သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြိုးပမ်းလုပ်ဆောင်နေတဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ထဲက နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး ကို နယူးရော့ခ်မြို့မှာ ရောက်ရှိလာချိန်မှာ ဗွီအိုအေ မြန်မာပိုင်းက သီသန့်တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ဒီနယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ ကချင်ပြည်နယ် နဲ့ ကရင်ပြည်နယ်တို့မှာ လုပ်ဆောင်နေတဲ့ လုပ်ငန်းဆောင်တာတွေကို ဒုတိယဗိုလ်ချုပ်ကြီးဦးသိန်းဌေးနဲ့ ဦးရော်နီညိမ်းတို့က ဆွေးနွေးထားပါတယ်။

ဦးရော်နီညိမ်း ။ ။ နယ်စပ်ရေးရာဝန်ကြီးဌာန ဖြစ်တဲ့အတွက်ကြောင့် တခြားသော တိုင်းရင်းသားဒေသတွေရှိတဲ့ အခုဆိုရင် စစ်ပွဲတွေရှိနေတဲ့ ကချင်ပြည်နယ် ပတ်သက်လို့ နယ်စပ်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေနဲ့ လောလောဆယ်တော့ အားတိုက်ခွန်တိုက် မလုပ်နိုင်သေးဘူးလို့ ယူဆပါတယ်။ အခု ဒီလောက်အတိုင်းအတာထိလောက် အဲဒီဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နေပါသလဲခင်များ။

ဦးသိန်းဌေး ။ ။ အခု ကချင်ပြည်နယ်နဲ့ ပတ်သက်လို့တော့ ဒုက္ခသည် ခြောက်သောင်းလောက်ရှိနေတဲ့ ဒေသဖြစ်ပါတယ်။ သို့သော် တခါတလေကြရင် အခုန နှစ်ဦးနှစ်ဖက်ကြားထဲမှာ တိုက်ခိုက်မှုလေးတွေ ဖြစ်လာတဲ့အခါ ယာယီအားဖြင့် အရေအတွက်အားဖြင့် များပြားသွားတဲ့သဘောလည်း ရှိပါတယ်။ အဲဒီတော့ နှစ်ဖက်အပစ်အခတ် ရှိနေခြင်းကြောင့် မိမိတို့ရဲ့ နေအိမ်တွေမှာ မိမိတို့ရဲ့ ကျေးရွာတွေမှာ နေထိုင်ဖို့ စိုးရိမှုဖြစ်လာတဲ့အခါတိုင်းမှာ အခုနလို ရွှေ့ပြောင်းဒုက္ခသည်တွေအနေနဲ့ နေထိုင်ရတဲ့ အနေအထားဖြစ်ပါတယ်။ သာမန်အားဖြင့်တော့ ခြောက်သောင်းလောက်ရှိတဲ့အထဲမှာ အတွင်းပိုင်းမှာ သုံးသောင်းလောက်ရှိပြီးတော့ နယ်စပ်လိုင်းတလျှောက်မှာ သုံးသောင်းလောက်ရှိနေတဲ့ အနေအထားပဲဖြစ်ပါတယ်။ အဲဒီတော့ အတွင်းပိုင်းလောက်မှာရှိတဲ့ သုံးသောင်းလောက်ကိုတော့ လူသားချင်းစာနာတဲ့ အကူအညီအထောက်အပံ့တွေ ပေးတဲ့နေရာမှာ အခက်အခဲမရှိပေမဲ့ နယ်စပ်လိုင်းမှာရှိတဲ့ ဒုက္ခသည်တွေ သုံးသောင်းလောက်ကြတဲ့အခါတော့ လုံခြုံရေးအကန့်အသတ်တွေ ဖြစ်ပေါ်လာတဲ့အတိုင်းမှာ ဖြစ်ပေါ်လာတဲ့အချိန်တိုင်းမှာ ကျနော်တို့ အားသွန်ခွန်စိုက် လုပ်ပေးချင်ပေမဲ့ လုပ်ပေးဖို့ အခွင့်အလမ်း မသာတာလေးတွေ ရှိပါတယ်။

