အခု ရောက်နေပါပြီ။ မကြာခင်က လာခဲ့တဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ လာပြီးတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်တွေအားလုံး၊ နှစ်ဘက်အသိုင်းအဝိုင်းအားလုံးအတွက်ကို လူမှုရေးအထောက်အပံ့တွေပေးဖို့ဆိုပြီး ရောက်လာတာလို့ သိရပါတယ်။ ဝန်ကြီးလည်း အင်ဒိုနီးရှားဝန်ကြီးနဲ့ တွေ့ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ အတွေ့အကြုံကို ပြောပြပေးပါလားရှင့်။
ဒေါက်တာဝင်းမြတ်အေး ။ ။ ကျနော်တို့ဝန်ကြီးဌာန အစိုးရအဖွဲ့သစ် စပြီးတက်ကတည်းက ကျနော်တို့ ကော်မတီတွေဖွဲ့တယ်။ လုပ်ငန်းကော်မတီတွေဖွဲ့တယ်။ ဗဟိုကော်မတီတွေဖွဲ့တယ်။ အဲဒီကနေ ထောက်ပံ့မှုတွေကို စနစ်တကျ ဆောင်ရွက်နေတာ တောက်လျှောက်ဆောင်ရွက်နေတယ်။ ကျနော်ဆိုရင် အခုဆိုရင် ခုနှစ်ကြိမ်မြောက် ရောက်သွားပြီ။ အဲဒီအချိန်အခါမှာပဲ ဒီလိုမျိုး ပဋိပက္ခ ဖြစ်သွားပြီးနောက်ပိုင်းမှာလည်း ကျနော်တို့ ဆက်လက်ထောက်ပံ့တာတွေ ရှိနေတယ်။ အဲဒီတော့ နိုင်ငံတကာ အကူအညီကလည်း ပေးချင်တယ်။ အထူးသဖြင့် အာဆီယံနိုင်ငံတွေ အကူအညီပေးချင်တယ် ဆိုတဲ့အခါကြတော့ ကျနော်တို့ကလည်း အဲဒီလို အကူအညီပေးရင် စည်းစနစ်နဲ့ ဆိုတာကတော့ နှစ်နိုင်ငံအစိုးရချင်း ဆက်သွယ်မယ်။ သံတမန်လမ်းကြောင်းအရ ဆက်သွယ်မယ်။ အကူအညီတွေ ဒီလိုမျိုးပေးပါလို့ ကျနော်တို့အနေနဲ့လည်း မေတ္တာရပ်ခံတယ်။ မေတ္တာရပ်ခံတော့ အင်ဒိုနီးရှားကလည်း ဒီအကူအညီကို ပေးချင်ပါတယ်ဆိုပြီး ရောက်လာတယ်။ ရောက်လာတော့ သူတို့ရဲ့ ပစ္စည်းတွေကို ကြိုတင်ပြီးတော့ ဆိပ်ကမ်းရောက်အောင်ပို့တယ်။ ရန်ကုန်ရောက်တော့ ကျနော်တို့ ဒီကအဖွဲ့တွေက လက်ခံတယ်။ လက်ခံပြီးတော့ စစ်တွေရောက်အောင် ကားတွေနဲ့ပို့တယ်။ ပို့တော့ (၂) ရက်အတွင်းမှာပဲ ရောက်တယ်။ ရောက်သွားပြီးတော့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ရောက်လာတယ်။ ရောက်လာပြီးတော့ ကျနော်နဲ့အတူတူ ပြည်နယ်အစိုးရဝန်ကြီးချုပ်နဲ့ အတူတူပေါင်းပြီးတော့ ကျနော်တို့ လက်ခံပွဲလုပ်တယ်။ လွှဲပြောင်းယူတယ်။ အဲဒီအခမ်းအနားကို ကျနော်တို့ လုပ်ခဲ့တယ်။ လုပ်ခဲ့တော့ အတွေ့အကြုံရဆိုရင် သူတို့ရဲ့ ကူညီဆောင်ရွက်မှုက အလွန်စနစ်ကျပါတယ်။ အဲဒီမှာလည်း သူက အဖွင့်စကားပြောတဲ့အခါမှာလည်း သူက ဘာကိုပြောလဲဆိုတော့ လူမျိုးဘာသာမရွေး ထောက်ပံ့ဖို့ သူတို့လာတာ ဖြစ်ပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ စာသင်ကျောင်းလည်း လှူတယ်လို့ ကြားပါတယ်။
