သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွားရေး နဲ့ နိုင်ငံတကာ ကုန်သွယ်ရေးဆိုင်ရာ


စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပွင့်ဆန်း
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပွင့်ဆန်း
ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုမှာ နိုင်ငံရပ်ခြားကို ကုန်ပစ္စည်းတွေ အပြိုင်အဆိုင် တင်ပို့နိုင်ရေးအတွက် GSP (Generalized Special Preferences) လို့ခေါ်တဲ့ အကောက်ခွန်လျှော့ပေါ့မှု အထူးအခွင့်အရေးရဖို့ အရေးကြီးတယ်လို့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပွင့်ဆန်း က ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

ဦးပွင့်ဆန်း ။ ။ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ဖို့ စီးပွားရေးနဲ့ သက်ဆိုင်ရင် ကုန်သွယ်မှုကဏ္ဍက အထူးအရေးကြီးတယ်။ ကုန်သွယ်မှုက စီးပွားရေးတိုးတက်မှုရဲ့ အသက်သွေးကြောဖြစ်တယ်ဆိုတာတော့ ပြောဖို့လိုမယ် မထင်ပါဘူး။ အဲဒီတော့ ကျနော်တို့ ကုန်သွယ်မှုလုပ်တဲ့အခါမှာ ပြည်တွင်းမှာ ကုန်သွယ်မှု လုပ်တာတင်မကဘဲနဲ့ အဓိက ပင်လယ်ရပ်ခြား၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေနဲ့ ကုန်သွယ်မှု ပြုလုပ်တဲ့ကဏ္ဍက အထူးပဲ အရေးကြီးပါတယ်။ အဲဒီတော့ ပြည်ပနိုင်ငံများနဲ့ ကုန်သွယ်မှု ပြုလုပ်တဲ့နေရာမှာ ကိုယ့်နိုင်ငံရဲ့ ထွက်ကုန်တွေကို သူများနိုင်ငံတွေမှာ အဓိက ရောင်းရဖို့က ဈေးကွက်အရ ယှဉ်ပြိုင်နိုင်ဖို့ လိုတာပေါ့။ အဓိကတော့ ဈေးပေါ့။ ကျနော်တို့ ဒီကပို့လိုက်တဲ့ ပစ္စည်းတခုက တဖက်နိုင်ငံထဲကို အကောက်ခွန်သက်သာခွင့်တွေနဲ့ ရသွားမယ်ဆိုလို့ရှိရင် ကျနော်တို့ သူတို့ဈေးကွက်ထဲမှာ ဈေးကွက်ဝေစုကို များများပိုရမှာဖြစ်တယ်။ များများပိုပြီး တင်ပို့ရောင်းချနိုင်မှာဖြစ်တယ်။ ဒါကြောင့်မို့ ဒီ အကောက်ခွန် သက်သာခွင့်ကိစ္စတွေကို ကျနော်တို့က ကုန်သွယ်မှုရတဲ့အခါမှာ ရနိုင်သမျှကောင်းလေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာဖြစ်တယ်။ အဲဒီလို အကောက်ခွန်သက်သာခွင့် ပေးတဲ့အခါမှာလည်း ကျနော်တို့နိုင်ငံဆို အာဆီယံအဖွဲ့ဝင်ဖြစ်တယ်။ ဒါကြောင့်မို့ အာဆီယံဒေသအတွင်း ASEAN Free Trade Agreement အရ တနိုင်ငံနဲ့တနိုင်ငံ အကောက်ခွန်သက်သာခွင့်တွေ ပေးတဲ့အစီအစဉ်မှာလည်း ပါရှိပြီးဖြစ်တယ်။ ဒါ့အပြင်ကို ဒီအပြင် တခြားသောနိုင်ငံများနဲ့လည်း special differential treatments တွေအရ ပေးတယ်။ နောက်တခါ enabling condition အရ တဖတ်သတ်ပြီးတော့ ပေးတဲ့အခြေအနေကိုလည်း ကျနော်တို့အနေနဲ့ ခံစားခဲ့ရတာ ရှိပါတယ်။ အဲဒီလို ရှိတဲ့အတွက်ကြောင့်မို့ ဒီနေ့ အမေရိကန်နိုင်ငံကနေ ကျနော်တို့ကို ပေးခဲ့တဲ့ GSP (Generalized Special Preferences) လို့ခေါ်တဲ့ အထူးအကောက်ခွန် သက်သာခွင့် အခွင့်အရေးကို ပြန်လည်ရရှိအောင် ကြိုးစားနေတာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ပြန်လည်ရရှိအောင်ဆိုတော့ အရင်တုန်းက ရခဲ့ဘူးလား။

