သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲနောက် မြန်မာနဲ့ နိုင်ငံတကာ ဆက်ဆံရေး


ရွေးကောက်ပွဲနောက် မြန်မာနဲ့ နိုင်ငံတကာ ဆက်ဆံရေး
ရွေးကောက်ပွဲနောက် မြန်မာနဲ့ နိုင်ငံတကာ ဆက်ဆံရေး

နိုဝင်ဘာလ (၇) နေ့ ရွေးကောက်ပွဲ အပေါ် နိုင်ငံတကာက မျှော်လင့်ချက် မထားတာကတော့ ရှင်းပါတယ်။ ဒါပေမဲ့လည်း စီးပွားရေးနဲ့ ကုန်သွယ်ရေး အကျိုးအမြတ်တွေကို ပိုပြီးကြည့်တဲ့ အိမ်နီးချင်း အာဆီယံ၊ တရုတ်နဲ့အိန္ဒိယနိုင်ငံတွေလည်း ရှိနေတာမို့ နောက်တက်လာမယ့် အစိုးရကို အလိုက်သင့်ဆက်ဆံ သွားမယ်ဆိုတဲ့ အလားအလာတွေလည်း ရှိနေပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ဦးသန်းလွင်ထွန်းက မြန်မာ့စီးပွားရေးလေ့လာသူ ဦးစိန်ဌေး၊ မြန်မာ့သတင်းသမဂ္ဂ ဒု-ဥက္ကဋ္ဌ ဦးဇင်လင်း တို့နဲ့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အာဆီယံ အတွင်းရေးမှုးချုပ် Surin Pitsuwan က မြန်မာနိုင်ငံက ရွေးကောက်ပွဲ တွေဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်နေပြီးတော့ နောက်ပိုင်းမှာ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာအလယ်မှာ အထီးကျန် ဖြစ်နေမှုကနေ အဆုံးသတ်သွားစေမယ်လို့ သူယုံကြည်ကြောင်း ပြောဆိုထားပါတယ်။ ဒီ ပြောကြားချက်ပေါ် ဦးဇင်လင်းက ဆောင်းပါးတပုတ်ရေးပြီး တုံ့ပြန်ထားတာကို တွေ့ရပါတယ်။ အဲဒီအကြောင်းလေး နည်းနည်းလေးရှင်းပြပါ။

ဦးဇင်လင်း ။ ။ ဟုတ်ကဲ့ Mr. Surin Pitsuwan ကတော့ အာဆီယံရဲ့ အထွေထွေအတွင်းရေးမှုးတယောက် အနေနဲ့ အာဆီယံရဲ့ ဂုဏ်သိက္ခာကို အဖတ်ဆယ်ပြီး ပြောသွားတယ်လို့ပဲ ကျနော်က ထင်တယ်။ ဒါပေမဲ့ လက်တွေ့ကတော့ သူ့စကားက အသံသာရှိပြီး အဆံမပါဘူးလို့ အဲဒီလိုပဲ ပြောချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီ အာဆီယံက တလျှောက်လုံးပဲ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ သူတို့ ဘာမှတိုးတက်အောင် ဆောင်ရွက်မပေးနိုင်ခဲ့ဘူး။ မူလ ၁၉၉၇ ခုနှစ် မြန်မာနိုင်ငံကို အာဆီယံထဲ လက်ခံခဲ့စဉ်တုန်းက သူတို့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းရောက်အောင် ဖေးမပြီးတော့ တွဲခေါ်သွားနိုင်ပါတယ်။ အကယ်၍ သူမလိုက်ဘူးဆိုရင် ထိုက်သင့်သလို ဆောင်ရွက်ပါမယ်ဆိုတဲ့ ဂတိစကားတွေ ရှိခဲ့တယ်။

ဦးသန်းလွင်ထွန်း ။ ။ ဦးဇင်လင်း ပြောသွားသလို အာဆီယံအနေနဲ့ သူရဲ့ မူဝါဒတွေ အမျိုးမျိုးရှိတယ်။ အဲဒီ မူဝါဒတွေကြားထဲမှာပဲ အထူးသဖြင့် မြန်မာနိုင်ငံပေါ်ကို အလိုက်သင့် ဆက်ဆံတဲ့ မူဝါဒ။ အဲဒါအပြင် အာဆီယံ ဇုံဒေသအတွင်းမှာ စီးပွားရေးဇုံ ဖွဲ့စည်းလိုတယ်ဆိုတဲ့ မူဝါဒတွေလည်းရှိနေတော့ ဒီမူဝါတွေကို သူတို့ ဆက်ပြီး အကောင်အထည်ဖော်သွားမယ့် အရေးမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေဟာ ဘယ်လောက်အထိ အရေးပါမှု ရှိသလဲ။ ဘယ်လိုဆက်ဆံနေသလဲ။

ဦးစိန်ဌေး ။ ။ အဲဒီ ဆက်စပ်မှုဟာ အာဆီယံဟာ အီယူတို့လို စီးပွားရေးဇုံဖွဲ့ဖို့ဆိုတာ အမှန်ပဲ။ ဘာကြောင့်လဲ ဆိုတော့ ကမ္ဘာကြီးကလည်း ပြောင်းနေတာကြောင့်ဖြစ်တယ်။ သို့သော် မြန်မာနိုင်ငံကို ထည့်တဲ့အခါမှာ ဘာ ကြောင့်လဲဆိုတာ ဆရာဦးဇင်လင်းလည်း ပြောသွားတယ်။ မြန်မာနိုင်ငံကို ထည့်တဲ့အကြောင်းက မြန်မာနိုင်ငံ ကို သိတယ်၊ သံယဇာတ စွမ်းအားစုတွေ အများကြီးရှိတယ်။ အခုဆိုရင် ဂတ်စ်တို့ လောင်စာတို့ပေါ့။ အဲဒါ တွေကို အာဆီယံက ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ မျက်စပစ်တယ်ပေါ့။ ဒီ အကျိုးစီးပွားကို မျှော်ကိုးတဲ့ အတွက်ကြောင့် မူဝါဒအားဖြင့် မစွက်ဖက်ရေး မူဝါဒထားပြီး တဖက်က သူရဲ့ အကျိုးစီးပွားကြောင့် မြန်မာ နိုင်ငံနဲ့ ပတ်သက်တဲ့ ပြဿနာကို ကိုင်တွယ်တဲ့နေရာမှာ ပြင်းပြင်းထန်ထန် မကိုင်တွယ်နိုင်တဲ့အကြောင်းက အဓိကအချက်ဖြစ်တယ်။

ဦးဇင်လင်း ။ ။ မြန်မာနိုင်ငံဟာ အာဆီယံရဲ့ ရည်မှန်းချက်တွေအတွက် အထူးသဖြင့် စီးပွားရေး ရည်မှန်းချက်တွေအတွက် အနှောက်အယှက်ဖြစ်နေတဲ့ သဘောလား။

ဦးစိန်ဌေး ။ ။ သေချာပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဥပမာဆိုရင် AFTA (ASEAN Free Trade Area) တို့ ဘာတို့ဆိုတာရှိတယ်။ tax တို့ဘာတို့ စံနှုန်းတွေကို အကောင်အထည်ဖော်ရမှာ မြန်မာနိုင်ငံဟာ ကန့်လန့်ကန့်လန့် ဖြစ်နေတယ်။ သူတို့ သွားရမယ့်ပန်းတိုင်ကို ရောက်ဖို့ဆိုရင် မြန်မာနိုင်ငံဟာ နောက်မြီးဆွဲ ဖြစ်နေပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီလို နောက်မြီးဆွဲ မြန်မာနိုင်ငံကြောင့် ပြဿနာတွေ ပေါ်နေတဲ့ကြားထဲမှာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးအခြေအနေ၊ အထူးသဖြင့် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွေ လွှမ်းမိုးနေတဲ့ အခြေအနေကို တစုံတရာ ပြောင်းလဲမှုရှိလာအောင် အာဆီယံက ဘာကြောင့်မို့ ထိထိရောက်ရောက် တွန်းအားပေးမှုတွေ မလုပ်နိုင်ခဲ့ရတာလဲ။