ဒေါက်တာဝင်းမြတ်အေး ။ ။ ဒါ ဟုတ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ လူမှုအဖွဲ့အစည်းတခု ရှိပါတယ်။ အဲဒီ အဖွဲ့အစည်းတခုကနေပြီးတော့ ကျောင်းဆောက်ထားတာ ရှိပါတယ်။ ကျေးရွာနှစ်ခုမှာ ကျောင်းဆောက်ထားတာ ရှိတယ်။ မူလတန်းကျောင်းလေးနှစ်ကျောင်း ဆောက်ထားတာရှိတယ်။ ဒါကိုလည်း သူက ရောက်တဲ့အခါ သူတို့နိုင်ငံက လှူထားတာ ဖြစ်တဲ့အတွက်ကြောင့် သူက ဖွင့်ပွဲလေးသဘောမျိုးလုပ်မယ်ဆိုပြီးတော့ ကျောင်းသားတွေနဲ့လည်း တွေ့တယ်။ ရင်းရင်းနှီးနှီး ဓါတ်ပုံရိုက်ကြတယ်။ သီချင်းတွေ ဆိုကြတယ်။ ဒါတွေ လုပ်ခဲ့ပါတယ်။ သီချင်းဆိုတော့လည်း အားလုံးသင်ထားတာ မြန်မာ့ကျောင်းသီချင်း။ ကလေးတွေကလည်း ဆိုတတ်တယ်။ သူကလည်း ပျော်တယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အခုဝန်ကြီးတို့ တာဝန်ယူခဲ့တဲ့ (၉) လ ကာလမှာ ဝန်ကြီးအနေနဲ့ လုပ်ငန်းလုပ်ကိုင်ရတာ အားနည်းချက်၊ အားသာချက်တွေ အများကြီးရှိမှာပါ။ အဲဒီအထဲမှာ ဝန်ကြီးလုပ်ကိုင်ခဲ့တဲ့ အထဲမှာ အားရပါးရရှိတာ ဘယ်လိုကိစ္စမျိုးပါလဲရှင့်။
ဒေါက်တာဝင်းမြတ်အေး ။ ။ ဒါဆိုရင်တော့ နှစ်ပိုင်းပြောရမှာပေါ့။ တခုကတော့ ကျနော်တို့က ဦးစီးဌာန နှစ်ခုရှိတယ်။ လူမှုဝန်ထမ်းဦးစီးဌာန၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာန။ လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ဆိုရင် ကျနော်တို့ လုပ်ရတာ တကယ်တော့ မွေးကင်းစကနေ သက်ကြီးရွယ်အိုအထိ လူမှု့ကာကွယ်စောင့်ရှောက်ရေးတွေကို ကျနော်တို့ လုပ်ရတယ်။ အားရကျေနပ်မှု ရှိခဲ့တာကတော့ ကျနော်တို့မှာ တကယ်တော့ ဒီလိုမျိုး လူမှု့ကာကွယ်စောင့်ရှောက်နည်းတွေကို နည်းစနစ်ကျ ဆောင်ရွက်ဖို့ဆိုရင် ကျနော်တို့ဆီမှာ ဥပဒေတွေ ရှိရမယ်။ နည်းဥပဒေတွေ ရှိရမယ်။ မူဝါဒတွေ ရှိရမယ်။ အဲဒီမှာ တော်တော်များများ ရှိပြီသာ ဖြစ်ပေမယ့် လိုအပ်နေတဲ့ ကိစ္စတွေလည်း အများကြီးတွေ့ရတယ်။ အဲဒီကြတော့ ကျနော်တို့ကနေပြီး ဥပဒေတွေ ပေါ်ပေါက်လာရေး၊ နည်းဥပဒေတွေ ဖော်ထုတ်ရေး၊ မူဝါဒတွေ ချမှတ်ရေးဆိုတာတွေကို ဦးစားပေးပြီး လုပ်ခဲ့တယ်။ လုပ်ခဲ့တဲ့အတိုင်းပဲ ကျနော်တို့ အောင်မြင်ခဲ့တာတွေရှိတယ်။ အထူးအားဖြင့်တော့ သက်ကြီးရွယ်အိုနဲ့ ပတ်သက်တဲ့ ဥပဒေပေါ်ထွက်လာတယ်။ နည်းဥပဒေကို ကျနော်တို့ စပြီးတော့ ရေးဆွဲနေပြီ။ နောက်ပြီးတော့ လူငယ်မူဝါဒ ရေးဆွဲဖို့ လိုအပ်တယ်။ လူငယ်တွေကို စနစ်တကျ ပြုစုပျိုးထောင်ဖို့နဲ့ နိုင်ငံအတွက် အကျိုးရှိအောင် လူငယ်တွေကလည်း တအားတက်ကြွကြတယ်။ အဲဒီအတွက်ကို လူငယ်မူဝါဒ ရေးဆွဲဖို့ အဆင့်ဆင့် ဆောင်ရွက်ခဲ့တဲ့အခါမှာ အခုက ပြီးဖို့နီးလာတဲ့အပိုင်းကို ရောက်လာပြီ။ လူငယ်မူဝါဒနဲ့ ပတ်သက်ပြီးတော့။ နောက်အခါကြတော့ မသန်စွမ်းနဲ့ ပတ်သက်တဲ့ ဥပဒေတွေ။ ဥပဒေက ပေါ်ပေါက်ပြီးဖြစ်တယ်၊ နည်းဥပဒေကို ပေါ်ပေါက်ဖို့အတွက် တော်တော်ကို ကြိုးစားရတယ်။ မသန်စွမ်းအဖွဲ့အစည်းကလည်း များတယ်။ များတဲ့အခါကြတော့ ဒါကိုလည်း စည်းရုံးဆောင်ရွက်ပြီးတော့ နည်းဥပဒေ ထွက်ပေါ်ဖို့ အလွန်နီးစပ်နေပြီ ဖြစ်ပါတယ်။ မကြာခင်မှာ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ကျန်တဲ့ဥပဒေတွေမှာ အလွန်အရေးကြီးတာကတော့ ကျနော်တို့ လူမှု့ဝန်ထမ်းလုပ်ငန်းဆိုတာ တကယ်တော့ စနစ်တကျ လုပ်ကိုင်ရမယ့်လုပ်ငန်း ဖြစ်တယ်။ သူ့မှာ အတတ်ပညာလိုတယ်။ အတွေ့အကြုံလိုတယ်။ နောက်ပြီးတော့ ကျင့်ဝတ်သိက္ခာလိုတယ်။ လူမှုဝန်ထမ်းဆိုတာ။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ လူမှု့ဝန်ထမ်းဥပဒေဆိုတာ ပေါ်ပေါက်ဖို့အတွက် ကျနော်တို့ အစပျိုးဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ နောက်တခုကတော့ ကလေးသူငယ် ဥပဒေ။ အရင်တုန်းကတော့ ကလေးသူငယ် ဥပဒေ ရှိပြီးတော့ အခု ကလေးသူငယ် အခွင့်အရေး ဥပဒေကို အသစ်ပြန်ရေးဆွဲပါတယ်။ အဲဒါလဲ ပြီးနေပါပြီ။ ဆိုတော့ ဒီဟာတွေ ဆောင်ရွက်ခဲ့တာ ကျနော်အတွက် အလွန်ကျေနပ်မှု ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကာလတလျှောက်လုံးမှာ စိန်ခေါ်မှုတွေအနေနဲ့လဲ အများကြီး ရှိခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဝန်ထမ်းအင်အားနည်းတယ်။ အဲဒီတော့ ကျနော်တို့က ပြည်သူလူထု ပူးပေါင်းပါဝင်မှ၊ လူမှု့အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်မှ ကျနော်တို့လုပ်တဲ့ လုပ်ငန်းတွေ အောင်မြင်မယ်။ အဲဒါက စိန်ခေါ်မှုပဲ။
ဒေါ်ခင်စိုးဝင်း ။ ။ လူမှု့အဖွဲ့အစည်းတွေဆိုတာ ပရဟိတအသင်းတွေလား။ ဥပမာဆိုရင် ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်း …
ဒေါက်တာဝင်းမြတ်အေး ။ ။ ဟုတ်ကဲ့ ပရဟိတအသင်းတွေ အကုန်လုံးပါတယ်။ ဖောင်ဒေးရှင်းတွေပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ ရန်ပုံငွေအားဖြင့် နိုင်ငံတော်က ချပေးတဲ့ ရသုံးမှန်းခြေ ငွေစာရင်းချပေးတဲ့ ဘတ်ဂျက်အခြေအနေက လုံလောက်မှု ရှိပါလား။