ဦးပွင့်ဆန်း ။ ။ ရတယ်။ ကျနော်တို့က GSP အခွင့်အရေးကို အမေရိကန်နိုင်ငံနဲ့ ကုန်သွယ်မှုပြုလုပ်တဲ့အခါမှာ ၁၉၇၆ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ကတည်းကစပြီးတော့ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒါ ဘယ်တုန်းလောက်က ရပ်သွားသလဲ။

ဦးပွင့်ဆန်း ။ ။ ၁၉၈၉ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့မှာ သူတို့က အကောက်ခွန်သက်သာခွင့် (GSP) ကို ပြန်လည်ပြီး ရုတ်သိမ်းခဲ့တာဖြစ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အမေရိကန် နဲ့ ဗမာနိုင်ငံအကြားမှာ ကုန်သွယ်ရေးက ဘယ်လောက်ကြီးကြီးမားမား ရှိနေလို့လဲ။ အမေရိကန်ဘက်ကပို့တဲ့ အတိုင်းအတာနဲ့ ဗမာဘက်ကပို့တဲ့ အတိုင်းအတာ ဘယ်လောက်နှိုင်းယှဉ်လို့ ရသလဲ။

ဦးပွင့်ဆန်း ။ ။ လောလောဆယ် အခြေအနေမှာတော့ ဒီ GSP - ဒါလေးလည်း ကျနော် ရှင်းပြချင်တယ်။ ကျနော်တို့နိုင်ငံကနေ ပို့တဲ့ပစ္စည်းတွေဟာ လောလောဆယ် အမေရိကန် sanction ကလည်း လုပ်ခဲ့တာရှိတယ်။ လုပ်ခဲ့ပြီးတော့ တနှစ် suspend လုပ်ခဲ့တဲ့ အနေအထားမှာ ပိုတောင်မှ ကျနော်တို့က အမေရိကန်နိုင်ငံကနေ ဗမာနိုင်ငံကို အခုနက တင်ပို့လာတဲ့ပစ္စည်း အရေအတွက်က လေးပုံသုံးပုံလောက်က total trade volume ရဲ့ လေးပုံသုံးပုံလောက်က အမေရိကန်နိုင်ငံက ဗမာနိုင်ငံကို တင်ပို့တာဖြစ်တယ်။ ဗမာနိုင်ငံကနေ ပြန် export လုပ်တဲ့ amount ကတော့ လေးပုံတပုံလောက်ပဲရှိတယ်။ ဒါက ဘာကိုပြနေသလဲဆိုတော့ GSP အခွင့်အရေးရရှိရင် ဒီထက်ပိုပြီး ပို့နိုင်တယ်။ GSP အခွင့်အရေး မရလို့ ကျနော်တို့နိုင်ငံက ပစ္စည်းတွေက အမေရိကန်နိုင်ငံကို ဝင်သင့်သလောက် မဝင်နိုင်ဘူး ဖြစ်နေတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဘယ်လိုပစ္စည်းတွေလို့ ပြောချင်တာလဲ။

ဦးပွင့်ဆန်း ။ ။ ဥပမာအားဖြင့် ကျနော်တို့က လယ်ယာထွက်ကုန်ပစ္စည်းတွေ။ ရေထွက်ပစ္စည်းလုပ်ငန်းတွေ။ သစ်တောထွက်ပစ္စည်းတွေ။ ဒီဟာတွေ အဓိကဖြစ်တယ်။ တင်ပို့တဲ့အခါမှာ ကျနော်တို့ GSP အခွင့်အရေးရရင် ပိုမိုတင်ပို့ရောင်းချနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို ပိုမိုတင်ပို့ ရောင်းချနိုင်မှ များများထုတ်လုပ်နိုင်မယ်။ များများထုတ်လုပ်နိုင်မှ ပြည်သူပြည်သားတွေ စီးပွားဖြစ်ထွန်းမယ်။ ဒါတွေက အခြေခံအချက်တွေ။ အဲဒီတော့ လုပ်သားပြည်သူတွေ အခြေခံ တောင်သူလယ်သမား၊ အလုပ်သမားတွေရဲ့ ဝင်ငွေတိုးတက်မှု ရရှိရေးက ကျနော်တို့ ကုန်သွယ်မှုပမာဏကို တိုးမှဖြစ်မယ်။ အဲဒီလို တိုးတဲ့အခါမှာ အခုနပြောသလို ကုန်သွယ်မှု ရိုးရိုးပြည့်ရုံထက် အထူးအခွင့်အရေး GSP ကုန်သွယ်မှုဆိုင်ရာတွေ၊ အကောက်ခွန်ဆိုင်ရာ အထူးအခွင့်အရေး ရရှိရင် ပိုမိုတင်ပို့နိုင်မယ်ဆိုတာကိုသလို့ ကျနော်တို့က ကုန်သွယ်မှု sanction တွေ ရုတ်လိုက်တာနဲ့ တပြိုင်တည်း GSP အခွင့်အရေး ရရှိအောင် ကြိုးစားနေတာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးတော့ သံသယရှိနေတဲ့ အသိုင်းအဝိုင်းတွေကတော့ မြန်မာနိုင်ငံအပေါ်ကို ကုန်သွယ်ရေး၊ စီးပွားရေး ပိတ်စို့မှုတွေ ကန့်သတ်ထားမှုတွေ လျှော့ချလိုက်တာတွေက အချိန်စောလွန်နေသေးတယ်ပေါ့။ အဲဒါအပြင် အလားတူပဲ GSP ဆိုတဲ့ status အရေးမှာလဲ အချိန်စောလွန်နေသေးတယ်လို့ ပြီးခဲ့တဲ့နေ့က အမေရိကန် စီးပွားရေးဌာန ကြားနားပွဲမှာလည်း ဒီလိုတင်ပြတာတွေရှိတယ်။ အဲဒီတော့ ဘယ်အချက်တွေကို အဓိကအားဖြင့် သူတို့ စိုရိမ်နေကြတာလဲဆိုတာကို ရှင်းပြလို့ရမလား။

