ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ Federal ပြည်ထောင်စု ထူထောင်နိုင်ရေးမှာ ဂျာမဏီနိုင်ငံအပါအဝင် Federal စနစ် ကျင့်သုံးနေတဲ့နိုင်ငံတွေရဲ့ စနစ်တွေကို ပုံတူကူးယူ အသုံးပြုဖို့မဟုတ်ဘဲ မြန်မာနိုင်ငံအတွက် သင့်တော်မယ့်အပိုင်းကိုပဲ နမူနာယူ လုပ်ဆောင်သင့်ပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီ သံအမတ်ကြီး Christian-Ludwig Weber-Lortsch က ပြောသွားပါတယ်။ မကြာခင် အစိုးရတာဝန်ယူရတော့မယ့် NLD အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက် အကောင်အထည်ဖေါ်စေချင်ပြီး ပြည်သူလူထုကတော့ အသွင်ကူးပြောင်းရေးကာလမှာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိကြဖို့လည်း ဂျာမနီသံအမတ်ကြီးက တိုက်တွန်းသွားတာပါ။ ရန်ကုန်ရုံးခွဲတာဝန်ခံ ဒေါ်ခင်စိုးဝင်းက သံအမတ်ကြီး Christian-Ludwig Weber-Lortsch ကို သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါရှင်။
Mr. Weber-Lortsch ။ ။ မင်္ဂလာပါ။
ဒေါ်ခင်စိုးဝင်း ။ ။ သံအမတ်ကြီးအနေနဲ့ မအားလပ်တဲ့ကြားက ကျမတို့ကို အခုလို တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။
Mr. Weber-Lortsch ။ ။ အခုလို လာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲလွန် ကာလမှာ ဂျာမဏီနိုင်ငံရဲ့အမြင်၊ သုံးသပ်ချက်နဲ့ မျှော်မှန်းချက်တွေကို သိပါရစေရှင်။
Mr. Weber-Lortsch ။ ။ လွန်ခဲ့တဲ့ (၂၅) နှစ်လောက်က ကျနော်တို့ ဂျာမဏီနိုင်ငံမှာ ပေါင်းစည်းရေးတွေ လုပ်ခဲ့တာကြောင့် ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ အတွေ့အကြုံတွေ ရှိပါတယ်။ ပြုပြင်ပြောင်းလဲရေးဟာ ထင်ထားတာထက် ပိုပြီးတော့ ကြာတတ်ပေမယ့်လဲ ဖြစ်မြောက်အောင်တောင် လုပ်ကြရမှာပါ။ ကျနော်တို့က အပြုသဘော ရှုမြင်ပါတယ်။ ရွေးကောက်ပွဲ ဖြစ်မြောက်အောင် ကျင်းပပေးတဲ့ သမ္မတအပါအဖွဲ့ကိုလည်း ချီးကျူးရမှာပါ။ ဒေသတွင်းနဲ့ နိုင်ငံတကာမှာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ဒီလိုပြုပြင်ရေးကာလမှာ ငြိမ်းငြိမ်းချမ်းချမ်း ရွေးကောက်ပွဲကျင်းပနိုင်တာဟာ အောင်မြင်မှုတခုလို့ ပြောရတာပါ။ ကမ္ဘာအနံှမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် ဒီ အောင်မြင်မှုဟာ သိပ်ပြီးတော့ အသိအမှတ်ပြု မခံရသလို ဖြစ်နေတာပါ။ ကျနော်တို့အနေနဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်အောင် ကျင်းပပေးတဲ့အတွက် မြန်မာအစိုးရကို ဆက်လက်ပြီး ကူညီထောက်ပံ့ပေးသွားပါမယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ဂျာမဏီနိုင်ငံအပါအဝင် EU ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကာလမှာ အဆင်ပြေချောမွေ့အောင် အားပေးထောက်ခံတာတွေ ရှိပါတယ်။ အဲဒီအကြောင်းတွေနဲ့ ပတ်သက်ပြီးတော့ အထူးသဖြင့် ရွေးကောက်ပွဲကာလမှာ ဘယ်လို အထောက်အကူတွေ ပေးခဲ့ပါလဲရှင့်။
Mr. Weber-Lortsch ။ ။ ပြန်ပြောရရင်တော့ ကျနော် မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်လာတာ လွန်ခဲ့တဲ့ (၄) နှစ် ၂၀၁၁ စက်တင်ဘာလမှာပါ။ အချိန်ကောင်းမှာ ရောက်ခဲ့တယ်လို့ ပြောရမှာပါ။ အားလုံး အဲဒီအချိန်တုန်းကပဲ စခဲ့ကြတာပါ။ ကျနော်တို့ စရောက်ကတည်းက မြန်မာအစိုးရနဲ့ ပူးပေါင်းညှိနှိုင်းပြိးတော့ လိုအပ်တာတွေ ကူညီဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ကိုယ်တိုင်လည်း အစိုးရကို ဖြစ်နိုင်မယ်ဆိုရင် EU ဥရောပသမဂ္ဂအနေနဲ့၊ ဂျာမဏီနိုင်ငံအနေနဲ့ပါ နိုင်ငံရေးအရ၊ နည်းပညာပိုင်းအရ ကူညီခွင့်ရရင် ကူညီပေးလိုတယ်လို့ ပြောခဲ့ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လဲ ကျနော်တို့ နိုင်ငံမှာ ဒီမိုကရက်တစ် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အတွေ့အကြုံတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ကျွမ်းကျင်သူတွေကို စေလွှတ်ခဲ့သလို EU ဥရောပသမဂ္ဂရဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ကိုလည်း လာရောက်ပြီးတော့ စောင့်ကြည့်စေခဲ့ပါတယ်။ ဖြစ်ချင်တော့ ဥရောပသမဂ္ဂ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင်က ကျနော့်ရဲ့တပည့်လည်း ဖြစ်ခဲ့တော့ သူက ဒီရွေးကောက်ပွဲမှာ နည်းပညာပိုင်းဆိုင်ရာနဲ့ နိုင်ငံအနံှအပြားမှာ ချောချောမွေ့မွေ့နဲ့ စောင့်ကြည့်ဖို့အတွက် ဦးဆောင်ခဲ့ပါတယ်။ ပြီးတော့ အမေရိကန်ပြည်ထောင်စုက စောင့်ကြည့်လေ့လာရေးအဖွဲ့နဲ့လည်း ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ရွေးကောက်ပွဲကြီးကတော့ အောင်အောင်မြင်မြင် ပြီးသွားခဲ့ပါတယ်။ ကျနော်တို့ ဘောလုံးကစားသလိုပါပဲ။ ရလဒ်ကိုလည်း လက်ခံကြပါတယ်။ အခုဆိုရင် ရွေးကောက်ပွဲရလဒ်ကို အခြေခံပြီးတော့ အုပ်ချုပ်ရေးအဖွဲ့သစ် ဖွဲ့စည်းရပါတော့မယ်။ အရင်အစိုးရက တာဝန်ရှိသူများနဲ့ NLD ပါတီနဲ့ အာဏာလွှဲပြောင်းရေး ချောချောမောမော ဖြစ်သွားဖို့အတွက် ပူးပေါင်းဆောင်ရွက်ဖို့ အစီအစဉ်ရှိတယ်ဆိုတာ သိရလို့ အားတက်မိပါတယ်။ ဒါဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးပါတယ်။ လူသားတဦးအတွက်၊ နိုင်ငံရေးသမားတယောက်အတွက် လွယ်ကူတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အားလုံးပြန်လည်သင့်မြတ်ဖို့အတွက်တော့ လုပ်ကိုလုပ်ရမှာပါ။ နိုင်ငံရေးသမားတွေအတွက်ဆိုရင် ရွေးကောက်ပွဲမှာ အရှုံးနဲ့ ရင်ဆိုင်ရတာ ခက်ခဲလှပါတယ်။ ဒါပေမဲ့လဲ ဒီမိုကရေစီစနစ်အရ အရှုံးကိုလည်း လက်ခံနိုင်ရပါမယ်။ အများကတော့ ကိုယ့်ရဲ့နိုင်ငံရေးလောကထဲက အနာဂတ်ကို ဝေဖန်သုံးသပ်ကြပါလိမ့်မယ်။ မြန်မာနိုင်ငံမှာတော့ အားလုံးက ရင့်ကြတ်စွာနဲ့ အနိုင်အရှုံးကို လက်ခံကြတာကိုလည်း တွေ့ရပါတယ်။ ကျနော်တို့နဲ့ ဥရောပသမဂ္ဂအနေနဲ့ပါ အစိုးရသစ်နဲ့ အစိုးရဟောင်း အားလုံးကို ကူညီနိုင်တဲ့ ကဏ္ဍကနေ ကူညီသွားပါမယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ဒီလိုမျိုး နိုင်ငံရေးမှာ ပါဝင်ကူညီတာတွေအပြင် လူလူချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေလည်း ပေးနေတာကိုလည်း သိရပါတယ်။ ရေဘေးသင့်ခဲ့တဲ့ နေရာတွေမှာ ဂျာမဏီနိုင်ငံကနေ ယူရိုငွေ သန်း (၁၀) ထောက်ပံ့ခဲ့တယ်ဆိုတာကိုလည်း သိရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး နည်းနည်းပြောပြပါလားရှင်။
Mr. Weber-Lortsch ။ ။ အရင်ဆုံး လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေဆိုတာက ပြည်သူလူထုတွေအတွက်ဖြစ်ပြီး အမြန်ထောက်ပံ့ဖို့ လိုအပ်ပါတယ်။ ရှုပ်ထွေးတဲ့ နည်းစနစ်တွေ မရှိရပါဘူး။ ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံအနံှအပြားမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တဲ့ အားလုံးကို ကျနော်တို့ လိုက်ပြီးတော့ မကူညီနိုင်ပါဘူး။ ပုံမှန်ဆိုရင် ကူညီထောက်ပံ့မှုတွေအတွက် အချိန်ယူပြီးတော့ ညှိနှိုင်းရတာတွေ ရှိပါတယ်။ ဒါပေမဲ့ ရေဘေးသင့်တဲ့ ပြည်သူတွေအတွက်တော့ ကျနော်တို့ အချိန်နဲ့တပြေညီ ထောက်ပံ့မှုတွေ ပေးပို့နိုင်အောင် ကြိုးစားခဲ့ပါတယ်။ ပေးလည်းပေးပို့နိုင်ခဲ့ပါတယ်။ ရေကြီးရေလျှံမှုတွေ မတိုင်ခင်ကတည်းက စစ်ဘေးရှောင် ပြည်သူတွေအပါအဝင် အခြားအကူအညီတွေလည်း ကူညီခဲ့ပါတယ်။ တခါတလေ အစိုးရက တိုက်ရိုက်ထောက်ပံ့တာတွေ ရှိသလို၊ တခါတလေမှာတော့ ကုလသမဂ္ဂအဖွဲ့တွေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ချိတ်ဆက်ပြီးတော့ ထောက်ပံ့မှုတွေ ရှိပါတယ်။ ကျနော်တို့ အတတ်နိုင်ဆုံးတော့ အမြန်ဆုံး ထောက်ပံ့နိုင်အောင် ကြိုးစားပါတယ်။ တခြားအလှူရှင်တွေနဲ့လည်း ညှိနှိုင်းပြီးတော့ မတူတဲ့ဒေသတွေမှာ သွားပြီးတော့ ထောက်ပံ့နိုင်အောင် ကြိုးစားပါတယ်။ ဒီနေရာမှာ အသိပေးလိုတာက ကျနော်တို့ တတ်နိုင်သမျှ လက်တွေ့အကူအညီပေးသလို၊ ကျနော်တို့ ပြောစကားအတိုင်းလည်း ဖြစ်အောင် ကူညီပေးဖို့ ကြိုးစားနေပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အခု နောက်တက်လာမယ့် NLD အစိုးရသစ်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးက အင်မတန်မှာကို အရေးကြီးပါတယ်။ EU ဥရောပသမဂ္ဂအနေနဲ့ပဲဖြစ်ဖြစ်၊ ဂျာမဏီနိုင်ငံအနေနဲ့ သီးသန့်ဖြစ်ဖြစ် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ကူညီခဲ့တာ ရှိမှာပေါ့နော်။
Mr. Weber-Lortsch ။ ။ ဥရောပသမဂ္ဂအနေနဲ့တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဓိကထား ကူညီနေပါတယ်။ ဥရောပသမဂ္ဂ က ငြိမ်းချမ်းရေးကောင်စီမှာ တက်ကြွစွာ ပါဝင်နေပါတယ်။ ဒါ့အပြင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုတုန်းက အိမ်နီးချင်းနိုင်ငံတွေနဲ့ အတူတကွ သက်သေအဖြစ် ပါဝင်ခွင့်ရခဲ့တာကိုလည်း ဂုဏ်ယူပါတယ်။ ဒါဟာ ကျနော်တို့ လုပ်သင့်လုပ်ထိုက်တာလို့လည်း ယူဆပါတယ်။ မင်္ဂလာဆောင်က လူပျိုရံတွေလိုပေါ့ သေချာတာကတော့ ဒီလို စာချုပ်ချုပ်ဆိုနိုင်ဖို့က ကျနော်တို့ရဲ့ တာဝန် မဟုတ်ပါဘူး။ အစိုးရ၊ လက်နက်ကိုင်တပ်ဖွဲ့တွေ နဲ့ တခြားပြည်တွင်းအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်ကြတဲ့ ရလဒ် ဖြစ်ပါတယ်။ ကျနော်တို့ကတော့ ဘေးက ကူညီထောက်ပံ့ပေးနေဖို့ပဲ ဖြစ်ပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အခု တက်လာတော့မယ့် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ စိန်ခေါ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်ရမယ်ဆိုတာ အများသိပြီးသား ဖြစ်ပါတယ်။ ဒီလို စိန်ခေါ်မှုတွေကို ဂျာမဏီ နှစ်နိုင် ပြန်လည်ပေါင်းစည်းရေးတုန်းကလဲ အများကြီး ရင်ဆိုင်ခဲ့ရမှာပါ။ ဂျာမဏီနိုင်ငံရဲ့ အတွေ့အကြုံနဲ့ ဆက်စပ်ပြီးတော့ အခုတက်လာမယ့် NLD အစိုးရသစ်အနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘယ်လို လုပ်သွားရင် ကောင်းမလဲလို့ အကြံပြုလိုပါလဲရှင်။