ဦးရော်နီညိမ်း ။ ။ သာမန်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေလည်း လောလောဆယ် ကချင်ပြည်နယ်မှာ မလုပ်နိုင်သေးဘူးပေါ့။

ဦးသိန်းဌေး ။ ။ ဒီ ကယ်ဆယ်ရေးလုပ်ငန်းကို ဦးစားပေးလုပ်နေရတဲ့အတွက်ကြောင့် ကျန်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကတော့ လုပ်ပေးနိုင်တဲ့ အနေအထား မရှိပါဘူး။ ဒါကတော့ အပစ်အခတ်ရပ်စဲသွားမှသာလျှင် ဆောင်ရွက်ပေးနိုင်မယ့် အနေအထား ဖြစ်ပါတယ်။

ဦးရော်နီညိမ်း ။ ။ ကချင်ပြည်နယ်ပြီးတော့ ကျနော်တို့ နောက်ထပ်မြင်ကြည့်တာကတော့ ကရင်ပြည်နယ်။ နယ်မြေဖွံ့ဖြိုးတိုးတက်ရေးကို နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ ပင်မလုပ်ငန်းအနေနဲ့ ထားဝယ်စီမံကိန်းလိုဟာမျိုး အပါအဝင် ဘယ်လိုလုပ်ငန်းတွေမှာ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအနေနဲ့ ကရင်ပြည်နယ်အတွင်းမှာ လုပ်ဆောင်နေပါသလဲ။

ဦးသိန်းဌေး ။ ။ အဲဒီတော့ ကရင်ပြည်နယ်နဲ့ ပတ်သက်လာရင် နှစ်ပိုင်းဖြစ်ပါတယ်။ ဒီကေဘီအေ မိသားစုဝင်များကတော့ မူလကတည်းကပင် ကျနော်တို့ နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်လာတာ ရှိပါတယ်။ အဲဒီအခါမှာ သူတို့ရဲ့ အိမ်ထောင်စုဝင်ပေါင်း တစ်သောင်းလောက် ရှိပါတယ်။ ဒီ တစ်သောင်းလောက်ကို ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်ကတော့ ၂၀၁၀ ခုနှစ်ကတည်းက လုပ်လာတာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာပဲ သူတို့အတွက် နေအိမ်တွေ ဆောက်ပေးတယ်။ နောက်တခါ စားနှပ်ရိက္ခာ (၃) နှစ်စာ ထောက်ပံ့ပေးတယ်။ စားနှပ်ရိက္ခာဆိုတဲ့နေရာမှာ ဆန်၊ ဆီ၊ ဆား၊ ပဲ ပါဝင်တာ ဖြစ်ပါတယ်။ ဒီ စားနှပ်ရိက္ခာ ရနေတဲ့အတွက်ကြောင့် သူတို့ စားရေးသောက်ရေး မပူပင်ရတဲ့အခါမှာ သူတို့ ရေရှည်မိသားစုဝင်တွေအတွက် စိုက်ပျိုးမြေဖော်ထောက်ခြင်း တစ်အိမ်ထောင်ကို (၅) ဧကနှုန်းနဲ့ ကျနော်တို့ ဖော်ထုတ်နေတာ ဖြစ်ပါတယ်။ ဒီ စိုက်ပျိုးမြေဖော်ထုတ်တဲ့နေရာမှာလည်း မိသားစုဝင်တွေက လုပ်အားပေးပြီးတော့ သူတို့လုပ်အားနဲ့အမျှ အခကြေးငွေတွေ ရရှိတဲ့အတွက်ကြောင့် ဒီ job opportunities လုပ်ကိုင်အခွင့်အလမ်း ဖန်တီးပေးခြင်းလည်း ဖြစ်ပါတယ်။ ဒီ လယ်ယာစိုက်ပျိုးဖို့ အခက်အခဲရှိတဲ့နေရာမှာတော့ ရာဘာပင် စိုက်ဖို့။ ဒါကိုလည်း တစ်အိမ်ထောင် (၅) ဧကနှုန်းနဲ့ ဖော်ထုတ်ပေးနေတာ ဖြစ်ပါတယ်။ အဲဒီအပြင် နောင်ရေရှည် ကူးသန်းရောင်းဝယ်မှုကို ကျနော်တို့ မျှော်ကိုးပြီးတော့ မြိုင်ကြီးငူဒေသနဲ့ မယ်သဝေါဒေသကို (၂၈) မိုင် ကတ္တရာလမ်း ခင်းနေတာ ရှိပါတယ်။ လမ်းခင်းတဲ့ လုပ်ငန်းတွေမှာလည်း အခုန အဖွဲ့အစည်းတွေကော၊ မိသားစုဝင်တစ်ဦးချင်းကော အလုပ်တွေပေး ဆောင်ရွက်နေတဲ့အတွက်ကြောင့် ဒီလုပ်ငန်းကနေ ဝင်ငွေတွေ ရရှိတာဖြစ်ပါတယ်။ ရေရှည်မှာလည်း မယ်သဝေါနဲ့ မြိုင်ကြီးငူ လမ်းကြောင်းကြီး ကောင်းသွားမယ်။ လုံခြုံမှုတွေလည်း ထိန်းသိမ်းနိုင်မယ်ဆိုရင် နယ်စပ်ကုန်စည်ကူးသန်းရောင်းဝယ်ရေးအတွက် အခြေအနေကောင်းလေးတွေ ဖြစ်ထွန်းနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ စီးပွားရေးကူးလူးဆက်ဆံတဲ့နေရာမှာတော့ ဂိတ်တခုတည်း၊ နယ်စပ်ဝင်ပေါက်တခုတည်းနဲ့တော့ လုံလောက်နိုင်စွမ်းမရှိဘူး ဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်သမျှ ကူးသန်းရောင်းဝယ်မှုတွေက ဖြစ်ထွန်းရမှာ ဖြစ်ပါတယ်။ ဒီလို ဖြစ်ထွန်းတဲ့အခါမှာလည်း ပထမပိုင်းတော့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း စပေမယ့် ရေရှည်မှာတော့ normal trade ခေါ်တဲ့ ပုံမှန်ကုန်သွယ်ရေးလုပ်ငန်းတွေ လုပ်နိုင်ခြင်းအားဖြင့် ဒီဒေသတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းပြုမှုကို အထောက်အကူပြုမယ်လို့ ကျနော်အနေနဲ့ ယုံကြည်ပါတယ်။