ဦးစိန်ဌေး ။ ။ ကျနော် အခုန ပြောခဲ့ပြီးပါပြီ။ ကျနော်တို့မှာလည်း အထောက်အထားတွေ အများကြီးရှိပါတယ်။ ဥပမာဆိုပါစို့ - ပွင့်ပွင့်လင်းလင်း ပြောရရင် ထိုင်းလို နိုင်ငံမျိုးဟာ မှတ်မိလိမ့်မယ်။ ကျနော်တို့နိုင်ငံမှာ ၈၈ အရေးအခင်းဖြစ်တဲ့အခါမှာ နိုင်ငံခြားငွေဟာ တလခွဲစာလောက်ပဲ input ရှိတယ်။ အဲဒီအချိန်မှာ ဘာသွားတွေ့ သလဲဆိုရင် သူမှာ ငွေမရှိဘူး။ ငွေမရှိတဲ့အခါ ထိုင်းက ဝင်လာတာ။ အားလုံး မှတ်မိကြပါလိမ့်မယ်။ ဗိုလ်ချုပ် မှုးကြီးစောမောင်နဲ့ ထိုင်းဝန်ကြီးချုပ် ယောင်ချိုင်ယုတို့ဟာ အကိုကြီးညီလေးဆိုပြီး မြန်မာနိုင်ငံရဲ့ resources တွေဖြစ်တဲ့ သစ်တွေ၊ ငါးတွေကို ထုတ်သွားလိုက်တာ ပြောင်ပါလေရောလား။ အဲဒီ အကျိုးစီးပွား၊ နောက်ပိုင်း တော့ အားလုံးသိတယ်။ အခုဆိုရင် ဂတ်စ်။ ၂၀၀၀ ခုနှစ်ကဖြစ်တဲ့ သဘာဝဓါတ်ငွေ့၊ လျှပ်စစ်စွမ်းအား၊ ထိုင်းက သိပ်လိုလားတယ်။ နောက် စင်္ကာပူ။ ဒီလိုပဲ ကုန်သွယ်ရေးနဲ့ သွားတယ်။ အဲဒီ အကျိုးစီးပွားတွေ။ အခုဆိုရင် ဂတ်စ်မှာ မလေးရှားတောင် ဝင်လာတယ်ဆိုတာ အားလုံးသိတယ်။ ဒီနိုင်ငံတွေဟာ အာဆီယံထဲမှာ စီးပွားရေးအားဖြင့် ကျားလို့ခေါ်တဲ့ နိုင်ငံတွေ။ အဓိက ဒီ (၃) နိုင်ငံ။ မြန်မာနိုင်ငံကို market အားဖြင့် မျက်စပစ်ထားတယ်။ အဲဒီအချက်ကြောင့် နိုင်ငံရေးမှာ ပြတ်ပြတ်သားသား မပြောရဲဘူး။ ဒါ အဓိကအချက်ပါ။

ဦးသန်းလွင်ထွန်း ။ ။ အထူးသဖြင့် စောစောက ကျနော်တို့က အာဆီယံအကြောင်း ပြောတယ်။ ဒါပေမဲ့ အာဆီယံနိုင်ငံတွေနဲ့ မတူတဲ့ သဘောထားကို ပိုပြီးတော့ တင်းမာတဲ့အနေအထားကို ကျနော်တို့က ပြသခဲ့ဖူး တာကတော့ အထူးသဖြင့် အနောက်နိုင်ငံ အင်အားကြီးတွေ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီ အနောက်နိုင်ငံကြီး တွေမှာတောင် ဒီလို မြန်မာနိုင်ငံ စစ်အစိုးရအပေါ်ကို ဖိအားပေးလိုတယ်၊ စီးပွားရေးပိတ်စို့လိုတဲ့ ဆန္ဒတွေကို ပြနေပေတယ်ဆိုပေမယ့် အနောက်နိုင်ငံကြီးတွေမှာ အခြေစိုက်တဲ့ multi-nationals လို့ခေါ်တဲ့ နိုင်ငံတကာ လုပ်ငန်းစုကြီးတွေကတော့ အကျိုးအမြတ်ကိုကြည့်ပြီးတော့ ဝင်မယ်လို့ တကဲကဲလုပ်နေတာကို တွေ့ရတယ်။ အဲဒီလို ဝင်မယ်တကဲကဲ လုပ်နေတဲ့ အခြေအနေတွေက အခုရွေးကောက်ပွဲ ပြီးသွားလို့ရှိရင်တော့ ဘယ်လို သူတို့အနေနဲ့ သဘောထား ပြောင်းလဲလာစရာ အကြောင်းရှိသလဲ။

