သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NASA ဆုရတဲ့ မြန်မာအကာသသိပ္ပံပညာရှင်


Glen သုတေသနဌာနက ဒေါက်တာပဒေသာတင်
Glen သုတေသနဌာနက ဒေါက်တာပဒေသာတင်
တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ အန္တရာယ်ကင်းကင်းနဲ့ အာကာသခရီးစဉ်သွားနိုင်အောင် တီထွင်ကြံဆသူတွေကို NASA က Silver Snoopy Award ချီးမြှင့်ရာမှာ ၂၀၁၈ ခုနှစ်အတွက် Glen သုတေသနဌာနက ဒေါက်တာပဒေသာတင် ရရှိပါတယ်။ ဆုမယူခင်ရက်ပိုင်းအတွင်း ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ ဒေါက်တာပဒေသာတင် ကို ဒေါ်ခင်မျိုးသက်က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ဦးပဒေသာတင်ကို အခုလို VOA ကို လာရောက်ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဦးပဒေသာတင် ဒီလနိုဝင်ဘာလထဲမှာ ဆုယူမယ်လို့ သိရပါတယ်။

ဖြေ ။ ။ Silver Snoopy Award လို့ ခေါ်ပါတယ်။ မှတ်တမ်းတင် ဂုဏ်ပြုတဲ့ ရင်ထိုးလေးတခုပါ။ အဲဒီရင်ထိုးလေးရဲ့ ပုံစံက ကမ္ဘာကျော် နာမည်ရတဲ့၊ လူငယ်တိုင်းသိတဲ့ Charlie Brown ကာတွန်းထဲက အဲဒီခွေးရုပ်လေးပါ။ အဲဒီခွေးရုပ်လေးကို မှတ်တမ်းတင်ပြီး၊ Silver Snoopy ဆိုတော့ ငွေအဆစ်နဲ့လုပ်ထားတဲ့ necktie တို့ ရင်ဘတ်အင်္ကျ ီတို့မှာတပ်တံဆိပ်ကလေးရယ်၊ ပြီးတော့ အာကာသယာဉ်မှူးတွေကိုယ်တိုင် လက်မှတ်ထိုးပြီးတော့ ကျေးဇူးတင်ကြောင်း၊ ဂုဏ်ပြုကြောင်းဆိုတဲ့ စာရွက်စာတမ်းလေးနှစ်ခုနဲ့ အဲဒီဟာကိုပေးတဲ့ ဂုဏ်ပြုမှတ်တမ်းလွှာပါ။

မေး ။ ။ ဦးပဒေသာတင် အခုလို ဒီဆုအတွက်ကို တသက်မှာ တခါပဲရတယ်လို့ ပြောပါတယ်။ ဆိုတော့ ဘာကြောင့် တသက်မှာ တခါပဲ ပေးရတာလဲ။ အဲဒါကို ပြောပြပေးပါ။

ဖြေ ။ ။ NASA မှာ ကျနော် လုပ်ခဲ့တဲ့အချိန်ပိုင်းအတွင်းမှာ ဒီလိုပဲ ထန်းပင်တက်လက်မှတ်တွေကတော့ ပေးနေကြပါ။ ဒါပေမဲ့ ဒီဂုဏ်ပြုလွှာကြတော့ သူ့ရဲ့ထူးခြားမှုတခုက လုပ်ငန်းခွင်တသက်တာမှာ တကြိမ်ပဲရတယ်။ နောက်ပြီးတော့ လုပ်သက်ပေါ် မူမတည်ပါဘူး။ ၁၉၆၇-၆၈ ခုနှစ်လောက်ကတည်းက အာကာသစူးစမ်းလေ့လာမှုမှာ လူလိုက်ပါတဲ့ဟာတွေ ပါလာပါတယ်။ အမေရိကန်နိုင်ငံရဲ့ အာကာသအစီအစဉ်ထဲမှာ Mecury ဆိုတဲ့ ဒုံးပျံယာဉ်မှာ ပထမဦးဆုံး လိုက်ပါတဲ့လူဟာ အာကာသယာဉ်မှူးက Alan Shepard ဖြစ်ပါတယ်။ ပါသွားတဲ့ အာကာသယာဉ်မှူးတွေအတွက်က အများကြီးအသက်စွန့်ပြီးတော့ သွားရတယ်။ ဒုံးပျံကြီးတခုဆောက်တာ၊ အာကာသယာဉ်ထဲမှာပါတဲ့ အစိတ်အပိုင်းတွေ - အဲဒါတွေ အကုန်လုံးကို မပျက်စီးအောင်၊ မပေါက်ကွဲအောင် ဒါတွေကိုလုပ်ဖို့က အင်ဂျင်နီယာတွေ၊ သိပ္ပံပညာရှင်တွေ၊ ဒုံးပျံဆောက်တဲ့လူတွေအပြင် ဒုံးပျံကို ပစ်တင်တဲ့လူတွေကအစ Operationers သူတို့တွေရဲ့ လက်ထဲမှာ အများကြီး မူတည်ပါတယ်။