Mr. Weber-Lortsch ။ ။ မြန်မာနိုင်ငံရဲ့ အခြေအနေက တဖြည်းဖြည်းနဲ့ တိုးတက်လာမှာပါ။ ဒါပေမဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ အစိုးရဝန်ထမ်းတွေ အပါအဝင်၊ ပညာရှင်အဆင့်မှာပါ အရည်အချင်း ပြည့်မီတဲ့လူတွေ လိုအပ်ပါလိမ့်မယ်။ ကျနော်တို့ ဂျာမဏီနိုင်ငံအနေနဲ့ ကူညီနိုင်သမျှကို ကူညီသွားမှာပါ။ ဥပမာ ပြောရရင် လွှတ်တော်နှစ်ရပ်စလုံးမှာ အသစ်ဝင်ရောက်လာမယ့် ကိုယ်စားလှယ်တော်တော်များများဟာ ပထမဦးဆုံးအကြိမ် လွှတ်တော်မှာ တာဝန်ထမ်းဆောင်ကြရမှာပါ။ နိုင်ငံရေးအတွေ့အကြုံလည်း နည်းကြပါတယ်။ ဒါကြောင့် အမတ်တွေအပါအဝင် အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ထမ်းဆောင်ကြမယ့် လူတွေအတွက် အရည်အချင်း မြှင့်တင်တဲ့ သင်တန်းတွေ ပို့ချပေးဖို့ ကျနော်တို့ ကမ်းလှမ်းထားပါတယ်။ သုတေသန ပြုလုပ်တာတွေ၊ အုပ်ချုပ်ရေးနဲ့ နည်းပညာပိုင်းဆိုင်ရာတွေမှာ အကူအညီတွေ ပေးလိုပါတယ်။ နောက်ပြီးတော့ ဖယ်ဒရယ်စနစ်နဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးမှုတွေ ရှိနေပါတယ်။ နမူနာအနေနဲ့ အမေရိကန်ပြည်ထောင်စု၊ ဂျာမဏီနဲ့ မလေးရှားနိုင်ငံတွေရဲ့ ဖယ်ဒရယ်စနစ်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒါတွေကို ကူယူပြီးလို့ ကျင့်သုံးလို့တော့ မရနိုင်ပါဘူး။ ကိုယ့်နိုင်ငံနဲ့ သင့်တော်မယ့်အပိုင်းတွေကို ရွေးချယ်ပြီးတော့ ကျင့်သုံးရမှာပါ။ ဂျာမဏီနိုင်ငံအနေနဲ့ အတတ်နိုင်ဆုံး ကူညီသွားမှာပါ။ မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံးဖြစ်မယ့် ဖယ်ဒရယ်စနစ်ကို ကိုယ်တိုင်ရွေးချယ်သွားရပါလိမ့်မယ်။
ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာ့တပ်မတော်နဲ့ ပတ်သက်ပြီးတော့ ဗြိတိန်နိုင်ငံက တပ်မတော်သားတွေ သင်တန်းတွေ ပေးနေတာ တွေ့ရပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့တော့ တပ်မတော်နဲ့ ဆက်ဆံရေးမှာ တော်တော်လေးကို ဂရုစိုက်နေတာကို တွေ့ရပါတယ်။ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ပြန်လည်ထူထောင်ရေးနဲ့ ပတ်သက်လို့ သင်တန်းတွေပေးတာ၊ ကူညီတာတွေတော့ ရှိပါတယ်။ ဂျာမဏီနိုင်ငံအနေနဲ့ မြန်မာ့တပ်မတော်နဲ့ ဆက်ဆံရေးက ဘယ်လို ရှိပါလဲ။