ဒေါက်တာဝင်းမြတ်အေး ။ ။ ဘတ်ဂျက်အခြေအနေက လုံလောက်သလားဆိုတော့ ဘယ်လုံလောက်မလဲ။ မလုံလောက်ဘူး။ ဒါပေမဲ့ ကျနော်တို့အတွက် အင်မတန် ဝမ်းသာစရာ ကောင်းပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ချထားပေးတဲ့ငွေနဲ့ အခု ၂၀၁၇-၁၈ အတွက်ငွေဟာ အတော်ကွာခြားသွားပါပြီ။ နှစ်ဆခွဲလောက် ပိုပါတယ်။ အဲဒါကလဲ ဘာလဲဆို ဥပမာ ကျနော်တို့မှာ လုပ်ငန်းဆောင်တာတွေ လုပ်စရာတွေ အများကြီးရှိတယ်။ တကယ်လဲ တလက်တွေ့မှာ အကောင်အထည်ဖော်နေတာကို သိတဲ့အခါကြတော့ တကယ့်ဘဏ္ဍာငွေ ချထားမှုမှာလည်း ကျနော်တို့ကို နှစ်ဆခွဲလောက် ပိုပြီးတော့ ချထားပေးအတွက်ကြောင့် လာမယ့်နှစ်အတွက်ကြောင့် အခုလာမယ့် ဘက်ဂျက်မှာ ကျနော်တို့ တော်တော်လေးကို သိလာပြီး ဆောင်ရွက်နိုင်မယ်လို့ ယူဆပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အခုန ဝန်ကြီးပြောသွားသလိုပဲ လူငယ်တွေရဲ့ဘဝ ပြုပြင်ပြောင်းလဲရေး၊ ရှေ့ဘဝတိုးတက်ရေးနဲ့ ပတ်သက်ပြီးတော့ ပြောမယ်ဆိုရင် သက်ငယ်မုဒိမ်းတွေ မကြာခဏ ဖြစ်နေတာ ကြားရပါတယ်- အရင်တုန်းကလည်း ရှိခဲ့မှာပါ။ အခုလောလောဆယ် Social Media လူမှု့ကွန်ရက်တွေက အရမ်းထွန်းကားနေတဲ့အခါကြတော့ သတင်းတွေက ချက်ချင်းပြန်တော့ တော်တော်များများ ဖြစ်ကြတာပေါ့။ အဲဒီမှာ သက်ငယ်မုဒိမ်းကြောင့် ခံစားခဲ့ရတဲ့ လူငယ်တွေကို နှစ်သိမ့်အားပေးဖို့ အစီအစဉ်လုပ်ဖို့ဆိုပြီးတော့ အားလုံးက မျှော်လင့်နေကြတာ ရှိပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဥပမာ နိုင်ငံခြားမှာဆိုရင် Social Worker လို့ ခေါ်ပါတယ်။ Social Worker ဆိုတာကတော့ ခလေးတွေကို မိဘက ထောင်ကျသွားတယ်ဆိုရင် Social Worker ကနေ ခလေးတွေကို လာခေါ်သွားပြီးတော့ ထိန်းသိမ်းထားတယ်။ ပြီးတော့မှ Foster Care ဆိုပြီးတော့ ခဏကြည့်ရှုမယ့် မိသားစုဆီ ပို့လိုက်တာပေါ့။ အဲဒီလို အစီအစဉ်တွေ နိုင်ငံခြားမှာရှိတဲ့ ကောင်းတဲ့အစီအစဉ်လေးတွေကို သင်တန်းပေးဖို့ ဘာတို့များ အစီအစဉ်ရှိပါလား။
ဒေါက်တာဝင်းမြတ်အေး ။ ။ ဒါနဲ့ ပတ်သက်လို့ ပြောရရင် အခြေခံကတော့ ပထမဦးဆုံးကတော့ သက်ငယ်မုဒိမ်းဆိုတာ အစတုန်းကတော့ ကလေးသူငယ်ဥပဒေတွေထဲမှာ ပြစ်မှုဆိုင်ရာနဲ့ ပြဌာန်းထားတာ မရှိဘူး။ ရာဇသတ်ကြီးနဲ့ သုံးရတာတွေရှိတယ်။ အခုသက်ငယ် အခွင့်အရေး ဥပဒေမှာတော့ သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီးတော့ ပြစ်မှုပြစ်ဒဏ် ဘယ်လိုချမှတ်မလဲဆိုတာထက် ရေးဆွဲနိုင်တဲ့အတွက်ကြောင့် ဥပဒေလိုင်းမှာတော့ ပိုခိုင်မာလာပြီ။ အဲဒီတော့ ကျနော်တို့ကလည်း ဒါကို ပြည်သူကိုသိအောင် ပညာပေးရမယ်။ ဒါက ပေါ့သေးသေးကိစ္စ မဟုတ်ဘူး။ တကယ်ခံစားလိုက်ရပြီဆိုတာ။ သူတို့အတွက် ပြန်လည်ထူးထောင်ရေးဆိုတာကို ကျနော်တို့က လုပ်ပေးရတယ်။ လုပ်ပြီးတော့ သူတို့က သာမန်ပြည်လည်ထူထောင်ရေးနဲ့ မရဘူး။ ရုပ်ပိုင်းဆိုင်ရာမကဘူး စိတ်ပိုင်းဆိုင်ရာက အရမ်းအရေးကြီးပါတယ်။ တသက်လုံးအတွက် အလွန်အရေးကြီးပါတယ်။ ဒါကြောင့်မို့ လူမှု့အသိုင်းအဝိုင်းမှာ ပြန်လည်ဝင်ဆန့်ဖို့ဆိုပြီး ဆောင်ရွက်နေတဲ့ကိစ္စတွေ ရှိပါတယ်။ ကျနော်တို့မှာ လူမှု့ဝန်ထမ်းနည်းလမ်းတွေ ရှိပါတယ်။ အဲဒီနည်းလမ်းတွေနဲ့ အကောင်အထည် ဖော်ဆောင်ရွက်နေတယ်။ Case managers တွေရှိတယ်။ တခုချင်းတခုချင်း Case manage ဘယ်လိုလုပ်မလဲဆိုတာ ရှိပါတယ်။ အခုနပြောတဲ့ Counseling Center တွေရှိတယ်။ နောက်ပြီးတော့ မိန်းကလေးတွေအတွက် ပိုပြီးတော့ အရေးကြီးတာက ဒီမိန်းကလေးတွေကို အထူးစောင့်ရှောက်ဖို့ နေရာတွေ၊ သီးသန့်သီးခြားနေရာတွေ Safe House သီးခြားနေရာတွေ ဆောင်ရွက်နေပါတယ်။ ဒါကတော့ ဘယ်နေရာမှာ ဘာလဲဆိုတာတော့ ပြောလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက အနှောင့်အယှက်မပေးဖို့ လိုတာပေါ့။
ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ လူကုန်ကူးခံရတဲ့ ကလေးတွေကို ကယ်ဆယ်တဲ့ ပညာပေး အစီအစဉ်တွေကော ရှိပါလား။
ဒေါက်တာဝင်းမြတ်အေး ။ ။ ရှိပါတယ်။ အဲဒါက နဂိုကတည်းက လုပ်ခဲ့တယ်။ အခု ပိုပြီးတော့ ထိထိရောက်ရောက် ဆောင်ရွက်နေတယ်။ ဘာကြောင့် ဆောင်ရွက်နိုင်လဲဆိုတော့ အခုနပြောသလို အမျိုးသမီးများ အကြမ်းဖက်မှု ဥပဒေဆိုတာလည်း ပေါ်ပေါက်နေပြီ။ အဲဒီ ဥပဒေထဲမှာလည်း အရင်နဲ့မတူဘဲနဲ့ ပိုပြီးတော့ အမျိုးသမီးတွေနဲ့ ရပ်တည်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်ကို ဦးစားပေးပြီးတော့ အကာအကွယ်ပေးတဲ့ ဥပဒေတွေက ပိုပြီးတော့ ကောင်းမွန်လာတယ်။ နောက်ပြီးတော့ မူဝါဒတွေ ချမှတ်တဲ့နေရာမှာလည်း အမျိုးသမီးနဲ့ ပတ်သက်ပြီးတော့ ပိုပြီးတော့ အမျိုးသမီးတွေဘက်က မနစ်နာတဲ့ကိစ္စတွေ အများကြီးဆောင်ရွက်ထားတာ ရှိတဲ့အတွက်ကြောင့် ဒါကလဲ လူကုန်ကူးမှုပြဿနာမှာလည်း အမျိုးသား၊ အမျိုးသမီး ရောနေတယ်ဆိုပေမယ့် အဓိက အမျိုးသမီးတွေအတွက် ကာကွယ်စောင့်ရှောက်တဲ့အပိုင်းက ပိုပြီးထိရောက်လာတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အခုနောက်ဆုံး သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးတို့ ဒီလူမှုဝန်ထမ်းဌာနကတော့ လူကယ်ပြန်ဆိုတော့ ကယ်ဆယ်ရေးနဲ့ နေရာပြန်ချထားရေး အရေးကြီးတာပေါ့။ အဲဒီတော့ မြန်မာနိုင်ငံမှာ ကြုံခဲ့ရတဲ့ သဘာဝဘေးအန္တရာယ် ရေဘေး၊ မီးလောင်တဲ့ကိစ္စတို့ ဘာတို့ပေါ့။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီး အခု ဒီအကြိမ်အထိ အားရကျေနပ်မှု ရှိပါလား။ ကူညီရတာတွေနဲ့ ပတ်သက်ပြီးတော့။
ဒေါက်တာဝင်းမြတ်အေး ။ ။ ရက် (၁၀၀) စီမံချက်ထဲကို ဝန်ကြီးဌာနက ပြည်သူက ယုံကြည်ကိုးစားတဲ့ ဝန်ကြီးဌာနဖြစ်အောင် ကြိုးစားမယ်။ ပြည်သူနဲ့ အနီးစပ်ဆုံး ဖြစ်အောင် ကြိုးစားမယ်လို့ ကျနော်တို့ ဆောင်ရွက်ခဲ့တယ်။ သဘာဝဘေး ကျရောက်တယ်ဆိုရင် အလျှင်အမြန် သတင်းရရှိအောင် ကျနော်တို့ လုပ်ဆောင်ထားတယ်။ ပြီးတော့ Hot lines တွေ တပ်ဆင်ထားတယ်။ နောက်ပြီးတော့ အပြန်အလှန် ဆက်သွယ်တဲ့ Mobile Application တွေ လုပ်တယ်။ အဲဒီလိုနည်းအားဖြင့် ကျနော်တို့ သတင်းတွေ အလျင်အမြန်ရတယ်။ ရတဲ့အခါကြရင်လဲ အလျင်အမြန် တုံ့ပြန်တဲ့စနစ်ကို လုပ်ကိုလုပ်ရမယ်ဆိုတာကို ကိုယ်တိုင်လည်း နေရာတော်တော်များများကို ရောက်တယ်။ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လိုက်တဲ့ အတွက်ကြောင့် ပိုပြီးတော့ ထိရောက်စွာဆောင်ရွက်နိုင်တဲ့ အတွက်ကြောင့် ဒီဟာနဲ့ ပတ်သက်လို့ ကျနော်အနေနဲ့ ပြီးခဲ့တဲ့ ကာလတလျှောက်လုံးမှာ ကျေနပ်ပါတယ်။ ဒါပေမဲ့ အားရသလားဆိုရင် အားမရတဲ့အပိုင်းတွေက ဘာလဲဆိုတော့ ကျနော်တို့ တကယ်ပြည်သူလူထုကို ဖြန့်ဝေတဲ့အပိုင်းကြတော့ ကျနော်တို့က လူအင်အားနည်းပါတယ်။ နည်းပါးတော့ အဆင့်ဆင့် အားကိုဆောင်ရွက်ရတာတွေ ရှိတယ်။ ဆိုလိုတာကတော့ ကျနော်တို့ ကယ်ဆယ်ရေးပစ္စည်းတွေက လိုတာပိုတာ မရှိဖို့ လိုပါတယ်။ တချို့နေရာတွေမှာ မရောက်ဘူး။ လိုသွားတယ်။ တချို့နေရာကြတော့ ပုံပြီးတော့ ပိုနေတယ်။ အပိုနဲ့အလိုကို မျှဖို့အတွက် ကျနော်တို့ ဝန်ကြီးဌာနတခုတည်း မဟုတ် ပြည်သူရဲ့အား၊ အခုနပြောတဲ့ လူမှု့အဖွဲ့အစည်းတွေရဲ့ အင်အားနဲ့ ဆောင်ရွက်နိုင်နေတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အားလုံးခြုံပြီး ပြောရရင် အာဆီယံမပါ၊ တခြားနိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ပံ့ပိုးကူညီမှု အနေအထားက ဘယ်လို ရှိပါလဲရှင့်။