ဦးရော်နီညိမ်း ။ ။ ကရင်ပြည်နယ်မှာတော့ အဲဒီလိုမျိုး နယ်စပ်ရေးရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနရဲ့ အခုလိုမျိုး လုပ်ကိုင်ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေမှာ အခုအခါမှာ အပစ်အခတ်ရပ်စဲ သဘောတူညီမှု ရယူထားပြီးဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ ဘယ်လောက်များ ပါဝင်ကူညီမှု ရှိနေပါသလဲ။

ဦးသိန်းဌေး ။ ။ အခု ကေအန်ယူနဲ့ အပိုင်းကတော့ အပစ်အခတ်ရပ်စဲပြီးတဲ့အခါမှာ ဒီအပိုင်းကတောင် ပိုများတဲ့အပိုင်း ဖြစ်ပါတယ်။ နယ်မြေအားဖြင့်လည်း ပိုကျယ်ပြန့်တယ်။ လူဦးရေးအားဖြင့်လည်း ပိုများတယ်။ ဒီနဲ့ တဆက်တည်းမှာပဲ လက်ရှိ ယာယီအားဖြင့် ထိုင်းနိုင်ငံနယ်စပ်တွေမှာ နေနေကြတဲ့ ဒုက္ခသည်စခန်းပေါင်း တော်တော်များများ လူဦးရေ တစ်သိန်း လေးသောင်းလောက်၊ တစ်သိန်းခွဲလောက် ရှိနေတဲ့ အနေအထား ဖြစ်ပါတယ်။ ဒုက္ခသည်စခန်းလည်း ကိုးခုလောက် ရှိနေတယ်။ ဒီဟာတွေကတော့ ပိုပြီးတော့ ရေရှည် ဖြေရှင်းရမယ့်လုပ်ငန်းတွေ ဖြစ်ပါတယ်။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ပြည်သူတွေပဲ ဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့ နေရပ်မှာ ပြန်လည်းအခြေချနေထိုင်ရေး၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ လုပ်ကိုင်ရေး။ နောက်တခါ ပြန်လည်းထူးထောင်ရေးနဲ့ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး sustainable development ရတဲ့အထိ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက်ကြောင့် သာမန်စိုက်ရေးပျိုးရေး အသက်ဝမ်းကြောင်းလောက်နဲ့ မပြီးတော့ဘူး။ အဲဒီတော့ ဒီအချိန်မှာတော့ ကျနော်တို့က အသေးစား စက်မှုလုပ်ငန်းတွေ။ နောက်တခါ လူအင်အားအခြေပြုတဲ့ labor intensive industry ဒါတွေပါ ထူးထောင်ဖို့အတွက် ကျနော်တို့ ဘားအံမှာ စိုက်မှုဇုန်တစ်ခုနဲ့ စပြီးဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ရေရှည်မှာလည်း ဒီ ဘားအံစက်မှုဇုန် တစ်ခုတည်းနဲ့တော့ ကျနော်တို့ မလုံလောက်ပါဘူး။ နယ်နိမိတ်လိုင်းနဲ့ သင့်တင့်တဲ့ အကွားအဝေးလောက်မှာဆိုတော့ ကျနော်တို့ နေရာတိုင်းနေရာတိုင်းမှာ စက်မှုလုပ်ငန်းလေးတွေ ထူးထောင်ဖို့ ဖြစ်ပါတယ်။ တချို့သော ရင်းနှီးမြုပ်နံှမှု အခွင့်အလမ်းတွေ စွမ်းဆောင်မှုတွေကို ပေးနိုင်ရင် တချို့သောလုပ်ငန်းတွေက ထိုင်းနိုင်ငံနဲ့သာမက ကျနော်တို့ နိုင်ငံအတွင်းမှာ ပြန်ပြီးတော့ ဒီလုပ်ငန်းတွေ ခွဲပြီးတော့ ထူးထောင်နိုင်တယ်ဆိုလို့ရှိရင်လည်း ဒီ ရွှေ့ပြောင်းအလုပ်သမားတွေ တာဝန်ထမ်းဆောင်ခဲ့ရတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်နေတဲ့ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကြားထဲမှာ နှစ်ဦးနှစ်ဖက် win win အကျိုးဖြစ်ထွန်းမှုတွေ ရှိမှာဖြစ်တဲ့အတွက်ကြောင့် ရေရှည်မှာတော့ ဒီလောက်အထိကို ကျနော်တို့ မျှော်မှန်းပြီး ဆောင်ရွက်ပါတယ်။

ဦးရော်နီညိမ်း ။ ။ နယ်ခံဖြစ်တဲ့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးက ဆက်ဆံရေးရုံး (၄) ရုံးတောင်မှ အစိုးရက ဖွင့်ခွင့်ပြုထားလို့ သူတို့လည်း ဒီမြို့ကြီး (၄) မြို့မှာ ဆက်ဆံရေးရုံးတွေ ဖွင့်ထားတာ ဒီ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ သူတို့ကော ဒေသခံတွေကို သူတို့ တော်တော်များများ ကိုယ်စားပြုထားတဲ့ လူတွေဖြစ်တဲ့အတွက်ကြောင့် သူတို့ကော ပါဝင်ဆောင်ရွက်ဖို့ မရှိဘူးလား။