ဦးစိန်ဌေး ။ ။ အဲဒီမှာ နှစ်ပိုင်းရှိတယ်။ တပိုင်းက ဗမာနိုင်ငံကို ကျနော် ပြောခဲပြီးပြီ။ သဘာဝ သံယံဇာတ စွမ်းအား အများစုရှိတယ်။ အထူးသဖြင့် သိနိုင်တာက သဘာဝဓါတ်ငွေ့။ ကမ္ဘာမှာလည်း အားလုံးသိတယ်။ လောင်စာ ပြဿနာရှိတယ်။ သဘာဝသိုက်ကလည်း နောက်ဖက်ကလည်း ထွက်ပြန်ပြီ။ ကျနော်တို့ ဒီဘက်က Total တို့ ဝင်တဲ့အချိန်မှာ ဒီ အကျိုးစီးပွားကြည့်ပြီးတော့ ပြင်သစ် Total ဝင်တယ်။ အမေရိကန်ကလည်း ဒီလိုပဲ Unicol ဝင်ခဲ့တယ်။ ဒါပေမဲ့ ဖိအားတွေ များလာတဲ့အခါ Unicol ထွက်သွားသော်လည်း နောက်ထပ် ကျန်နေတာ အားလုံးသိတယ်။ ကျနော်ပြောချင်တာက အနောက်နိုင်ငံကြီးတွေမှာ ဗမာနိုင်ငံသည် စီးပွားရေး အားဖြင့် ဒီမိုကရေစီနိုင်ငံ သွားဖို့အတွက် အထောက်အကူဖြစ်တဲ့ နိုင်ငံရေးစနစ် မရှိတော့ သူတို့က ကန့်ကွက် တယ်။ လူ့အခွင့်အရေးလည်း ချိုးဖောက်နေတယ်။

ဒီအခြေအနေကြောင့် လုပ်ပေမယ့်လည်း ဒီနိုင်ငံတွေမှာ လည်း ကိုယ်ကျိုးစီးပွားကိုကြည့်တဲ့ multi national investment companies ကြီးတွေရှိတယ်။ ဒီနိုင်ငံတွေဟာ ကျနော်ပြောခဲ့တဲ့ Total, Unicol တို့လို Chevorn တို့လိုဟာတွေကတော့ ဆက်ရှိနေမှာ။ အဲဒါတွေကို ဘယ်လောက်အထိ ဖိအားပေးနိုင်မလဲဆိုတာက ကျနော်တို့ နိုင်ငံမှာရှိနေတဲ့ သံယံဇာတ က အများကြီး ကျန်နေတော့ အဲဒါကို မျက်စပစ်တာက ပြဿနာဖြစ်နေတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခု ဦးစိန်ဌေး ပြောသလို မြန်မာနိုင်ငံအတွင်းမှာ ရှိနေတဲ့ သံယဇာတတွေကို မျက်စပစ် တာက အနောက်နိုင်ငံတွေမှာ ရှိနေတဲ့ နိုင်ငံတကာ ကုမ္မဏီကြီးတွေ မကဘူး ကျနော်တို့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတွေ ဥပမာ ထိုင်းနိုင်ငံဆိုလို့ရှိရင် မြန်မာနိုင်ငံရဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့တွေကို လိုချင် တယ်။ လျှပ်စစ်ဓါတ်အား လိုချင်တယ်။ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံဆိုရင်လည်း ဒီကိစ္စတွေအပေါ်ကို အင်မတန်ကို လိုလိုလားလား ရှိနေတယ်ဆိုတော့ ကျနော်မေးချင်တာက ဘန်ကောက်မှာရှိတဲ့ ဦးဇင်လင်း အနေနဲ့ မြန်မာနိုင်ငံရဲ့ နောက်တက်လာမယ့် အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် လွှွတ်တော်ရဲ့ ထိန်းချုပ်မှုတွေရှိမယ်။ စီးပွားရေး ဥပဒေတွေအရ၊ ဒါမှမဟုတ် စီးပွားရေး ပုဂ္ဂလလုပ်ငန်းတခုချင်းစီရဲ့ ထိန်းချုပ်မှုတွေရှိလာမယ်ဆိုရင် ဒီလို ပြည်တွင်းမှာရှိတဲ့ သံယံဇာတတွေကို နိုင်ငံရပ်ခြားတွေက အကျိုး အမြတ်ကို ကြည့်ပြီး လုပ်ချင်သလို လုပ်လာနိုင်မယ့် အလားအလာတွေကို နောက်ပိုင်းမှာ ထိန်းချုပ်သွား နိုင်မယ့် ပုံသဏ္ဍာန် မရှိဘူးလား။

