ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ သတင်းမီဒီယာသမားတွေ အပါအဝင် ဝေဖန်သူတွေကို အပြစ်ပေး၊ အရေးယူနိုင်တဲ့ ဆက်သွယ်ရေးပုဒ်မ (၆၆-ဃ) ကို လွှတ်တော်ကနေ ယာယီဆိုင်းငံထားဖို့ သတင်းမီဒီယာအရေး လှုပ်ရှားသူတွေက တိုက်တွန်းခဲ့ကြပါတယ်။ မြန်မာသတင်းမီဒီယာကောင်စီ ဦးမြင့်ကျော်၊ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်တို့နဲ့ ကိုအောင်လွင်ဦးတို့ တွေ့ဆုံမေးမြန်းထားပါတယ်။
ဦးအောင်လွင်ဦး ။ ။ VOA Studio က ကြိုဆိုပါတယ်။ ဒီနေ့ ဆွေးနွေးဖို့ စဉ်းစားထားတဲ့ အကြောင်းအရာကတော့ အတော်ကို အခြေအတင်ပြောစရာဖြစ်နေတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၆-ဃ) နဲ့ ပတ်သက်ပြီး ဆွေးနွေးမှာပါ။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ က ကိုမြင့်ကျော် ရှိတယ်။ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ကိုနေဘုန်းလတ် ရှိမယ်။ ကျနော်တို့ ဒီကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့။ အရင်ဆုံး ယေဘုယျသဘောထား အခုဆွေးနွေးမယ် ပုဂ္ဂိုလ်နှစ်ဦးရဲ့ သဘောထားကို အကြမ်းမျဉ်း သိချင်တာကတော့ ပြီးခဲ့တဲ့ အမှုအခင်းတွေကတော့ လူတော်တော်များများ ပြောပြီသား ဖြစ်နေတော့ ဒါတွေကို ကျယ်ကျယ်ဝန်းဝန်း ပြန်မကောက်ချင်တော့ဘူး။ ဒါပေမဲ့ ဒီဥပဒေကို တော်တော်များများ တောင်းဆိုနေတာကတော့ ပြင်သင့်တယ်လို့ ပြောတဲ့လူရှိတယ်။ လုံးဝကို ဖျက်သင့်တယ်လို့ ပြောတဲ့လူတွေလည်း ရှိတယ်ဆိုတော့ ဒါနဲ့ ပတ်သက်လို့ ယေဘုယျ ပြင်သင့်တာလား၊ ဖျက်သင့်တာလား ဆိုတာကို အကျဉ်းရုံး ဆွေးမယ့် ပုဂ္ဂိုလ်တွေရဲ့ သဘောထားကို သိချင်ပါတယ်။ အရင်ဆုံး ကိုမြင့်ကျော် သဘောထား ဘယ်လို ရှိလဲ။
ဦးမြင့်ကျော် ။ ။ ဒီဥပဒေ က ပြင်ဆင်မယ်ဆိုလဲ အသရေဖျက်မှုအပိုင်းတို့ဘာတို့ ဒီထဲက ထုတ်ပြစ်လိုက်ပေါ့။ အကယ်၍ ထုတ်ပြစ်လိုက်လို့မှ ဒီဥပဒေက မရဘူး။ ဥပဒေသမားတွေရဲ့ ဥပဒေပြုတဲ့ ရှုထောင့်ကဆိုရင်တော့ ဒီဥပဒေက လုံးဝဖျက်ပြီးတော့ ပြန်ရေး၊ ဒီ Industry နဲ့ သက်ဆိုင်တယ်။ ဆက်သွယ်ရေး၊ လုပ်ငန်းနယ်ပယ်နဲ့ဆိုင်တဲ့ သီးခြားပြန်ရေးဖို့ပဲ ရှိတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေ အကုန်လုံးကို ခြုံငုံပြီး ဖတ်ကြည့်တဲ့အခါမှာ သူက အသရေဖျက်မှုတွေ ဘာတွေနဲ့ ရည်ရွယ်ပြီးရေးတဲ့ ဥပဒေလည်း မဟုတ်ဘူး။ ဒီ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီးတော့ လုပ်ကိုင်တဲ့ လုပ်ငန်းတွေ၊ စီးပွားရေးတွေ အဲဒီလို လုပ်ငန်းဆိုင်ရာတို့၊ အစိုးရရဲ့ လုံခြုံရေး ကွန်ရက်ဆိုင်ရာတို့ အဲဒီလိုဟာမျိုးအတွက် ထုတ်ထားတဲ့ ဥပဒေ။ ဒါပေမဲ့ အသုံးချတဲ့ဟာက တွင်တွင်ကျယ်ကျယ် အသုံးချတာက အဲဒါနဲ့ ဘာမှ မမျှော်လင့်ထားတဲ့ နယ်ပယ်မှာ လာအသုံးချနေတော့ ဒီဟာက ပြင်ရင်ပြင်၊ မပြင်ရင်တော့ ဖျက်သင့်တယ်လို့ ထင်ပါတယ်။
ဦးအောင်လွင်ဦး ။ ။ ကိုနေဘုန်းလတ် သဘော ဘယ်လိုရှိလဲ။
ဦးနေဘုန်းလတ် ။ ။ ဒီဟာက ဆက်သွယ်ရေးဥပဒေ။ ဆက်သွယ်ရေး Telecommunication ပတ်သက်ပြီးတော့ ဒီကောင်က ဥပဒေ သဘောအရ ဒီဥပဒေ က ရှိရမယ်။ ဒီဥပဒေ ရှိထားလို့လဲ Telenor, Ooradoo တို့ ဝင်လာပြီး ဆက်သွယ်ရေးလောကကို အများကြီး ပြောင်းလဲခဲ့တယ်။ ဒါပေမဲ့ ပြဿနာက ၆၆ (ဃ) ကတော့ ဆက်သွယ်ရေးကွန်ရက်ကို ကုမ္ပဏီတွေထက် ဆက်သွယ်ရေး ကွန်ရက်ကို အသုံးပြုတဲ့ End Users တွေကိုပါ သွားပြီးတော့ သက်ရောက်မှု ဖြစ်နေတယ်။ ကျနော်တို့ကတော့ အဲဒီလို End Users အထိ သက်ရောက်တဲ့ကိစ္စကို မထည့်စေချင်ဘူး။ ရှိရင်လဲ သီးခြား ကျနော်တို့ အမြဲပြောတာ Cyber Law လိုမျိုး Online ပေါ်မှာ ဖြစ်နေတဲ့ Cyber Bully လုပ်တာ၊ Cyber Crimes ဖြစ်တာတို့။ နောက်ပြီးတော့ Cyber နည်းပညာကို သုံးပြီးတော့ ပြစ်မှုကျူးလွန်တာတို့၊ အသရေဖျက်တာတို့။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ CyberLaw တို့ သီးခြားရှိစေချင်တယ်။ အဲဒီတော့ နှစ်ချက်ပြောရရင်တော့ ၆၆ (ဃ) ကို ဒီထဲက ဖယ်ထုတ်ပြီးတော့ Cyber Law ထဲ သွားထည့်စေချင်တယ်။ ဒါကတပိုင်း။ အဲဒီလိုမျိုး မလုပ်နိုင်သေခင်တော့ ပထမအဆင့်အနေနဲ့ ပြင်မယ်ဆိုရင်တော့ ၆၆ (ဃ) မှာ အာမခံမရတဲ့ ကိစ္စရယ်၊ ကြားလူကနေ ဆွဲတဲ့ကိစ္စတွေရယ် ဒီလိုကိစ္စတွေကို ပြင်သင့်တယ်။ လိုအပ်မယ်ဆိုရင်လဲ ဒီကောင်ကိုပဲ ဆက်သုံးမယ်ဆိုရင်တော့ တိကျတဲ့ နည်းဥပဒေတွေ ဆွဲသင့်တယ်။