ဦးပွင့်ဆန်း ။ ။ အဓိကတော့ public hearing တွေမှာ ကျနော်တို့နိုင်ငံကို sanction တွေ ရုတ်လိုက်တာ စောသေးတယ်။ GSP အခွင့်အရေးပေးဖို့ စောသေးတယ်ဆိုပြီးတော့ ဆန့်ကျင်ပြီးတော့ တင်သွင်းပြောဆိုတဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။ အဲဒီလို သူတို့အဖွဲ့အစည်းတွေရဲ့ ထောက်ပြချက်တွေက အဓိကတော့ ဒီ GSP အခွင့်အရေးကို ပထမစပြီး ရုတ်လိုက်တဲ့ ၁၉၈၉ ခုနှစ်က မြန်မာနိုင်ငံရဲ့ အလုပ်သမားကဏ္ဍရဲ့ အခြေအနေတွေကို အဓိကထားပြီးတော့ သူတို့က ထောက်ပြတာရှိတယ်။ နောက်တခါကြတော့ intellectual property rights (IPR) နဲ့ ပတ်သက်ပြီး ဗမာနိုင်ငံရဲ့ ပြုပြင်ဆောင်ရွက်မှုတွေကို သူတို့အနေနဲ့ ဝေဖန်ထောက်ပြတာရှိတယ်။ နောက်တခါကြတော့ child labor နဲ့ child soldier ကိစ္စတွေကို ထောက်ပြတာရှိတယ်။ အဲဒီတော့ ဒီအချက်တွေကို ကြည့်လိုက်ရင် ကျနော်တို့က သူတို့ရဲ့ ၁၉၈၉ ခုနှစ် အဲဒီလောက်တုန်းက ဖြစ်ခဲ့တဲ့၊ အဲဒီတုန်းက အခြေအနေနဲ့ ယနေ့လက်ရှိ ဖြစ်ပေါ်တိုးတက်နေတဲ့ အလုပ်သမားကဏ္ဍ။ နောက်တခါ ခလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးကဏ္ဍတွေ အများကြီး ပြောင်းလဲနေတာကို သူတို့အနေနဲ့ လစ်လျှုရှုထားတဲ့သဘောရှိတယ်။ တချို့ကိစ္စတွေက အများကြီးကျနော်တို့နိုင်ငံမှာ ပြုပြင်ပြောင်းလဲသွားပြီ။ အထူးသဖြင့် အလုပ်သမားတွေကိစ္စတွေ၊ Labor Rights ကိစ္စတွေမှာ အများကြီးပြောင်းလဲဆောင်ရွက်သွားတာကို သူတို့အနေနဲ့ မသိဘဲနဲ့ တဖတ်သက်ပြောနေတာကို ကျနော်တို့အနေနဲ့ ပြန်ရှင်းပြခဲ့ရတာရှိတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဝန်ကြီးအနေနဲ့က မြန်မာနိုင်ငံမှာ ဒီလိုပြုပြင်ပြောင်းလဲမှုဆိုတဲ့နေရာမှာ အလုပ်သမားအခွင့်အရေးကိစ္စမှာ နိုင်ငံတကာ အလုပ်ခွင်စံနှုန်းတွေနဲ့ ကိုက်ညီအောင် ဗမာပြည်မှာ လုပ်ဆောင်လာမှုတွေ ရှိနေပြီလို့ ပြောနိုင်ပြီလား။

ဦးပွင့်ဆန်း ။ ။ မှန်ပါတယ်။ ရှိပါတယ်။ ကျနော်တို့အနေနဲ့ သက်သေအထောက်အထားတွေနဲ့ ခိုင်ခိုင်မာမာ ပြလို့ရတယ်။ ဥပဒေပိုင်ဆိုင်ရာမှာလည်း ပြလို့ရတယ်။ တကယ့်လက်တွေ့ လုပ်ဆောင်မှုဆိုင်ရာမှာလည်း တကယ့်ကို ထင်ထင်ရှားရှား သာဓကတွေနဲ့ ပြလို့ရတယ်။

ဦးသန်းလွင်ထွန်း ။ ။ အနှိမ့်ဆုံးလစာ သတ်မှတ်မှု၊ အလုပ်ချိန်ပိုင်ဆိုင်ရာ၊ အလုပ်သမား လူမှု့ဖူလုံရေးကိစ္စတွေ။