ဒီလူတွေက မိမိကိုပေးထားတဲ့ တာဝန်တွေရဲ့ Beyond your assigned schedule ကိုယ့်ကိုပေးထားတဲ့ တာဝန်ထက်ပိုပြီးတော့ အသက်ကိုစွန့်ပြီးတော့မှ သုတေသန လုပ်ရတဲ့ လူတွေပါသွားတဲ့အတွက် သူတို့အသက်မဆုံးပါရအောင် အဓိကထားပါတယ်။ အဲဒါ သိပ်အရေးကြီးပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ အမေရိကန်နိုင်ငံမှာရှိတဲ့ အမျိုးသားလေကြောင်းနဲ့ အာကာသသုတေသနဌာနကနေ ဌာနပေါင်း (၉) ခု ရှိပါတယ်။ အဲဒီ (၉) ခုထဲမှာ ကျနော်လုပ်တာကတော့ Glen Research Center မှာပါ။ Center တခုကို တနှစ်မှာ သုံးလေးယောက်လောက် ပေးပါတယ်။ အဲဒါကို Space Flight Awareness လို့ ခေါ်ပါတယ်။

မေး ။ ။ ဦးပဒေသာတင် ပြောအရဆိုရင် လူလိုက်ပါသွားတဲ့ အာကာသယာဉ်တွေ၊ ယာဉ်မှူးတွေ အန္တရာယ်မရှိအောင်၊ ပြီးတော့ စမ်းသပ်သုတေသနလုပ်တဲ့ လူတွေပါ အန္တရာယ်မရှိအောင် ဘယ်လောက်များ အန္တရာယ်ကြီးပါသလဲ။ ဒီလိုမျိုး အန္တရာယ်ဖြစ်ပြီးတော့ ဥပမာလေးနဲ့ နည်းနည်းပြောပြပေးပါ။

