ဒီတပတ် မြန်မာ့အရေး ဆွေးနွေးခန်းအစီအစဉ်မှာ အာကာသ စူးစမ်းမှုတွေလုပ်တဲ့ NASA မှာ လူတွေရဲ့ နေ့စဉ်ဘဝ၊ လှုပ်ရှားမှုတွေ၊ အဆင်ပြေစေမယ့် တီထွင်မှုတွေ လုပ်နေတာပါ။ တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ထားတဲ့ ဒီ တီထွင်မှု၊ သုတေသနတွေမှာ မြန်မာနိုင်ငံက လူငယ်တွေ ဘယ်လို ပါဝင်နိုင်ပါသလဲ။ ဒီတပတ် မြန်မာအရေး ဆွေးနွေးခန်းအစီအစဉ်မှာ NASA သိပ္ပံပညာရှင် ဒေါက်တာပဒေသာတင် ကို VOA ရုံးချုပ်မှာ ဒေါ်ခင်မျိုးသက် က တွေ့ဆုံမေးမြန်းထားပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ NASA သုတေသနဌာနတွေက အရမ်းလည်း နာမည်ကြီးပါတယ်။ ကမ္ဘာမှာ ထိပ်ဆုံးမှာ။ ဦးပဒေသာတင်ကိုယ်တိုင် လုပ်တဲ့ သုတေသနတွေ ဘယ်နှစ်ခုလောက် ရှိပါလဲ။ ဘာတွေ လုပ်နေပါလဲ။ နည်းနည်းပြောပြပေးပါ။
ဒေါက်တာပဒေသာတင် ။ ။ ကျနော် ၁၉၈၉-၉၀ လောက်က ရတဲ့ ပါရဂူဘွဲ့ရတုန်းက လေဆာရူပဗေဒနဲ့ ရတာပါ။ NASA က မိတ်ဆွေတွေက ကျနော့်ကို ဖိတ်ကြားပါတယ်. ခင်များ လေဆာရူပဗေဒနဲ့ အောင်ခဲ့တာ၊ အပြည်ပြည်ဆိုင်ရာ အာကာသ သုတေသနဌာနမှာ လေဆာသုံးပြီးတော့ သုတေသန လုပ်နိုင်တဲ့ ရူပဗေဒဘာသာရပ်တွေ လေ့လာဖို့အတွက်ကို လာလုပ်ပေးနိုင်မလားဆိုပြီး ကမ်းလှမ်းတဲ့အတွက် စလုပ်တာပါ။ စလုပ်တုန်းက လေဆာနဲ့ အလွန်တရာမှသေးတဲ့ Nanometer လောက်ရှိတဲ့ အမှုန်သေးသေးလေးတွေက ဘယ်လို သူတို့ တခုနဲ့တခု ကွဲသွားပြီးတဲ့အခါ ပုံဆောင်ခဲ့ပုံသဏ္ဍာန်လေးတွေ ဘယ်လို ဖြစ်သွားလဲဆိုတာကို Colleteral physics လို့ ခေါ်ပါတယ်။ Colleteral physics နဲ့ ပြီးတဲ့အခါကြတော့ လေဆာသုံးပြီး သုတေသနလုပ်တဲ့ စက်တွေကို ကျနော် ကူညီပြီးတော့ ဆောက်ပေးပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ အဲဒါ ဘယ်နှစ်ခုနှစ်လောက်ကပါလဲ။