ဦးပွင့်ဆန်း ။ ။ လုပ်ငန်းခွင် ပတ်ဝန်းကျင်သာယာရေးကိစ္စ working environment ကိစ္စတွေ၊ labor association တွေ၊ labor union တွေ ဖွဲ့စည်းမှုဆိုင်ရာမှာ လွတ်လွတ်လပ်လပ် ရှိလာတဲ့ကိစ္စတွေ အများကြီး ကျနော်တို့အနေနဲ့ ပြောင်းလဲသွားပြီဆိုတာ ပြောလို့ရပါတယ်။ ရှင်းလည်းရှင်းပြခဲ့ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ စောစောကပြောတဲ့ Intellectual Rights, Property Rights အသိဉာဏ်အတတ်ပညာနဲ့ ပတ်သက်လို့ မူပိုင်ခွင့်ဆိုင်ရာကိစ္စတွေ။ မူပိုင်ခွင့်ဆိုင်ရာကိစ္စတွေမှာဆိုရင် အထူးသဖြင့် ဗမာပြည်မှာက ဒီမူပိုင်ခွင့်တွေကို အလေးအနက်မထားဘဲနဲ့ နိုင်ငံတကာက မိတ္တူကူးတဲ့ကိစ္စတွေ။ ကော်ပီကူးတဲ့ကိစ္စတွေ အဲဒါတွေကော တကယ်တမ်း ဥပဒေကြပ်မတ်ပြီးတော့ တားဆီးတဲ့ ထိန်းသိမ်းတဲ့ကိစ္စတွေ ရှိနေပြီလား။

ဦးပွင့်ဆန်း ။ ။ အဲဒါကတော့ ကျနော်တို့နိုင်ငံမှာ Copy Rights Act တို့၊ Trademark Act တို့ ဆိုတာတွေက လွန်ခဲ့သော ၁၉၄၃ Copy Rights, နောက်ပြီးတော့ Trademark Act တွေရှိတယ်။ ဒါမျိုးတွေ ဥပဒေအရ ရှိခဲ့တာတွေကို ဒီနေ့အချိန်အခါမျိုးမှာ ကျနော်တို့ ထောက်ပြတဲ့ အနုပညာပိုင်ဆိုင်ရာ မီဒီယာပိုင်ဆိုင်ရာ ကိစ္စတွေမှာ တော်တော်လေးကိုလည်း ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒါလည်း ကျနော်တို့ အရင်တုန်းကဆိုရင်တော့ censor marked video ပေါ့။ အခုကတော့ Copy Rights မရှိတဲ့ ဗီဒီယိုအခွေ၊ စာအုပ်စာတမ်း ဒါတွေကို လိုက်လံပြီးတော့ ကျနော်တို့ အုပ်ချုပ်မှုနည်းလမ်းတွေနဲ့ ကျနော်တို့ လိုက်လံအရေးယူ ဆောင်ရွက်နေတာလည်း ရှိပါတယ်။ နောက်တခါကြတော့ ပိုပြီးတော့ ဒီဥပဒေတွေကကြာပြီ ဖြစ်တဲ့အတွက်ကြောင့် ယနေ့ လက်ရှိ နိုင်ငံအသီးသီးက ကျင့်သုံးတဲ့ IBR စံချိန်စံနှုန်းညွှန်းတွေနဲ့လည်း ညီအောင် ကျနော်တို့ဆီမှာလည်း Intellectual Property Rights ဆိုင်ရာ ဥပဒေအသစ်ကို မကြာခင် ပြဌာန်းအတည်ပြုဖို့ ရှိပါတယ်။ အားလုံးလည်း ဥပဒေကြမ်းအနေနဲ့ ပြုပြင်ပြင်ဆင်ပြီးတော့၊ ပြင်ဆင်ရေးဆွဲပြီးတော့။ ရေးဆွဲတဲ့အခါမှာလည်း စံချိန်စံညွှန်းတွေနဲ့အညီ ကျနော်တို့ WIPO - World Intellectual Property Organization ရဲ့ အကူအညီ၊ နိုင်ငံတကာအကူအညီတွေနဲ့ ရေးဆွဲနေပြီ ဖြစ်ပါတယ်။ အဲဒီ ဥပဒေအသစ်ကြီး အတည်ပြုရေးဆွဲပြီးရင်တော့ ပိုပြီးတော့ enforcement ကိစ္စတွေ ပိုပြီးဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ နောက်တခု တော်တော်များများ စိုရိမ်တကြီး ပြောနေကြတာက အတင်းအဓမ္မလုပ်အားပေး ခိုင်းစေမှုတွေနဲ့ ခလေးသူငယ် လုပ်အားပေး ခိုင်းစေမှုတွေ။ အဲဒါတွေကရော ပပျောက်သွားပြီလို့ ပြောနိုင်ပါသလား။ ရည်ရွယ်ထားတဲ့ အတိုင်းအတာ၊ အချိန်ပိုင်ဆိုင်ရာ နီးစပ်နေပြီလား။