ဦးအောင်လွင်ဦး ။ ။ ကိုနေဘုန်းလတ်လည်း ထောက်ပြသွားတယ်။ ဥပဒေက အလောတကြီး ရေးဆွဲလိုက်ရတဲ့သဘောမျိုး ရှိတယ်။ ဒါပေမဲ့ ဒီနေရာမှာ တခုရှိတာက Online တွေပေါ်မှာ ဖြစ်နေတဲ့ ကိစ္စမျိုးတွေကို အရေးယူနိုင်ဖို့ ဆိုပြီးတော့ ရည်ရွယ်ချက်မျိုးနဲ့ထားအုံး ဒါပေမဲ့ လက်တွေ့ အခုတလော ဖြစ်နေတဲ့ ကိစ္စတွေမှာတော့ အာဏာပိုင်တွေ ဆွဲတာကိုတော့ အရေးယူတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမှုအများစုကို မြင်ကြည့်တော့ အရပ်သားချင်း ဆွဲတာကိုတော့ သက်ဆိုင်ရာရဲစခန်းက အမှုဖွင့်တာတောင် ကျနော်တို့ မတွေ့ဘူး။ ဒါက ကျနော် စိတ်ထဲသွားမြင်မိလဲဆိုတော့ ထိုင်းတို့ဘာတို့မှာ တော်ဝင်မိသားစုကို မစော်ကားရဘူးဆိုတဲ့ ဥပဒေမျိုး ဖြစ်လာတယ်ဆိုတော့ ဒီလို အခြေအနေမျိုး လက်ရှိအချိန်မှာ ဒီဥပဒေကို မပြင်နိုင်၊ မဆင်နိုင်သေးဘူးဆိုရင်ကော လတ်တလော ကြားကာလမှာ ဒါမျိုးတွေ နောက်ထပ် ပြဿနာတွေ ဆက်မပေါ်နိုင်အောင် ဖြေရှင်းနိုင်တဲ့နည်းတွေ ဘာတွေ ရှိမလဲ။
ဦးမြင့်ကျော် ။ ။ ကျနော့်အမြင်မှာတော့ ဒီဥပဒေကို အားလုံးနဲ့ တပြေညီဖြစ်ဖို့အတွက် အစိုးရက တကယ်လက်တွေ့ကျင့်သုံးတဲ့ နေရာမှာ ဥပဒေ ရေးထားတဲ့နေရာမှာ ခွဲခြားပြီး မရေးထားဘူး။ လက်တွေ့ ကျင့်သုံးတဲ့အခါမှာ အားလုံး သတိပြုမိတဲ့အတိုင်းပဲ တသီးပုဂ္ဂလိက တဦးချင်း ပုဂ္ဂလိ အခွင့်အရေးကို ချိုးဖောက်ခံရလို့ ကိုယ့်သရေပျက်လို့ဖြစ်စေ၊ Online ပေါ်က ဖြစ်စေ သွားတိုင်းတဲ့အခါ ရဲစခန်းတို့ ဘာတို့က လုံလောက်တဲ့ ဝိရီယထုတ်ပြီးတော့ ရှာဖွေမျိုး မလုပ်ဘူး။ ကြိုးစားပြီး ဘယ်နေရာက ဘယ်ဝါဆိုတာ မရှိဘူး။ ဒါပေမဲ့ နိုင်ငံရဲ့ ခေါင်းဆောင်၊ တပ်မတော်ခေါင်းဆောင်မျိုး လူကြီးတွေအတွက်ဆိုရင်တော့ ချက်ချင်းကို ဖမ်းဆီးတာ၊ ချက်ချင်းကို ဘယ်သူဘယ်ဝါဆိုတာကို ရှာဖွေဖော်ထုတ်တာတွေ လုပ်တော့ အခွင့်အရေးက မညီမမျှ ဖြစ်နေတယ်။ အဲဒါကိုလဲ တကယ် ကျင့်သုံးမယ်ဆိုရင် အာမခံမျိုး ပေးသင့်တယ်။ အာမခံ မပေးဘဲနဲ့ တန်းပြီးဖမ်းတာရယ်။ နောက်တခုက ဒီလူ ဘယ်သူဘယ်ဝါဆိုတာကို သက်သေပြနိုင်ဖို့အတွက် သက်သေအထောက်အထားတွေနဲ့ စုံစမ်းပြီးမှ အထောက်အထားရှိမှ အဲဒီလူကို တရားစွဲဆိုတာမျိုး၊ နောက်တခုက ဒါတောင်မှ ဖမ်းဆီးပြီးတော့ တန်းပြီး ဖမ်းတာမျိုး မလုပ်ဘဲ အာမခံပေးဖို့ လုပ်သင့်တယ်။ အဲဒီလိုမှ လုပ်ဆောင်ဖို့ သူတို့မှာ အခက်အခဲ ရှိနေတယ်ဆိုရင်တော့ ကျနော့်အမြင်မှာ ဒီဥပဒေကို Freeze လုပ်ထားလိုက်။ ဒီဥပဒေကို မသုံးဘဲနဲ့ ဒီဟာကို လွှတ်တော်က ပြင်ဆင်အတည်ပြုနိုင်တဲ့ တခုခု လုပ်နိုင်တဲ့အချိန်အထိကို ဆိုင်းငံ့ထားဖို့ အကြံပြုခြင်းတယ်။