ဖြေ ။ ။ ဥပမာဆိုလို့ရှိရင် ရုရှားနိုင်ငံရဲ့ Roscosmos - Russian Space Agency ရဲ့ ဒုံးပျံကိုသုံးပြီးတော့ လူလိုက်ပါတယ်။ မကြာခင်လက ပျက်ကျသွားတာ ဒုံးပျံရဲ့အောက်မှာ လောင်စာတွေအပြည့်ထည့်ပြီးတော့ ဒုံးပျံကို ပစ်တင်လိုက်တယ်။ သူ့ရဲ့အပေါ်မှာ ဘာရှိလဲဆိုတော့ စက်အစိတ်အပိုင်းရှိတဲ့ ဒီလွန်ပျံအာကာသ - အပြည်ပြည်ဆိုင်ရာ အာကာစခန်းမှာ သုတေသနလုပ်မယ့် စက်တွေလည်း ထည့်ပေးလိုက်တယ်။ နောက် အဲဒီအပေါ်ရဲ့တဆင့်မှာ ဘာလဲဆိုတော့ လူနှစ်ယောက်ပါတဲ့ စီးနှင်းလိုက်ပါတဲ့ ယာဉ်ကလေးပါတယ်။ အဲဒီယာဉ်ကလေးက အပေါ်ဆုံးမှာပါ။ အဲဒီအပေါ်ဆုံးမှာ ဘာရှိလဲဆိုတော့ ဒုံးပျံအသေးလေးတခု လုပ်ထားတယ်။ Emergency Escape Module လို့ ခေါ်ပါတယ်။ အခုန Soyuz အာကာသယာဉ် ပစ်တင်လိုက်တဲ့အချိန်မှာ ဒုတိယအဆင့်မှာ လောင်းရမယ့် လောင်စာက မလောင်းဘဲနဲ့ တစုံတခုဖြစ်တယ်။ မလောင်းဘူးဆိုရင် တစုံတခုကြောင့် ပေါက်ကွဲတော့မယ်ဆိုတာကို သိတယ်။ သိတာနဲ့ အပေါ်ဆုံးက Safety Vehicle – Rocket အသေးလေးကို တေ့ပြီးဖြုတ်ချလိုက်ရတယ်။ ဖြုတ်ချလိုက်ပြီးတော့ သူနဲ့လိုက်ပါတဲ့ လူနှစ်ယောက်နဲ့ အပေါ်က ဒုံးပျံလေးက ကမ္ဘာမြေပေါ်ကိုပြန်ဆင်း၊ အခုနဟာကြီးက ပျက်ကျသွားတယ်။

မေး ။ ။ စမ်းသပ်နေတဲ့အခါလဲ ပေါက်ကွဲမှုတွေ၊ အန္တရာယ်ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီက အင်ဂျင်နီယာတွေ အကုန်လုံး၊ စီစဉ်ခန့်ခွဲတဲ့လူတွေ အကုန်လုံးကို ဒီဆုတွေ ပေးတယ်ဆိုတော့ - အတွင်းပိုင်းမှာ ပျံမတက်ဘဲနဲ့ စမ်းသပ်မှုတွေ လုပ်ဆောင်လား။ ဘယ်လောက်အန္တရာယ်ကြီးသလဲ။ ဘာတွေဖြစ်ခဲ့ပါလဲ။

ဖြေ ။ ။ အန္တရာယ်ကြီးတယ်။ ၁၉၆၇ ခုနှစ်မှာ Soyuz No (1) အာကာသယာဉ်ထဲမှာ ပေါက်ကွဲပြီးတော့ ပျက်သွားဖူးပါတယ်။ ဒါက ကမ္ဘာပေါ်မှာ စမ်းသပ်နေတဲ့အချိန်မှာ ဖြစ်တာ။ ၁၉၆၈ ခုနှစ်မှာ အဲဒီအာကာသယာဉ် (၃) ဦး ပါပြီးတော့ သူတော့မပျံခင်မှာ ဒီအာကာသယာဉ်ကို သူတို့ အာကာသယာဉ်မှူး (၃) ဦးကို ထည့်ပြီးတော့ မြေပြင်မှာစမ်းတာ - အဲဒီစမ်းတဲ့အချိန်မှာပဲ လူလိုက်ပါတဲ့အခန်းထဲမှာ အာကာသယာဉ် အစိတ်အပိုင်းလေးထဲမှာ အောက်စီဂျင်အပြည့်ထည့်ထားတယ် အသက်ရှူလို့ရအောင်။ အဲဒီ သူတို့စမ်းနေတဲ့အချိန်မှာ လျှပ်စစ်ရှော့ဖြစ်ပြီးတော့ မီးထတောက်တယ်။ တောက်ပြီးတာနဲ့ ပေါက်ကွဲပြီး အာကာသယာဉ်မှူး (၃) ယောက်လုံး သေသွားတယ်။ ဒါက ၁၉၆၈ ခုနှစ်မှာ။