ဦးပွင့်ဆန်း ။ ။ ကျနော်တို့ ဒါကတော့ သူတို့ စွပ်စွဲပြောဆိုခဲ့ပြီး ဗမာနိုင်ငံမှာ ပြုပြင်တာ၊ အရေးယူဆောင်ရွက်မှုတွေ ရှိပါတယ်။ အထူးသဖြင့်တော့ အဓမ္မတွေ ခိုင်းစေမှုဆိုင်ရာ forced labors ကိစ္စဆိုင်ရာတွေကို ဟိုအထက်ကနေ အောက်ခြေကျေးရွာရပ်ကွက် level အထိကို ဒါတွေမလုပ်ဘို့ကိုလည်း အမိန့်ညွှန်ကြားချက်တွေနဲ့ မလုပ်ဘို့ ညွှန်ကြားထားတာ ရှိပါတယ်။ အဲဒီတော့ ကျနော်တို့ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါဟာ ပပျောက်လုနီးပါးရှိနေပါပြီ။ ILO နဲ့ ဗမာနိုင်ငံတို့ Joint Committee ဖွဲ့ပြီးတော့ လုပ်ပြီးတော့ Force Labor ကိစ္စတွေကို ပပျောက်မှုဆိုင်ရာကို ကျနော်တို့ target date ကို ၂၀၁၅ ခုနှစ်ကို သတ်မှတ်ထားတာ ရှိပါတယ်။ အခုတော့ ၂၀၁၃ ဆိုတော့ မကြာတော့ဘူးပေါ့။ (၂) နှစ်၊ (၁) နှစ်ခွဲအချိန်လောက်ပဲ ကျန်ပါတော့တယ်။ ဒါပေမဲ့ ကျနော်တို့ ယုံကြည်ပါတယ်။ အခုတောင်မှ ပပျောက်လုနီးပါး ရှိနေပြီဆိုတဲ့အခါကြတော့ ၂၀၁၅ ခုနှစ်မှာ ပပျောက်သွားမှာ ဖြစ်ပါတယ်။ နောက်တခုကျတော့ လက်ရှိမှာ ကြိုကြားကြိုကြား ပြောဆိုမှုတွေ complaints တွေနဲ့ တိုင်ကြားနိုင်အောင်၊ အရေးယူဆောင်ရွက်နိုင်အောင် ကျနော်တို့ ဒီ complaint mechanism တွေကိုလည်း ကျနော်တို့ တည်ဆောက်ထားပြီး ဖြစ်တဲ့အတွက်ကြောင့်မို့ ဒါကို တဦးတယောက်သောသူက အမိန့်ညွှန်ကြားချက်တွေနဲ့အညီ ပြုမှုဆောင်ရွက်ခဲ့မှု မရှိခဲ့ရင်တောင် ကျနော်တို့ ချက်ချင်းအရေးယူ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး ဖူလုံမှု ဖွံ့ဖြိုးမှုတွေအတွက် နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နံှမှုတွေက အရေးကြီးတယ်။ စီးပွားရေး ဖွံ့ဖြိုးမှုတွေက အရေးကြီးတယ်ဆိုပေမယ့် ဒီနေရာမှာ နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နံှမှုတွေရဲ့ အကျိုးရလဒ်က အရင်စစ်တပ်အသိုင်းအဝိုင်း၊ ဒါမှမဟုတ် အုပ်ချုပ်သူတွေနဲ့ နီးစပ်တဲ့ cronies တွေဆီကိုပဲ ရောက်ကြမယ်ဆိုတဲ့ ထောက်ပြပြောဆိုမှုတွေရှိတယ်။ အဲဒီတော့ တကယ်တမ်း ပြည်ပက ရင်းနှီးမြှုပ်နံှမှုတွေ တိုးတက်လာမယ်။ စီးပွားရေး ဖွံ့ဖြိုးမှုတွေ ဖြစ်လာမယ်ဆိုရင် ပြည်သူလူထုဆီကို တကယ်တမ်း သက်ရောက်မှုရှိပေမယ့် အနေအထားက ဘယ်လောက်အထိ အာမခံနိုင်မလဲ။