Mr. Weber-Lortsch ။ ။ ဂျာမဏီနိုင်ငံနဲ့ မြန်မာနိုင်ငံတို့က ၁၉၈၈ ခုနှစ်မတိုင်ခင်အထိ စစ်ဗိုလ်တွေကို လေ့ကျင့်သင်တန်းပေးတာလိုမျိုး ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိပါတယ်။ နောက်ပိုင်းတော့ အကြောင်းအမျိုးမျိုးကြောင့် အဆက်အသွယ်တွေ ပြတ်တောက်သွားခဲ့ပါတယ်။ ဥရောပသမဂ္ဂရဲ့ စီးပွားရေးပိတ်စို့မှုတွေ ရှိခဲ့တာပါ။ အခုတော့ ပိတ်စို့မှုအချို့ကို လျှော့ပေးလိုက်ပြီဖြစ်ပေမယ့်လဲ ထုတ်ကုန်တွေ တင်ပို့မှု ရောင်းချမှုနေရာမှာ ပိတ်စို့ထားမှုတွေ ရှိနေတုန်းပါ။ ကျနော်တို့က အတတ်နိုင်ဆုံး ကူညီပေးဖို့ ကြိုးစားနေပါတယ်။ လန်ဒန်မှာရှိတဲ့ ဂျာမန်စစ်ဗိုလ်ချုပ်ကြီးတွေနဲ့လည်း မကြာခဏ ဆွေးနွေးဖြစ်ပါတယ်။ တပ်မတော်က မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လက်တွေ့မှာပါ အရေးပါတဲ့ အဖွဲ့တခုအနေနဲ့လည်း ရှိနေပါသေးတယ်။ ဒါကြောင့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲကာလမှာ ပါဝင်စေဖို့ လိုအပ်ပါတယ်။ တဖြည်းဖြည်းနဲ့ တပ်မတော်သားတွေရဲ့ သက်မွေးဝမ်းကြောင်းမှုတွေကို ပြန်လည်လေ့ကျင့်ပေးပြီးတော့ နောက်ဆုံး နိုင်ငံရေးအပြောင်းအလဲတွေ ပေးတဲ့အခါမှာ တပ်မတော်အနေနဲ့ နေရာအမှန်ကို ပြန်ရောက်သွားဖို့ ကြိုးစားရပါလိမ့်မယ်။ သူတို့အနေနဲ့လဲ နိုင်ငံအတွက် အရေးပါတဲ့ နေရာမှာ ရှိနေတယ်ဆိုတာကိုလည်း နားလည်ရပါလိမ့်မယ်။ တနေ့မှာ ရွေးကောက်ပွဲ အနိုင်ရပါတီကနေ သမ္မတ တင်မြှောက်ပြီးရင်လဲ သမ္မတရဲ့ တပ်မတော်အဖြစ်နဲ့ပဲ ရှိနေရမှာပါ။ တနည်းအားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ပဲ ပြောရမှာပေါ့။ အရင်က အတိုက်အခံ ဖြစ်နေခဲ့သူတွေနဲ့ အတူတွဲပြီးတော့ လုပ်ကိုင်ကြရမှာပါ။ ဒါဟာ ဖြစ်ကိုဖြစ်ရမယ့် အရာတွေပါ။ အချိန်တော့ တော်တော်လေး ယူရပါလိမ့်မယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကလဲ အခုမှ အစပဲရှိသေးတော့ တော်တော်တော့ အချိန်ယူရပါလိမ့်မယ်။
ဒေါ်ခင်စိုးဝင်း ။ ။ NLD အစိုးရသစ်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုများ ရှေ့ဆက်ကိုင်တွယ်သွားရင် သင့်တော်မလဲလို့ ခန့်မှန်းနိုင်ပါလဲရှင့်။