နောက် လွန်ပျံအာကာသယာဉ် နှစ်ခေါက်ပျက်ဖူးတယ်။ တခုက ဘာလဲဆိုတော့ ၁၉၈၆ ခုနှစ်မှာ Challenger အာကာသယာဉ် - အဲဒီမှာ အာကာသယာဉ်မှူး (၇) ဦး ပါပါတယ်။ အာကာသယာဉ်ကို မောင်းနှင်တဲ့လူ၊ ပဲ့ထိန်းတဲ့လူအပြင် အာကာသသုတေသနလုပ်မယ့်လူ (၃) ယောက်လည်း ပါပါတယ်။ အားလုံးပေါင်း (၇) ယောက်စလုံးက တက်ပြီး (၁၅) စက္ကန့်၊ စက္ကန့် (၂၀) အတွင်းမှာ ဒုံးပျံက ပေါက်ကွဲသွားတယ်။ ပေါက်ကွဲရတဲ့အကြောင်းက ဒုံးပျံကို အပေါ်ကိုလွှတ်တင်ဖို့အတွက် T… က ဘာပါလာလဲဆိုတော့ Liquid Oxygen လိုဟာမျိုး အဲဒါတွေပါတယ်။ သူတို့ပိုက်တွေကို ဆက်တဲ့နေရာတွေမှာ ဘာတွေရှိလဲဆိုရင် Rubber O-ring သိပ်အေးတဲ့အချိန်ကြတော့ အဲဒီ Rubber O-ring က အနုတ် ၂၀၀ နီးပါးလောက်ရှိတဲ့ အပူချိန်လောက်မှာ သူက အက်သွားတယ်။ အဲဒီ Rubber O-ring လေး ပဲ့ထွက်သွားတဲ့အတွက် အဲဒီအချိန်မှာ Oxygen တွေက အပြင်ကို လျှံထွက်ပြီးတော့ ပေါက်သွားခဲ့တယ်။ အကုန်လုံး အသက်ပေးလိုက်ရတယ်။

မေး ။ ။ ဒီလိုမျိုး အင်မတန် အန္တရာယ်ကြီးတဲ့ သုတေသနတွေ လုပ်နေပြီး၊ ဒီလိုပေးတဲ့ဆုကို အခုဘယ်လိုပုံစံမျိုးနဲ့ စောစောကပြောတဲ့ Snoopy အရုပ်လေးပါတဲ့ ဆုတံဆိပ် ငွေဆုတံဆိပ်နဲ့ ဂုဏ်ပြုလက်မှတ်တွေကို ထူးထူးခြားခြား ပေးတယ်လို့ပြောပါတယ်။ ဘယ်လိုပုံစံလေးနဲ့ ပေးသလဲ သိပါရစေ။

ဖြေ ။ ။ အာကာသယာဉ်မှူးတွေကိုယ်တိုင် ပေးပါတယ်။ အဲဒီတော့ အာကာသယာဉ်မှူးတွေက မရဘူး။ ဒါပေမဲ့ သူတို့အသက်မဆုံးအောင်၊ သူတို့အသက်အန္တရာယ်ကို ကာကွယ်အောင်၊ နောက်ပြီးတော့ Mission တခုလုံး အောင်မြင်အောင်၊ ပြီးတော့ ကုန်ကျစရိတ် အနည်းဆုံးဖြစ်အောင် - ဘာဖြစ်လို့လဲဆိုတော့ သန်းနဲ့ချီပြီးတော့ ကုန်ကျတယ်။ ကျနော်လုပ်တဲ့ သုတေသနတခုဆိုရင် ငါးနှစ်ခြောက်နှစ်လောက် လုပ်ရတယ်။ ခုနှစ်သန်းနဲ့ ဆယ်သန်းကြားမှာ ကုန်ပါတယ်။ အဲဒီလို သုတေသနတွေကို အောင်မြင်အောင် လုပ်ရတာရယ်။ အသက်အန္တရာယ် မဖြစ်အောင်လုပ်ရတဲ့အတွက် အာကာသယာဉ်မှူးတွေကိုယ်တိုင် ဒီတံဆိပ်ကလေးကို သူတို့ အာကာသပျံကတည်းက သယ်သွားတယ်။ လက်မှတ်ကလေးတွေလည်း သယ်သွားတယ်။ ဟိုအပေါ်ရောက်မှ လက်မှတ်ထိုး၊ တံဆိပ်ကလေးတွေ ပြန်ယူလာပြီး၊ ပြန်ရောက်တဲ့အခါ .. ‘ငါတို့တော့ အသက်ရှင်သေးတယ်ဆိုပြီးတော့’ လုပ်ပေးတဲ့ လူတွေအကုန်လုံးထဲက ထူးချွန်တဲ့လူတွေ၊ ကြိုးစားပေးတဲ့ လူတွေအတွက်ကို သူတို့ကိုယ်တိုင် လက်ဆွဲနှုတ်ဆက်ပြီး၊ လက်မှတ်ပေးပါတယ်။

မေး ။ ။ မြန်မာနိုင်ငံက အခုမှ တိုးတက်အောင် လုပ်နေတဲ့နိုင်ငံပါ။ ဆိုတော့ အာကာသအထိ သွားဖို့၊ လူရောက်ဖို့တို့၊ သုတေသန စမ်းသပ်တာတွေက မြန်မာနိုင်ငံအတွက် ဘယ်အချိန်လောက်များ လက်လှမ်းမီလာနိုင်မလဲ။ အဲဒီလိုမျိုး လက်လှမ်းမီလာနိုင်အောင် မြန်မာနိုင်ငံအနေနဲ့ ဘာတွေလုပ်ဖို့လိုသလဲ။ အကြံပေးပါ။

ဖြေ ။ ။ အဓိက ဘာလဲဆိုရင် ပညာရေးကဏ္ဍကို အားပေးဖို့ သိပ်အရေးကြီးပါတယ်။ တိုးတက်တဲ့ နိုင်ငံတွေအကုန်လုံးမှာရှိတဲ့ သိပ္ပံပညာရှင်တွေ၊ လူမှုရေးနဲ့ လေ့လာရေး သုတေသနပညာရှင်တွေ ကျနော်နဲ့ အမြဲတမ်းကြုံတဲ့အခါ မေးပါတယ်။ မေးတဲ့အခါ မင်းတို့တိုင်းပြည် တော်တော်ကို ချမ်းသာတယ်။ ဘာကြောင့်ချမ်းသာလဲ။ အဓိက ဘာလဲမေးလို့ရှိရင် သူတို့က တခုပဲ ပြောတယ် - Education တတ်တဲ့၊ သိတဲ့၊ နားလည်တဲ့ ပညာရှင်တွေ အများကြီးမွေးထုတ်ပေးဖို့ လိုပါတယ်။ သုတေသန လုပ်ဖို့အတွက်ကတော့ နိုင်ငံအနေနဲ့ အများကြီးကုန်ကျပေးရပါတယ်။ ဒီလို သုတေသနမျိုးကို တက္ကသိုလ်အဆင့်မှာ လုပ်နေတဲ့ သုတေသနတွေကနေ အာကာသသုတေသနက ခွဲထွက်သွားတာပါ။ အဓိက ကျနော်လုပ်နေတဲ့ သုတေသနဆိုရင် ရူပဗေဒ၊ ဓာတုဗေဒနဲ့ ပတ်သက်တဲ့ သုတေသနတွေ အများဆုံးပါ။ ကျနော်လည်း ဗမာပြည်မှာ မွေးခဲ့တာပါ။ ဗမာတိုင်းရင်းသားအစစ်။ ဒီလို သုတေသနမျိုးကို တတ်ကျွမ်းနိုင်တဲ့အဆင့်အထိကို ကြိုးစားလိုက်ရင် အားလုံးအောင်မြင်မှာပါ။ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ချေအများကြီး ရှိပါတယ်။

မေး ။ ။ ဆိုတော့ အာကာသသိပ္ပံ ပညာထဲမှာ သိပ္ပံပညာရပ်နဲ့ ပတ်သက်တဲ့ အခွဲတွေ - ဘယ်ဟာမျိုးကို မြန်မာနိုင်ငံမှာ ဦးစားပေးသင်ဖို့ လိုတယ်လို့ ထင်ပါလဲ။ ဥပမာ ရူပဗေဒနဲ့ ဓာတုဗေဒတွေက လိုတယ်ပေါ့။