ဦးသိန်းဌေး ။ ။ အဓိကတော့ အခုအချိန်မှာတော့ ဆက်ဆံရေးက စတင်တဲ့အချိန်ပဲ ဖြစ်သေးတာပဲ ရှိပါတယ်။ သို့သော် ရေရှည်ကိုကြည့်မယ်ဆိုရင်တော့ တကယ်တမ်းကြတော့ လုပ်ငန်းစဉ်တွေတိုင်းက အစိုးရက ဦးဆောင်ဦးရွက်ပြုရတာ ဖြစ်ပေမယ့် တကယ်အောင်မြင်ဖို့ကတော့ ပြည်သူတွေပါဝင်မှ ဖြစ်ပါမယ်။ ဒီမှာ အခုနက ပြည်သူတွေကို ကိုယ်စားပြုတဲ့ Society တွေ ဖြစ်လာပါမယ်။ တချိန်တုန်းကတော့ လက်နက်ကိုင်အဖွဲ့အစည်း၊ နောက်တော့ နိုင်ငံရေးအဖွဲ့အစည်း၊ ဒီကနေ ပြည်သူ့အဖွဲ့အစည်းဆိုတာမျိုး public society, civil society တွေဖြစ်လာပြီးတော့ ပြည်သူတွေကိုယ်တိုင် လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းရှိအောင် စွမ်းရည်ရှိလာအောင် ပြုစုပျိုးထောင်ပေးခြင်းက empowerment ဖြစ်ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဗိုလ်ချုပ်ကြီးအပါအဝင် နယ်စပ်ဖွံ့ဖြိုးရေးတွေကို လုပ်တဲ့နေရာမှာ တိုက်ပွဲတွေဖြစ်နေတဲ့နေရာ၊ စစ်ပွဲတွေဖြစ်နေတဲ့နေရာမှာ မူအားဖြင့်က အပစ်အခတ်ရပ်စဲရေးသည် ပထမ။ အပစ်အခတ်ရပ်စဲပြီးသွားရင် အပစ်အခတ်ရပ်စဲ ပြီးသွားတဲ့အချိန်မှာ ကျန်တဲ့နိုင်ငံရေး ဆွေးနွေးတာတို့ မလုပ်ခင်၊ နယ်မြေဖွံ့ဖြိုးတိုးတက်ရေးကို အရင်လုပ်နိုင်လို့ရှိရင် လုပ်ခဲ့လို့ နယ်မြေဖွံ့ဖြိုးတိုးတက်သွားပြီဆိုရင် ပြဿနာတွေကို မဆွေးနွေးခင်မှာပင် ပြေလည်ပြီသာတောင် ဖြစ်နေလိမ့်မယ်ဆိုတဲ့ မျှော်မှန်းချက်တွေ ရှိကြပါတယ်။ အဲဒီတော့ အဲဒါကိုလည်း ဝမ်းမြောက်ဝမ်းသာနဲ့ ဒီအတိုင်းပဲ ရှုမြင်တဲ့လူတွေရှိသလို၊ တချို့ကြတော့ တခြားရှုထောင့်ကနေ ကြည့်တာရှိပါတယ်။ အဲဒီတော့ နယ်မြေဖွံ့ဖြိုးတိုးတက်ရေးကို လုပ်လို့ရှိရင် ဘယ်သူတွေ အကျိုးရှိမယ်။ အဲဒီတော့ တာဝန်ယူဆောင်ရွက်မဲ့ အစိုးရပိုင်းက ပုဂ္ဂိုလ်တွေ၊ ပါဝင်ဆောင်ရွက်ကြမယ့် အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အဲဒီဒေသမှာ လက်နက်ကိုင် အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေ ဒီ ပုဂ္ဂိုလ်တွေ၊ ဒီအဖွဲ့အစည်းတွေလောက်မှာပဲ အကျိုးဖြစ်ထွန်းသွားပြီးတော့ Grassroot ဖြစ်တဲ့ အောက်ခြေလူထုကတော့ ဒီဒေသအတွင်းမှာရှိတဲ့ သယံဇာတတွေနဲ့ ပတ်သက်လို့ နယ်မြေဖွံ့ဖြိုးတိုးတက်ရေးလုပ်လို့ ကုန်သွားပြီ။ သူတို့အတွက်တော့ ဘာမှကျန်တော့မှာ မဟုတ်ဘူးဆိုတဲ့ ရှုထောင့်ကနေ ကြည့်နေတဲ့လူတွေလည်း ရှိပါတယ်။ အဲဒီတော့ ဒါတွေဟာ အဲဒီလိုမျိုး ဖြစ်နိုင်သလား၊ မဖြစ်နိုင်ဘူးလားဆိုတာကို ဝန်ကြီးရဲ့ ဗိုလ်ချုပ်ကြီးရဲ့ ကိုယ်ပိုင်အယူအဆ။