ဦးအောင်လွင်ဦး ။ ။ ကိုနေဘုန်းလတ် ကို မေးချင်တာက လွှတ်တော်ကိုယ်စားလှယ် တဦးလည်းဖြစ်တော့ လွှတ်တော် လုပ်ထုံလုပ်နည်းတွေအရ ကြားကာလမှာ ဆက်ကူးမတ်ကူးကာလမျိုးမှာ ဥပဒေကို မပြင်နိုင်သေးဘူး။ နောက်ထပ်အသစ် မဆွဲနိုင်သေးဘူးဖြစ်ဖြစ် ကြားကာလမှာ လုပ်နိုင်တဲ့ အခြေအနေမျိုး ဘာရှိလဲ။ လွှတ်တော်အပိုင်းက။
ဦးနေဘုန်းလတ် ။ ။ လွှတ်တော်အနေနဲ့ ဒါကတော့ ပြည်ထောင်စုနဲ့ ဆိုင်တဲ့ကိစ္စဖြစ်တော့ ပြည်ထောင်စုအဆင့်ဖြစ်တဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့က လုပ်ရမှာပေါ့။ ကျနော်တို့ကတော့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဆိုတော့ ဒီကနေ လုပ်လို့မရဘူး။ လွှတ်တော်က လုပ်လို့ရတာတော့ အမှန်အတိုင်း ပြောရရင် အဆိုပုံစံမျိုး ကျနော်တို့ တင်လို့ရတာပေါ့။ ပုဒ်မ ၈၀ (ခ) မှာပါသည့် ဤဥပဒေအရ ပြစ်မှုတခုခုဖြင့် တရားစွဲဆိုရာတွင် ဝန်ကြီးဌာနတခုခု၏ ကြိုတင်ခွင့်ပြုချက်ကို ရယူရမည်။ ပြောချင်တာက ဝန်ကြီးဌာနမှာ သွားပြီးတော့ အခုနကိစ္စတွေက ဝန်ကြီးဌာနကြောင့်ဖြစ်တာ အစိုးရက အဖွဲ့အစည်းဌာနတခုက ဆွဲရင် ဝန်ကြီးဌာနက လွယ်လွယ်ကူကူနဲ့ ခွင့်ပြုချက် ပေးလိုက်ပြီးတော့ သာမန်လူတွေက ဆွဲရင်တော့ အဲဒီမှာ သွားပြီးတော့ ဖြစ်နေတဲ့ကိစ္စ။ လက်လှမ်းမီတဲ့ကိစ္စမျိုးတွေ။ အဲဒီမှာ Power ရှိတဲ့လူဆွဲရင် မြန်ပြီးတော့၊ Power မရှိတဲ့လူဆွဲရင် ကြာနေတဲ့ပုံစံမျိုး။ ဒီ ဝန်ကြီးဌာနကို ကျနော်တို့က နည်းနည်းလေး တခုခုတိုက်တွန်းတဲ့ အဆိုကို လွှတ်တော်က လုပ်ရမှာပေါ့။ နောက်တခုကတော့ ကိုမြင့်ကျော် ပြောသွားတာကို ဖြည့်ပြောရရင်တော့ သိပ်အန္တရာယ်ကြီးတာ အဲဒါပဲ။ ကျနော်တို့ IT လောကမှာ အတု လုပ်ရတာ သိပ်လွယ်တယ်။ ကျနော့် ပုံယူလိုက်မယ်။ ကျနော်နာမည် သုံးလိုက်မယ်။ ပြီးတော့ ပေါက်တတ်ကရ ပြောမယ်ဆိုရင် ကျနော်ကို ချက်ချင်း လာဖမ်းတာပဲ။ အဲဒီလို ဖြစ်နေတယ်။ အခုနပြောသလို