Mr. Weber-Lortsch ။ ။ ကျနော် မှန်းဆပြီး ထင်ကြေးပေးတာကို မကြိုက်ပါဘူး။ ပြောရရင် အဖွဲ့တချို့ပါဝင်တဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပြီးသွားတဲ့အတွက် ပထမအဆင့်တဆင့်တော့ ပြီးသွားပြီလို့ ပြောလို့ရပါတယ်။ ကျနော်သာ အကြံပေးရမယ်ဆိုရင် အစိုးရသစ်အနေနဲ့ အရင်အစိုးရ လုပ်ခဲ့တာတွေကို လစ်လျူမရှုဘဲနဲ့ ဆက်ပြီးတော့ တည်ဆောက်သွားသင့်တယ်လို့ အကြံပေးလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ယုံကြည်မှုတည်ဆောက်မှုက အရမ်းကို အရေးကြီးပါတယ်။ ဒါကြောင့် ဘက်ပေါင်းစုံက အဖွဲ့တွေကို လုပ်ကိုင်နေကြ လုပ်ငန်းစဉ်အတိုင်း ဆက်ပြီးတော့ လုပ်သွားစေချင်ပါတယ်။ အသစ်ဖွဲ့စည်းမယ့် အုပ်ချုပ်ရေးပိုင်းကလည်း နောက်ပြန်ဆွဲတာမျိုး မလုပ်ဘဲနဲ့ အဆိုအသစ်တွေ တင်သွင်းတာမျိုးတွေပဲဖြစ်ဖြစ် အခြေအနေတွေ တိုးတက်အောင် လုပ်ဆောင်စေချင်ပါတယ်။ ကမ္ဘာပေါ်မှာ အကြာဆုံးလို့ ပြောရမယ့် နှစ်ပေါင်း (၆၀) ကျော်ကြာ ပြည်တွင်းစစ်တွေ ဖြစ်ပွားနေတာကြောင့် အချိန်တော့ လိုပါတယ်။ မြန်မာ့ပြည်တွင်းကို ပိုပြီးတော့ ရှုပ်ထွေးစေတာက အဖွဲ့နှစ်ဖွဲ့ထက်များတဲ့ လက်နက်ကိုင်အဖွဲ့တွေ ရှိနေတာပါ။ တခြားနိုင်ငံတွေမှာဆို လက်နက်ကိုင်အဖွဲ့တွေက တစ်ဖွဲ့နှစ်ဖွဲ့လောက်ပဲ ရှိတာပါ။ ကျနော် ဖိလစ်ပိုင်နိုင်ငံမှာ သံအမတ်လုပ်တုန်းကဆိုရင် အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့နဲ့ ကွန်မြူနစ်အဖွဲ့အပါအဝင် အဖွဲ့ (၃) ဖွဲ့လောက်ပဲ ရှိတာပါ။ မြန်မာနိုင်ငံမှာတော့ လက်နက်ကိုင်အဖွဲ့တွေ အများကြီးဆိုတော့ အစိုးရသစ်အတွက် ပြည်တွင်းစစ်ကို ဖြေရှင်းဖို့ အဓိက စိန်ခေါ်မှုတွေ ဖြစ်နေပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အစိုးရသစ် တက်လာတဲ့အခါမှာ မြန်မာပြည်သူတွေ အခန်းကဏ္ဍကလဲ အင်မတန်မှ အရေးကြီးပါတယ်။ မြန်မာပြည်သူတွေကို သူတို့ရဲ့အခန်းကဏ္ဍတွေကို နားလည်အောင် ဘယ်လိုများ အကြံပေးလိုပါလဲရှင်။
Mr. Weber-Lortsch ။ ။ ကျနော် ဒီကို စရောက်ချိန်မှာ အပြောင်းအလဲတွေကို စပြီးတော့ တွေ့ရပါတယ်။ အပြောင်းအလဲတွေက အထက်ကနေ အောက်ကို တဖြည်းဖြည်းပြောင်းလဲနေတာပါ။ ဒါဟာ ပြုပြင်ပြောင်းလဲရေးကာလဖြစ်လို့ အထက်ကနေအောက် ပြောင်းလဲမှုတွေ ဖြစ်တာဖြစ်ပြီးတော့ အာရပ်တော်လှန်ရေးလိုမျိုး အောက်ခြေကနေ အပြောင်းအလဲကို တောင်းဆိုတာမျိုး မဟုတ်ဘူးလေး။ အစပိုင်းမှာတော့ ပြည်သူလူထုက အကောင်းမမြင်တာမျိုးတွေ ရှိမှာပေါ့။ ဒါပေမဲ့ အားလုံး သိထားသင့်တာက ပြုပြင်ပြောင်းလဲရေးဟာ တော်လှန်ရေး မဟုတ်ပါဘူး။ အပြောင်းအလဲနဲ ဆင့်ကဲဖြစ်စဉ် ဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ ကိုယ့်နိုင်ငံရဲ့ အပြောင်းအလဲအတွက် ကိုယ်တိုင်ပူးပေါင်းပါဝင်ဖို့ပဲ လိုအပ်တာပါ။ ကျနော်တို့ အရှေ့ဂျာမဏီဘက်မှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံအရ အာဏာရှင်စနစ်ရဲ့ ဆိုးကျိုးတွေထဲက တစ်ခုက ပြည်သူလူထုတွေက တာဝန်ယူမှု၊ တာဝန်ခံမှုကို မသိတော့ပါဘူး။ ကိုယ်က နှုတ်ပိတ်ပြီးနေရင် လုံလုံခြုံခြုံနေရမယ်လို့ နားလည်ကုန်ပါတယ်။ ဒါကို ပြောင်းလဲရပါမယ်။ လူငယ်တွေထဲမှာတော့ သူတို့ရဲ့ အကြံဉာဏ်တွေကို ထုတ်ဖော်ကြတာတွေ အပါအဝင် အပြောင်းအလဲတွေကို တွေ့နေရပါတယ်။ ဒီနိုင်ငံက အရင်အခြေအနေတွေနဲ့ ယှဉ်ရင်တော့ ပိုပြီးတော့ စိုစိုပြေပြေ ရှိလာတာကို တွေ့ရပါတယ်။ ပြည်သူလူထုအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေရှိအောင် ဘယ်နည်းနဲ့မဆို ပြန်ပြီးတော့ ကြိုးစားဖို့ လိုအပ်ပါတယ်။ လွယ်ကူမှာ မဟုတ်ပေမယ့်လဲ ဖြစ်မြောက်အောင်လို့ ကြိုးစားရပါလိမ့်မယ်။ တော်တော်များများက ကြားနေကြပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်နေကြပါတယ်။ နောက်ထပ်မှတ်ချက်ပေးရမယ်ဆိုရင် အခုအချိန်ဟာ အခွင့်အရေးကောင်းတရပ်ပါ။ နိုင်ငံရေးမှာ အချိန်ဟာ သိပ်အရေးကြီးပါတယ်။ အခုအချိန်ဟာ မြန်မာနိုင်ငံအတွက် သိပ်ကိုအရေးကြီးတဲ့အချိန်ပါ။ နောက်ထပ် ကျနော် လေ့လာမိသလောက်က အခြားဒေသတွင်း နိုင်ငံတွေက လူမှု့အဖွဲ့အစည်းတွေလို ကွာဟနေတာမျိုးတွေ မြန်မာ့လူ့အဖွဲ့အစည်းမှာ မတွေ့ရပါဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ လူဂုဏ်ထံတွေတောင်မှ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ကို မဲပေးခဲ့ကြပါတယ်။ တပ်မတော်ဘက်ကတောင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတာတွေလည်း ရှိပါတယ်။ ဒါကြောင့် လူမှုရေးအရ ပြင်းထန်တဲ့ ကွဲပြားကွာဟမှုတွေ သိပ်မရှိတာကို တွေ့ရပါတယ်။ ဆိုက်ကားဆရာတယောက်အနေနဲ့ ကိုယ်နိုင်ငံမှာ ဥပဒေပြုရေးအတွက် နှစ်သက်တဲ့ ကိုယ်စားလှယ်ကို မဲပေးပိုင်ခွင့် ရှိပါတယ်။ အဲဒီလိုပဲ တခြားလူတွေမှာလည်း အခွင့်အရေး ရှိပါတယ်။ လူတိုင်း ဒီအခွင့်အရေးကို ရယူပြီးတော့ ရွေးချယ်ဖို့က အဓိကပါ။ ဒီလို အခွင့်အရေးကို မယူဘဲနဲ့ နောက်ကျန်နေခဲ့မယ်ဆိုရင် နိုင်ငံတိုးတက်ဖို့အတွက် အခွင့်အရေးနည်းပါလိမ့်မယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။