ဦးသိန်းဌေး ။ ။ ဘက်နှစ်ဖက်ကနေ တွေးမြင်မှုဆိုတာကတော့ ဒါကတော့ အမှန်ရှိတဲ့ ကိစ္စရပ်ပဲ ဖြစ်ပါတယ်။ နောက်တခါ ကွဲပြားခြားနားတဲ့ အမြင်ရှိတယ်ဆိုတာကလည်း သဘာဝကျတဲ့အမြင် ဖြစ်ပါတယ်။ သို့သော် ကျနော်တို့သည် ဘယ်လူတန်းစားကို အခြေပြုရမလဲ။ ဘယ်လူတန်းစားရဲ့ အကျိုးစီးပွားကို ကျနော်တို့ ရှေ့ရှုရမလဲဆိုတဲ့ ကိစ္စရပ်ကတော့ အရေးကြီးပါတယ်။ အဲဒီတော့ ပြည်ထောင်စုအစိုးရအနေနဲ့တော့ ပြည်သူလူထုရဲ့ အကျိုးစီးပွားသာလျှင် ကျနော်တို့ ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကရင်ပြည်နယ်မှာရှိတဲ့ ပြည်သူလူထုရဲ့ ဘဝကိုကြည့်လိုက်မယ်ဆိုရင်လည်း သူက သက်တမ်းအရှည်ဆုံးသော လက်နက်ကိုင်ပဋိပက္ခကြားထဲမှာ နေထိုင်လာခဲ့ရတဲ့ ပြည်သူတွေဖြစ်ပါတယ်။ သူတို့ရဲ့ဘဝဟာ အင်မတန် သနားစရာကောင်းပြီးတော့ အင်မတန်မှ အနာဂတ်ကင်းမဲ့ခဲ့တဲ့ ပြည်သူတွေ ဖြစ်ပါတယ်။ သာမန်အားဖြင့် ပြည်သူတွေက အင်မတန်ရိုးသားကြတဲ့လူတွေ ဖြစ်ပါတယ်။ ပြီးတော့ majority အများစုကို ကြည့်မယ်ဆိုရင်လည်း မိမိရဲ့ ကံကြမ္မာကို မိမိဖန်တီးနိုင်စွမ်း အားနည်းတဲ့ ကလေးသူငယ်တွေနဲ့ မိန်းမတွေဖြစ်ပါတယ်။ အဲဒီတော့ ယောကျ်ားတွေဆိုတာကတော့ တကယ်တမ်းပြောရင် ၂၅% လောက်ပဲ ကိုယ်စားပြုတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့သည် ပြည်သူရဲ့ အကျိုးစီးပွားကို ဦးထိပ်ထားရမှာ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူ့အကျိုးစီးပွားကို ဖြစ်ထွန်းအောင်တော့ ကျနော်တို့ အစိုးရမှာ တာဝန်ရှိပါတယ်။ အခုနလို တခြားသောလူတွေ အကျိုးရှိသွားတယ်။ ပြည်သူတွေ အကျိုးမရှိသွားဘူးဆိုရင် ကျနော်တို့ရဲ့ ညံ့ဖျင်းမှုသာ ဖြစ်ပါမယ်။ အစိုးရသည် လိုအပ်လို့ ဦးဆောင်ပြီး ပြုရပေမယ့် ပြည်သူတွေရဲ့ ပါဝင်မှု၊ ပြည်သူတွေရဲ့ ပါဝင်လုပ်ကိုင်မှု၊ ပြည်သူတွေရဲ့ ထိန်းကျောင်းမှုကို အစဉ်ပဲ ဖိတ်ခေါ်နေတယ်လို့ ဖြေကြားလိုပါတယ်။
XS
SM
MD
LG