မဖမ်းခင်မှာ သေချာအောင် ဒီအကောင့် (account) ကို စီစစ်မှုမျိုး လုပ်သလား။ အမှန်အတိုင်း ပြောရရင် အခု ဖမ်းသမျှတော့ အဲဒီလို လုပ်တယ်လို့ မကြားမိဘူး။ အဲဒီလိုမျိုး မလုပ်ဘဲနဲ့ ဖမ်းတယ်ဆီးတယ် ပုံစံမျိုးတွေကလည်း လူတိုင်းအချိန်မရွေး ဒုက္ခရောက်သွားနိုင်တဲ့ အခြေအနေမျိုးဖြစ်တယ်။ အဲဒီတော့ အခုန ပြောသလိုမျိုးပဲ ဒီလိုမျိုး ပြဿနာတွေ ရှိနေတဲ့ အနေအထားတခုမှာ မကျင့်သုံးဖို့ ဒီဥပဒေပုဒ်မကို ခဏ Freeze လုပ်ထားတဲ့ ပုံစံမျိုးလေးကို လွှတ်တော်က တိုက်တွန်းပြီးတော့ ဝန်ကြီးဌာနတွေကလည်း လုပ်ပိုင်ခွင့် ရှိပါတယ်။ အဲဒီလို လုပ်ထားမယ်ဆိုရင်တော့ ဒီကြားထဲမှာ ပြဿနာတွေ ငြိမ်းသွားမယ် ထင်ပါတယ်။
ဦးအောင်လွင်ဦး ။ ။ အခုကတော့ ဟုတ်တယ်။ မှန်တာမှားတာ နောက်မှရှင်းအုံး။ လောလောဆယ် အချုပ်ထဲသွားဆိုတဲ့ အခြေအနေ ဖြစ်နေတယ်။ နောက်တခုက တခုရှိတာက ဒါကတော့ ၆၆(ဃ) နဲ့ ပတ်သက်ပြီး ကျနော်တို့ အဓိက ပြောဆိုနေကြတာ။ ဒါပေမဲ့ အလားတူ သိရသလောက်ဆိုရင် အထူးသဖြင့် မီဒီယာအပိုင်းမှာ မီဒီယာကို ဖိနှိပ်မှုတွေ၊ မီဒီယာကို ကန့်သတ်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာကလည်း ဖိအားပေး ပြောတာတွေရှိတယ်။ ကျနော် မှတ်မိသလောက်ဆိုရင် ဒီနှစ် အစောပိုင်းမှာ CPJ တို့ကလည်း အစိုးရကို တိုက်တွန်းတဲ့ ဥပဒေအဟောင်းတွေ ရှိတယ်။ အဲဒီထဲမှာ နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေမျိုး၊ Electronic ဥပဒေမျိုး အဲဒီလို ဥပဒေအဟောင်းတွေ။ လတ်တလောမှာတော့ ကျနော်တို့ သိရသလောက်တော့ ဒီဘက်အစိုးရလက်ထက်အထိ နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေတို့ဘာတို့နဲ့ အရေးယူတာ တော်တော်လေးတော့ မရှိသလောက် ရှားသွားပါပြီ။ ဒါပေမဲ့လဲ ဒီဥပဒေတွေက သုံးမယ်ဆိုရင် သုံးနိုင်တဲ့ အခွင့်အလမ်းတွေက ရှိနေသေးတော့ ဒီလို ဥပဒေအဟောင်းတွေ အထူးသဖြင့် မီဒီယာလောကကို ဖိနှိပ်နိုင်တဲ့ ဥပဒေတွေ ပြင်သင့်တာတွေ၊ လုံးဝဖျက်သင့်တာတွေ ဘာတွေများ ရှိအုံးမလဲ။