ဒေါက်တာဝင်းမြတ်အေး ။ ။ နိုင်ငံတကာအဖွဲ့အစည်းက သဘာဝဘေးနဲ့ ပတ်သက်ရင်တော့ နိုင်ငံတကာအဖွဲ့အစည်းက သဘာဝဘေးကျရောက်တဲ့အခါမှာ ဒါဟာဖြစ် ကြီးမားတဲ့ သဘာဝဘေးလို့ ကြေညာမှ နိုင်ငံတကာအဖွဲ့အစည်းက ဝင်လာမှာ။ သို့မဟုတ်က ပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ အစိုးရနဲ့ ပူးပေါင်းတာနဲ့ လုံလောက်နေတာ ဖြစ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းကတော့ ကူညီချင်တာတွေ ရှိပါတယ်။ ကျနော်တို့ လိုအပ်ရင် ဒါကို ကြေညာပြီးတော့ အကူအညီတွေကို လက်ခံတာဖြစ်ပါတယ်။ ကျနော်တို့လည်း တခြားနိုင်ငံမှာဖြစ်တယ်။ သူတို့ ကြေညာတယ်။ အကူအညီတောင်းတယ်ဆိုရင် ချက်ချင်း ကျနော်တို့နိုင်ငံကလည်း တုံ့ပြန်ပြီးတော့ ကူညီနေတယ် ဖြစ်ပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ ဝန်ထမ်းတွေရဲ့ Capacity building သူတို့ရဲ့ စွမ်းဆောင်ရေး မြှင့်တင်ရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာ သင်တန်းတွေ ပို့တာတွေ ရှိပါလား။
ဒေါက်တာဝင်းမြတ်အေး ။ ။ အများကြီးရှိတယ်။ ကျနော်တို့ ဝန်ကြီးဌာနက တကယ်တော့ နိုင်ငံတကာသင်တန်းကို တော်တော်ကို သွားရတယ်။ အများကြီး သွားရတယ့် ဝန်ကြီးဌာနတခုလို့ ပြောရင်လဲ မမှားပါဘူး။ တော်တော်များများ သင်တန်းတွေ ရှိပါတယ်။ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စတွေ ရှိတယ်။ ဥပမာ ကုလသမဂ္ဂ Convention နဲ့ ကိစ္စတွေ၊ Sustainable development goal ဒါနဲ့ ပတ်သက်တဲ့ ကိစ္စတွေ အများကြီးရှိပါတယ်။ အထူးသဖြင့်တော့ အာဆီယံနိုင်ငံချင်း ချိတ်ဆက်တဲ့နေရာမှာ ကျနော်တို့အနေနဲ့ နိုင်ငံတကာကို သွားပြီးတော့ သင်တန်းတွေတက်တယ်။ အဖွဲ့အစည်းတွေ၊ အစည်းအဝေးတွေ သွားတက်တယ်ဆိုတာ တခါမှ မလွတ်အောင် လုပ်နေတဲ့အတွက်ကြောင့် အင်မတန်ကို ချိတ်ဆက်မိမိနဲ့ ဆောင်ရွက်နိုင်ပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ နိုင်ငံတကာ အတွေ့အကြုံတွေလည်း ရတာပေါ့။ အခုလို အချိန်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။
ဒေါက်တာဝင်းမြအေး ။ ။ ကျနော်လည်း ကျေးဇူးတင်ပါတယ်။ ကျနော်တို့ ဝန်ကြီးဌာနအကြောင်းကို တင်ပြခွင့်ရတဲ့အတွက်။