ဒေါက်တာပဒေသာတင် ။ ။ ၁၉၉၅ လောက်ကပါ။ ကျနော်အောင်ပြီး ငါးနှစ်လောက်အကြာမှာ။ ဟိုဘက်ကနေ ပြောင်းလာပြီးတော့ စလုပ်ပါတယ်။ အဲဒါ လုပ်နေရင်နဲ့ ကျနော်နဲ့ တွဲဘက်ပြီးလုပ်တဲ့ သုတေသနတွေထဲမှာ အပြည်ပြည်ဆိုင်ရာ အာကာသ သုတေသနစခန်းကြီးထဲမှာ သွားမလုပ်ခင်၊ Groundbase .. ဆိုတာ ဒီကမ္ဘာပေါ်မှာ သုတေသနအတွက်ကို အခြေခံကျကျနဲ့ တကယ်ကို ပြီးအောင်လုပ်ပြီးပြီလား။ လုပ်လို့မရတော့ ကမ္ဘာ့ဆွဲအားကြောင့် လုပ်လို့မရတာက Justification အဲဒီအကြောင်းပြချက် သိပ်ခိုင်လုံလို့ရှိရင် ကျနော်တို့ တက္ကသိုလ်တွေဆီမှာ ရှိတဲ့ဟာ အမေရိကန်နိုင်ငံအစိုးရက ထောက်ပံ့ထားတဲ့ အစိုးရရဲ့ သုတေသနဌာနတွေမှာ ဒီလို သုတေသနကို ရေးလို့ရတယ်။ ရေးပြီးတဲ့အခါ ကျနော်တို့ ဒီလို သုတေသနတွေ လုပ်ချင်ပါတယ်ဆိုပြီး လုပ်ခွင့်ရှိပါတယ်။ ကျနော် အဲဒီတုန်းက လျှောက်ဖူးပါတယ်။ လျှောက်တဲ့အခါ ရပါတယ်။ ကမ္ဘာပေါ်မှာ သုတေသန လုပ်လို့ရတဲ့ ရူပဗေဒနဲ့ သက်ဆိုင်တဲ့ဟာ Colleteral physics နဲ့ သက်ဆိုင်တဲ့ဟာ အရည်ပုံဆောင်ခဲ့လိုဟာနဲ့ သုတေသနတွေ စပြီးတော့ ကိုယ်ကိုယ်တိုင် အခြေခံလုပ်ပါတယ်။ နောက်ပိုင်းကြတော့ ကျနော် Senior Scientist ဖြစ်လာတဲ့အခါ အုပ်ချုပ်တာကတပိုင်း၊ သုတေသနလုပ်တာတပိုင်း။ သုတေသန လုပ်နေတဲ့ အမေရိကန်တနိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်တွေ ထိပ်တန်းတက္ကသိုလ်တွေက ပညာရှင်တွေ၊ ပါမောက္ခတွေက ကမ္ဘာပေါ်မှာလုပ်တဲ့ သုတေသနတွေနဲ့ မလုံလောက်ဘူး။ အပြည်ပြည်ဆိုင်ရာ စခန်းထဲမှာသွားပြီးလုပ်မှရမယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့ဆွဲအား မရှိဘူး။ ကမ္ဘာ့ဆွဲအား မရှိတဲ့နေရာမှာလုပ်ဖို့ သုတေသနအသစ်ကို ဘာတွေလုပ်ချင်တယ်လို့ ပြောတယ်။ ရူပဗေဒဌာနတင် မဟုတ်ပါဘူး။ Chemical Engineering, Mechinical Engineering ပြီးတဲ့အခါကြတော့ Material Science သတ္တုရောတွေကို ဘယ်လိုလုပ်ရင်ရတယ် - ကျနော်တို့ဆီကို အဲဒီ သုတေသန စာတမ်းတွေတင်ပြီး သူတို့ ဘာလုပ်ချင်လဲဆိုတာကို ပြောတယ်။ အဲဒါတွေကို ကျနော်က စီစစ်ရတယ်။ သွားလုပ်သင့်တယ်၊ မလုပ်သင့်ဘူး။ ဘယ်လောက်အထိကြာကြာ လုပ်သင့်တယ်ဆိုတာတွေကို လုပ်ရတာ တပိုင်းရှိတယ်။ ဥပမာအားဖြင့် ဘာလဲဆိုရင် အပြည်ပြည်ဆိုင်ရာ အာကာသစခန်းထဲမှာ သွားလုပ်တဲ့ သုတေသနတခု ရှိပါတယ် … အကယ်၍ ဒီကနေ အင်္ဂါဂြိုလ်ဆိုရင် ကိုးလခွဲသွားရမယ်။ ဟိုမှာ တနှစ်ခွဲ နေရမယ်။ ကိုးလခွဲ ပြန်လာမယ်။ နောက် ဆယ့်ငါးနှစ်လောက်ဆို ဖြစ်တော့မယ်။ အဲဒီလောက်ဝေးတဲ့ ခရီးကို သွားနေတဲ့အချိန်မှာ သူတို့မှာ တစုံတခု ဖြစ်ခဲ့လို့ရှိရင် ဒဏ်ရာရခဲ့လို့ရှိရင် ခွဲစိတ်ကုသတဲ့ ဆရာဝန်တွေ ပါသွားမှာ။ ဟိုမှုာ သိပ်ကောင်းတဲ့ ရေသန့်ရှိတယ်။ ဒီထက်သန့်အောင်လုပ်ပြီးပြီ။ လုပ်လို့ရပြီဆိုလို့ရှိရင် ဒီဆားရည်ပုလင်းတွေကို ဂါလံတွေနဲ့ သယ်သွားမယ့်အစား တကယ်ကို Purified လုပ်ထားတဲ့ သန့်ထားတဲ့ ဆားနဲ့ ဟိုမှာရှိတဲ့ ရေကို ရောပြီးမှ ဆားရည်ပြန်ဖြစ်အောင် လုပ်လို့ရတယ်။
ဒေါ်ခင်မျိုးသက် ။ ။ တက္ကသိုလ်တွေက တင်တဲ့ သုတေသနစာတမ်းတွေနဲ့ NASA သုတေသနဌာနကနေ ပူးပေါင်းပြီး၊ ကူညီပြီး လုပ်ပေးတာ။ တက္ကသိုလ်တွေကိုလည်း လုပ်ပေးတယ်။ ကိုယ်စမ်းချင်တာတွေလည်း စမ်းလို့ရတယ်။ ဆိုတော့ ပထမဦးဆုံးက မိုးလေဝသဌာနကလုပ်တဲ့ သုတေသန။ ဒုတိယက တက္ကသိုလ်တွေက တင်သွင်းလာတဲ့ စာတမ်းတွေထဲမှာမှ ဘယ်စာတမ်းက NASA နဲ့ သင့်တော်တယ်။ ဘယ်မှာ သုတေသန လုပ်သင့်တယ်ဆိုတာကို လုပ်ပေးတဲ့သဘော။ ကိုယ်တိုင်တော့ လုပ်တဲ့ဟာလေးတွေ ပြောပြပေးပါအုံး။ တခြားဘာတွေ လုပ်တယ်ဆိုတာ။
ဒေါက်တာပဒေသာတင် ။ ။ တခြားနောက်တခု ဘာလုပ်လဲဆိုတော့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်စပြီး Colorado ပြည်နယ် တက္ကသိုလ်က ပါမောက္ခ သိပ်နာမည်ကြီးပါတယ်။ ပါမောက္ခ Noel Clark က စာတမ်းတခု တင်လိုက်ပါတယ်။ ပုံဆောင်ခဲ ရူပဗေဒနဲ့ ပတ်သက်တယ်။ အဲဒီအချိန်မှာ ဘာလဲဆိုတော့ ကျနော် ပုံဆောင်ခဲရူပဗေဒနဲ့ အောင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရူပဗေဒနဲ့ အခြေခံ ကောင်းတဲ့အတွက် ဒီအခြေခံကို သင်ပေးလိုက်တဲ့ပညာနဲ့ ပုံဆောင်ခဲပညာ၊ အရည်ပုံဆောင်ခဲကို ချက်ချင်းနားလည်အောင် လေ့လာလို့ရပါတယ်။ ရပြီးလို့ တနှစ်လောက်အတွင်းမှာ သူလုပ်နေတဲ့ သူ့ သုတေသနကို ကျနော့်ရဲ့ NASA ဓါတ်ခွဲခန်းထဲမှာ ကိုယ်ကိုယ်တိုင်ပြန်ပြီး လုပ်ပါတယ်။ လုပ်ပြီးတဲ့အခါ အဲဒီ ပါမောက္ခနဲ့ ကျနော်နဲ့ ဥပမာအားဖြင့် ခုနှစ်လောက် သုတေသနတွဲလုပ်တာ ကျနော်တို့ဟာ ကမ္ဘာပေါ်မှာ လုပ်လို့ရတဲ့အဆင့်ကို ကျော်သွားပြီ။ ဒါတွေကိုလည်း နားလည်ပြီ။ အဲဒီအခါကြတော့ ကမ္ဘာ့ဆွဲအားနည်းတဲ့ နေရာမှာ လုပ်ဖို့အတွက် အဆင်သင့် ဖြစ်ပြီးဆိုတာကို ကျနော်ကိုယ်တိုင်လည်း ဆုံးဖြတ်လိုက်ပါတယ်။ အထက်ကိုတင်ပြပြီး ဒီသုတေသနကို ဆက်လုပ်ကြမယ်ဆိုပြီး ဆက်လုပ်တာပါ။
ဒေါ်ခင်မျိုးသက် ။ ။ NASA မှာက ငွေရေးကြေးရေး၊ ပညာရှင် အကုန်လုံး ပံ့ပိုးပေးနေတယ်ဆိုတော့ ဒီဘာသာရပ်တခုကို ဘယ်ဘာသာပဲတတ်တတ် အင်ဂျင်နီယာကဖြစ်ဖြစ်၊ ရူပဗေဒ၊ ဓာတုဗေဒဖြစ်ဖြစ် ဘယ်ဘာသာပဲဖြစ်ဖြစ် အခြေခံကို ရတယ်ဆိုရင် NASA မှာ သုတေသန လုပ်လို့ရတယ်ပေါ့။
ဒေါက်တာပဒေသာတင် ။ ။ NASA မှာ လုပ်တာ ရူပဗေဒနဲ့ အောင်တဲ့လူမှ။ နို့မို့ရှိရင် အင်ဂျင်နီယာနဲ့ အောင်တဲ့လူမှ၊ စက်မှုနဲ့ အောင်တဲ့လူမှ NASA မှာ ဝင်ပြီး လုပ်ရတယ်ဆိုတာ မဟုတ်ပါဘူး။ အင်္ဂါဂြိုလ်မှာရှိတဲ့ သတ္တုအမျိုးအစားတွေက ဘာတွေလဲ။ ပြီးတော့ ဘူမိဗေဒ ပညာရှင်တွေ အရမ်းလိုပါတယ်။ ဓါတုဗေဒဆိုလို့ရှိရင် အရမ်းလိုပါတယ်။ နောက်ပြီး Biotechnology ဆိုလို့ရှိရင် အပင်တွေ စိုက်တဲ့ဟာပေါ့။ ကမ္ဘာ့ဆွဲအားမရှိတဲ့နေရာမှာ အပင်တွေ ဘယ်လိုစိုက်မလဲ။ အပင်ကို ပန်းပင်ရေလောင်းတယ်ဆိုရင် ရေက အောက်ကိုတဖြည်းဖြည်း ကျသွားတယ်။ ကမ္ဘာ့ဆွဲအားကြောင့် ပြီးတဲ့အခါ အမြစ်တွေကို ပျံ့သွားတယ်။ ဟိုမှာက ကမ္ဘာ့ဆွဲအား မရှိတဲ့အခါကြတော့ ရေလောင်းလဲ အောက်ကို မကျသွားဘူး။ ကမ္ဘာ့ဆွဲအား မရှိတဲ့အခါကြတော့ သူက ဘာလဲဆိုတော့ Root Zone အမြစ်ဖျားတွေအထိ ရေရအောင် ဘာလဲဆိုတော့ အပင်စိုက်တဲ့လူက မသိဘူး။ ဒါပေမဲ့ ရေရောက်တဲ့အခါ ရေ ဘယ်နေရာမှာ ရောက်နေတဲ့ဟာမျိုးကြတော့ ကျနော် သိပြန်ကော။ ဒါကြောင့် ကျနော် သူတို့နဲ့ တွဲလုပ်ရတယ်။