ဦးမြင့်ကျော် ။ ။ ကျနော်တို့ ဆွေးနွေးနေကြတာ အဆိုပြုချက်တော့ အခုအချိန်အထိတော့ ပေးနိုင်လောက်တဲ့အဆင့် မရောက်သေးဘူး။ အဆိုပြုလွှာ လွှတ်တော်ကို ပေးနိုင်လောက်တဲ့အဆင့် မရောက်သေးဘူး။ ဒါပေမဲ့ NLD အစိုးရ တက်လာပြီးကတည်းက လွှတ်တော်မှာ ပြင်ဆင်ချင်တဲ့ဟာတွေ ပြင်ဆင်ဖို့ လမ်းပွင့်သွားပြီလို့ မျှော်လင့်ကြတာ။ ဆိုတော့ ကျနော်တို့ မီဒီယာနယ်ပယ်ကလဲ မီဒီယာ လွတ်လပ်ခွင့်အတွက် အဟန့်အတား ရောုက်တဲ့ ဥပဒေတွေ။ ဥပမာ ပုဒ်မ (၅၀၀) ဆိုလဲ ၁၈၆၁ ခုနှစ်ကတည်း ကိုလိုနီလက်ထက်ကတည်းက ပြဌာန်းခဲ့တဲ့ ဥပဒေ အခုအချိန်အထိ ဘာမှ မပြင်မဆင်၊ ခေတ်နဲ့မညီတော့ဘူးပေါ့။ ပြောချင်တာက ဒီဥပဒေကို စပြီးရေးတဲ့ ဗြိတိန်နိုင်ငံသည်ပင် ပုဒ်မ (၅၀၀) ကို အရပ်ဘက် ဥပဒေကို ပြစ်မှုဆိုင်ရာထဲက ရပ်မယ့်ဥပဒေကို ၁၉၈၉ မှာ ပြောင်းထားပြီလို့ နိုင်ငံများ ဥပဒေရှင်များလာတဲ့အခါမှာ ပြောပါတယ်။ အိန္ဒိယလည်း အလားတူပဲ။ ဒီပြစ်မှုဆိုင်ရာထဲမှာ မရှိတော့ဘူး။ ကျနော်တို့ နိုင်ငံထဲမှာ ရှိနေသေးတယ်။ ကျနော်တို့က အဲဒီအမွေ ဆက်ခံပြီးတော့ အခုအချိန်ထိ ရှိနေတာ။ ဒါလဲ ပုဒ်မ (၅၀၀) ကို ကျနော်တို့က ပြစ်မှုဆိုင်ရာကနေ အရပ်ဘက် ဥပဒေကို ပြောင်းဖို့လိုတယ်။ နောက်တခုက နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေ။ အဲဒါလဲ ၁၉၂၃ ဗြိတိသျှ ကိုလိုနီလက်ထက်ကတည်းက ဥပဒေ။ အဲဒါလဲ သတင်းမီဒီယာနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ဒီဥပဒေကိုတော့ တခုလုံးဖျက်ဖို့တော့ မဟုတ်ပါဘူး။ သို့သော် သတင်းမီဒီယာနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ပြင်းထန်လွန်တဲ့ ပြစ်ဒဏ် ခြိမ်းခြောက်လွန်ရာကြတဲ့အတွက် အဲဒါလဲ သတင်းမီဒီယာနဲ့ ဆက်နွယ်ရင် ဘယ်လိုမျိုး လုပ်မလဲဆိုတာလဲ ပြင်ဖို့အတွက် ဥပဒေရှုထောင့်ကနေ ကျနော်တို့ အဆိုပြုထားတာတွေ ရှိပါတယ်။ ဆိုတော့ လောလောဆယ်မှာ အရေးတကြီးဆိုရင်တော့ အဲဒီ နှစ်ခုပေါ့။ အခုတော့ ထပ်တိုးလာတာ ပြောစရာမရှိဘူး။
ဦးအောင်လွင်ဦး ။ ။ ဒါကတော့ ပြင်သင့်တာ၊ ဖျက်သင့်တဲ့ အပိုင်းပေါ့။ နောက်တခါ ဥပဒေပြုရေးမှာလဲ ကိုနေဘုန်းလတ်ကို မေးချင်တာက စောစောကလဲ ကိုနေဘုန်းလတ် ထောက်ပြတာလဲ ရှိတာ။ Cyber Law ဒီဥပဒေတွေဆွဲဖို့၊ ပေါ်လာဖို့၊ ရေးဖို့ပြုဖို့က ဘာတွေ အခက်အခဲတွေ ရှိနေလို့ အခုအချိန်အထိ အချိန်တွေကြန့်ကြာနေရတာလဲ။