ဦးပွင့်ဆန်း ။ ။ ဒါကတော့ ကျနော်တို့ အမြဲတမ်းလည်း နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်က နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုတွေနဲ့ ပတ်သက်ပြီး အမြဲတမ်း အတိအလင်း ကြေညာပြီးတော့ အရေးကြီးတဲ့ အချက် (၄) ချက်ကို အမြဲတမ်း ထုတ်ဖော်ပြောနေတာ ရှိပါတယ်။ အဲဒီအထဲမှာ တချက်ကတော့ ဒီနိုင်ငံခြား ရင်းနှီးမြှုပ်နံှမှုနဲ့ ပတ်သက်ပြီးတော့ အကျိုးစီးပွားဖြစ်ထွန်းမှုက ပြည်သူလူထု တိုင်းပြည်အတွင်းမှာရှိတဲ့ လူတန်းစားမရွေး ပြည်သူလူထုကြားမှာ၊ လုပ်ငန်းရှင်များကြားမှာ အားလုံးညီညီမျှမျှ ပြန့်နံှမှု ရှိစေရမယ်ဆိုတဲ့အချက်ပါတယ်။ နောက် ပြည်တွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို အဓိက အသက်သွေးကြော စီးပွားရေးလုပ်ငန်းတွေကို မထိခိုက်စေရဘူးဆိုတဲ့ အချက်လည်း ပါပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ကျနော်တို့က ဘာပဲလုပ်လုပ် ကျနော်တို့က တိုင်းပြည်မှာ ဆောင်ရွက်နေတာ ဖြစ်ရမှာက အဓိကထား အရေးကြီးဆုံးအချက်က နံပတ်တစ် transparent ဖြစ်ရမယ်။ Transparency ရှိရမယ်။ နံပတ်နှစ် level of plain field ယှဉ်ပြိုင်မှုဆိုင်ရာကိစ္စတွေမှာ တပြေညီ ဖြစ်စေရမယ်ဆိုတဲ့ ရည်ရွယ်ချက်ကလည်း အရေးကြီးဆုံးပါပဲ။ ဒါကြောင့်မို့ ဒီနှစ်ချက်နဲ့ ကျနော်တို့ နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှုတွေကို ဘယ်သူက အကျိုးခံစားရမယ်။ ဘယ်သူက အကျိုးခံစားခွင့် လုပ်ထားတယ်ဆိုတဲ့ အချက်က မှားပါတယ်။ အားလုံး ကိုယ့်စွမ်းအင် ရှိသလောက်၊ စွမ်းအားရှိသလောက် ဆောင်ရွက်နိုင်တယ်။ ပူးပေါင်းဆောင်ရွက်နိုင်တယ်။ နိုင်ငံခြားကလည်း စွမ်းအင်ရှိသလောက် လာပြီးတော့ ကျနော်တို့ ဥပဒေတွေနဲ့အညီ လာရောက်ရင်းနှီးမြှုပ်နံှနိုင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အမေရိကန်ပြည်ထောင်စုကို ခေတ္တရောက်ရှိနေတဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပွင့်ဆန်းနဲ့ တွေ့ဆုံမေးမြန်းခဲ့တာပါ။
XS
SM
MD
LG