ဒေါ်ခင်မျိုးသက် ။ ။ ဦးပဒေသာတင် အခု NASA မှာ သုတေသနတွေ လုပ်တယ်ဆိုတော့ ကိုယ့်လုပ်တဲ့ သုတေသနကိုလည်း VOA ကနေတဆင့် လွှင့်ဖူးပါတယ်။ ဒါပေမဲ့ ဗမာပြည်က လူငယ်လေးတွေ၊ ဒီ သိပ္ပံပညာကို စိတ်ဝင်စားတဲ့ လူငယ်လေးတွေက သူတို့လည်း NASA မှာ သုတေသန လုပ်ချင်တယ်ဆိုရင် ဦးပဒေသာတင် ဘယ်လို အကူအညီပေးနိုင်မလဲ။
ဒေါက်တာပဒေသာတင် ။ ။ ဗမာပြည်မှာလည်း ရူပဗေဒနဲ့ ပတ်သက်တဲ့ ဥပဒေဖြစ်ဖြစ်၊ ဓါတုဗေဒပဲဖြစ်ဖြစ်၊ ဇီဝဗေဒနဲ့ဖြစ်ဖြစ် အဲဒါမျိုး လုပ်ချင်တဲ့ သုတေသန လုပ်ချင်တဲ့ ကလေးတွေကို ကျနော် အားပေးချင်ပါတယ်။ သူတို့က အခြေခံပညာတွေကို တတ်ကိုထားရမယ်။ နားလည်း လည်ရမယ်။ ဘွဲ့လက်မှတ်က အရေးမကြီးဘူး။ အရေးကြီးတာ ဘာလဲဆိုရင် ငါ တကယ် နားလည်တတ်တယ်။ ရူပဗေဒကြောင့် အလုပ်မရဘူးဆိုတာ မရှိဘူး။ အကုန်လုံးက လိုပါတယ်။ ကျနော့်အနေနဲ့ ဘာလုပ်လို့ရလဲဆိုရင် ကျနော့်အနေနဲ့ NASA ကို တန်းလျှောက်လို့ မရနိုင်ဘူး။ ဥပမာအားဖြင့် ကျနော်တို့ အိမ်နီးချင်းနိုင်ငံ ယိုဒယားဆိုလို့ရှိရင် သူ့ရဲ့ အာဏာသ သုတေသနအဖွဲ့ ရှိတယ်။ Thailand’s Aerospace Agency, အိန္ဒိယ Aerospace အေဂျင်စီ အဲဒါမျိုးတွေဆီက။ အဲဒီ အေဂျင်ဆီတွေက တွဲလုပ်သလိုပဲ။ ဗမာပြည်မှာလည်း Aerospace Agecny ရှိမယ်။ ဆိုလို့ရှိရင် ရှိနေရင်၊ ကျနော်အနေနဲ့ တွဲပြီးတော့ သူတို့ကို ကူညီပေးပြီးတော့ ဒီကျောင်းသားအနေနဲ့ NASA ကို ဝင်ပြီးတော့ လုပ်မယ်။ ဒါမှ မဟုတ်သေးရင် NASA နဲ့ တွဲပြီး လုပ်လို့ရတယ့် Program တွေကို ရအောင် ရှာပေးလို့ ရပါတယ်။ ဥပမာအားဖြင့် ဟိုတလောက International Space Station က Chief Scientist Julie Robinson နဲ့ စကားပြောဖူးပါတယ်။ ငါ့ ဗမာပြည်အတွက်ကော၊ ဒို့ကျောင်းသားတွေအတွက် ဘယ်လို လုပ်ပေးရမလဲဆိုတော့ သူက ကျမလည်း ကြိုးစားပေးနေပါတယ်။ သုတေသန အသေးလေး ကျောင်းသားတွေနဲ့ ပါမောက္ခတွေနဲ့ တနိုင်စာလေး လုပ်လို့ ရပါတယ်။ လုပ်ဖို့အတွက်လဲ ကြိုးစားပေးရင် လုပ်ပေးနိုင်ပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။ ဒီကိုလာပြီးတော့ ဖြေကြားပေးတဲ့အတွက်။