ဦးနေဘုန်းလတ် ။ ။ Cyber Law ကတော့ အရင်ကတည်းက ဆွဲထားပြီးပြီ။ မူကြမ်းဆွဲထားပြီးပြီ ရှိတယ်လို့ ကြားတယ်။ အခုအချိန်အထိတော့ မတင်သေးဘူးပေါ့။ ပြောချင်တာကတော့ Cyber Law ကို မြန်မြန်ပြုစေချင်တယ်။ ပြုတဲ့အခါမှာလဲ တခုရှိတာက Cyber Law ဆိုတာ နည်းပညာနဲ့ ပတ်သက်လာပြီရင် နည်းပညာကျွမ်းကျင်တဲ့ အကြံပြုချက်တွေ၊ ဆွေးနွေးချက်တွေ အဲဒီဟာတွေကို ကျယ်ကျယ်ပြန့်ပြန့် ယူပြီးတော့ စနစ်တကျ ဆွဲသင့်တယ်။ ကျနော်တို့ အလောတကြီးနဲ့ မြန်မြန်ဆန်ဆန် Input ကောင်းကောင်းမယူဘဲနဲ့ ဆွဲမယ်ဆိုရင် ထပ်ပြီးတော့ ဥပဒေက ပြည်သူလူထုကို ထီးလို မိုးတဲ့ဟာမျိုး မဖြစ်ဘဲနဲ့ အပေါ်ကနေ ဖိထားတဲ့ ဥပဒေမျိုးတွေ ဖြစ်သွားတတ်တယ်။ ကျနော်ကတော့ သေသေချာချာ လေ့လာသုံးသပ်ပြီးမှ ဒီ Cyber Law ဆိုတာကို ဆွဲစေချင်တယ်။ ဒီလိုဟာမျိုးတွေဆိုရင် ဒီထဲက ဆွဲထုတ်ပြီးတော့ ၆၆ (ဃ) လိုဟာမျိုးကို ဆွဲထုတ်ပြီးတော့ ဟိုဘက်ထဲက ထည့်လိုက်။ တချို့ဟာတွေက ရှိပြီးသာဟာတွေနဲ့ ပြန်ချိတ်ရမှာရှိတယ်။ အသရေဖျက်မှုဆိုရင် ၅၀၀ ရှိတယ်။ ဒါပေမဲ့ အဲဒီ ၅၀၀ က Online ပေါ်က အသရေဖျက်တဲ့ဟာနဲ့ကြတော့ မတူတော့ပြန်ဘူး။ Online ပေါ်မှာ ဘယ်လိုဟာမျိုးကို သက်သေဟာနဲ့ သုံးမှာလဲ။ Screenshot တွေကို ကျနော်တို့က တင်လို့ရလား စသဖြင့် အများကြီး ကျနော်တို့ စဉ်းစားရမယ်။ Cyber Law တွေ လုပ်သင့်တယ်။ နောက်တခုက ကျနော် ဖြည့်ပြောချင်တာက သတင်းမီဒီယာကောင်စီနဲ့ ပတ်သက်တဲ့ သတင်းမီဒီယာ ဥပဒေကိုလည်း ပြန်ပြီးတော့ ပြင်သင့်တယ် ထင်တယ်။ ဒီကောင်ရဲ့ အခန်းကဏ္ဍကိုလည်း မြှင့်စေချင်တယ်။ သတင်းမီဒီယာကောင်စီ အခန်းကဏ္ဍကို အခုဆိုရင် တိုင်ချင်ရင်လဲတိုင်၊ မတိုင်ချင်ရင်လဲရတယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ မီဒီယာနဲ့ ဘာပဲပြဿနာတက်တက် သတင်းမီဒီယာကောင်စီကို တိုင်ပါ။ ပြီးရင် ဖြေရှင်းပါ။ မရတော့မှ ဥပဒေလမ်းကြောင်းနဲ့ သွားပါဆိုတဲ့ဟာကို ပြတ်ပြတ်သားသား ကျနော်တို့က လုပ်စေချင်တယ်။ ဒါမှမဟုတ်ရင် မီဒီယာနဲ့ အစိုးရဆိုတာက ပွတ်တိုက်မှုတွေက အမြဲတမ်း ရှိနေမှာ။ အဲဒီလို ပွတ်တိုက်တိုင်းသာ ပြဿနာတွေ ရှိနေမယ်ဆိုရင်တော့ အဆင်မပြေဘူး။
ဦးအောင်လွင်ဦး ။ ။ ကျေးဇူးတင်ပါတယ်။
ဦးမြင့်ကျော် & ဦးနေဘုန်းလတ် ။ ။ ကျေးဇူးတင်ပါတယ်။