ဖြေ ။ ။ တနေရာပဲပြောမယ် အဲဒါ ဘာလဲဆိုတော့ နောက် (၁၅) နှစ်၊ အနှစ် (၂၀) ဆိုရင် အင်္ဂါဂြိုဟ်ပေါ်ကို လူသွားရတော့မယ်။ လူသွားတယ်ဆိုရင် ဆန်အိတ်တွေ၊ ဆီပုံးတွေ သယ်သွားလို့မရဘူး။ အဲဒီအခါကြတော့ စိုက်ပျိုးရေး သုတေသနတွေ အများကြီးပါလာပါပြီ။ ဗမာပြည်က စိုက်ပျိုးရေးအခြေခံတော့ စိုက်ပျိုးရေးသုတေသနလို နေရာမျိုးမှာ အများကြီး သုတေသနလုပ်လို့ ရပါတယ်။ အဲဒီကနေ ခွဲထွက်သွားပြီးတော့ Space Agriculture လို့ ခေါ်ပါတယ်။ ပြီးတဲ့အခါ Sustainable တခြားဂြိုဟ်တွေပေါ် ရောက်သွားတဲ့အခါ စိုက်လို့ပျိုးလို့မရတဲ့နေရာမှာ စိုက်လို့ပျိုးလို့ရအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ သုတေသနတွေ ပါလာပါတယ်။ ဒါတွေကို လုပ်ဖို့အတွက် အခြေခံက ဘာလဲဆိုတော့ စိုက်ပျိုးရေးပဲဖြစ်ဖြစ်၊ ဇီဝဗေဒပဲဖြစ်ဖြစ်၊ သတ္တဗေဒပဲဖြစ်ဖြစ် - ဒါတွေကို ကိုယ်ဝါသနာပါရာ၊ ကိုယ်ကျွမ်းကျင်တဲ့နေရာမှာ ဒီထက်ပိုပြီးတော့ နားလည်အောင်၊ ပိုပြီးအဆင့်မြင့်မြင့် တက်ကျွမ်းနားလည်အောင် ကြိုးစားလို့ရှိရင် ဒါတွေက ပါလာမှာပါ။

မေး ။ ။ ဆိုတော့ မြန်မာနိုင်ငံက နားထောင်နေတဲ့ ပရိသတ်တွေကို ဒီလိုမျိုး အာကာသနဲ့ ပတ်သက်ပြီးတော့ ဦးပဒေသာတင်အနေနဲ့ ဘာများ အားပေးချင်ပါလဲ။

ဖြေ ။ ။ အားပေးချင်တာကတော့ တချိန်ကြလို့ရှိရင် .. .မကြာမီ အချိန်အတွင်းမှာ ကျနော်တို့တိုင်းပြည်ကနေ ကမ္ဘာကြီးအတွက် ငြိမ်းချမ်းစွာ အသုံးပြုနိုင်မယ့် သုတေသနလုပ်မယ့်၊ အာကာသထဲမှာ သုတေသနလုပ်နိုင်မယ့် လုပ်ငန်းမျိုးကို အောင်မြင်အောင်၊ ဖြစ်ပေါ်လာအောင် ကိုယ့်တိုင်းပြည်ကို ကိုယ်စားပြုတဲ့လူတွေ အများကြီးပေါ်ပေါက်လာအောင် ကြိုးစားစေချင်ပါတယ်။ ဖြစ်နိုင်စွမ်းလည်း ရှိပါတယ်။ ဗမာပြည်မှာလုပ်နိုင်တဲ့ လူတွေအများကြီးရှိပါတယ်။ သူတို့အနေနဲ့ ကျောင်းသူကျောင်းသားတွေ၊ ပညာရှင်တွေ အကုန်လုံး အများကြီးမွေးထုတ်ပေးပါ။ မွေးထုတ်ပြီးတော့ ကြိုးစားပြီးတော့ ဒီဘက်က နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ သုတေသနလုပ်နိုင်ကြပါစေလို့ မျှော်လင့်ပါတယ်။

XS
SM
MD
LG