ဦးဇင်လင်း ။ ။ ကျနော် မြင်တာကတော့ ထိန်းချုပ်နိုင်ဖို့ အလားအလာ မရှိဘူးခင်များ။ ဘာကြောင့် ဒီလို ပြောရသလဲဆိုတော့ ဒီနေ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက ပြဌာန်းထားတဲ့ အနေအထားတွေဟာ စစ်တပ်လက်ထဲမှာ။ စစ်တပ်က လာမယ့် ဗိုလ်ချုပ်တယောက်ယောက်ကနေ သမ္မတဖြစ်လာမယ့် ပုဂ္ဂိုလ် လက်ထဲမှာ အာဏာ အားလုံးက ဆုပ်ကိုင်ထားတယ်။ ပါလီမန်က cabinet တောင် ဖွဲ့ခွင့်မရှိတဲ့ ပါလီမန်မျိုး ဖြစ်တယ်။ Defense budget ကိုလည်း ကာကွယ်ရေး အသုံးစရိတ်ကိုလည်း ပါလီမန်က ဝင်ရောက်စွက်ဖက် နိုင်တဲ့ အနေအထားမရှိတာ တွေ့ရတယ်။ အဲဒါကြောင့်မို့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ သံယံဇာတက ထွက်ပေါ် လာတဲ့ အကျိုးအမြတ်တွေက ပြည်သူလူထုအတွက် သုံးမှာထက် သူတို့ အာဏာတည်မြဲရေးနဲ့ သူတို့တပ် ပိုမို ဒေသအတွင်း ကြီးထွားလာရေးအတွက် ကြိုးစားနေတာကို တွေ့ရတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံရဲ့ ဈေးကွက်ဖွင့် စီးပွားရေးက ၁၉၈၉ ကတည်းက စခဲ့တာ။ ဗမာနိုင်ငံ စစ် အစိုးရကနေ လုပ်လာခဲ့တဲ့ ဈေးကွက်ဖွင့် စီးပွားရေးနဲ့ အခု ရွေးကောက်ပွဲအပြီးမှာ ပေါ်လာမယ့် ဖွဲ့စည်းပုံ အခြေခံအရ ပေါ်လာမယ့် နောက်တက်မယ့် အရပ်သားတပိုင်း အစိုးရရဲ့ ဈေးကွက်စီးပွားရေးစနစ်က ဘယ် လိုများ ကွာခြားချက်တွေ ရှိလာနိုင်မလဲ။

ဦးစိန်ဌေး ။ ။ အခုနပြောပြီးပြီ။ ၈၈ နောက်ပိုင်း ၈၉ မှာ ဈေးကွက်စီးပွားရေးစနစ်ကို သွားပါမယ်လို့ open ပြောထားတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ open မှ မဟုတ်တာ။ Open the door close the gate ကြီး ပိတ်ထားတယ်။

၈၈ က တွက်မယ်ဆို အခု (၂၂) နှစ်။ အခု သူတို့ကပြောမှာ စကားလုံးတလုံးက orientated စကားခံပြီး အခြေခံတဲ့ ဈေးကွက်ကို သွားနိုင်မယ့် အခြေခံတဲ့စနစ်လို့ ပြောတယ်။ အဲဒီမှာ ဖွင့်တော့ဖွင့်ပေးတယ်။ အခုန ပြောတာ အားလုံးသိတယ်။ ကုမ္မဏီကြီး စီးပွားရေး ဦးပိုင်လီမီတတ်ကြီးတွေ စစ်တပ်ပိုင်တာအပြင် ဦးတေဇတို့လို ကုမ္မဏီကြီးတွေ ပြောရင်တော့ အများကြီး။ အဲဒီလို ကုမ္မဏီကြီးတွေတော့ ဖွင့်ပေးတယ်။ ကျနော်တို့ ပြည်သူတွေ ဖွင့်ဖို့ မရှိဘူး။ ဒါကြောင့်မို့ ကမ္ဘာက ပြောနေတာက တကယ်တမ်း နအဖ၊ နဝတ လုပ်ခဲ့တဲ့ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ်ကို အခြေခံတာ မဟုတ်ဘူး။ ဖားတပိုင်းငါးတပိုင်း ဖြစ်နေတယ်။ Economic reform ကို မသွားဘူး။ ဒါကြောင့်မို့ အခုသွားမှာကို စကားလုံးတလုံး ဖြုတ်လိုက် တယ်။ သေသေချာချာ ကြည့်လိုက်ပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အခြေခံမူထဲမှာ ပုဒ်မ (၃၅) မှာ ဈေးကွက်စီးပွားရေးစနစ် သွားမယ်ဆိုတဲ့ တလုံးကို ထည့်ထားတယ်။ အဲဒီတလုံးဟာ ပြီးခဲ့တဲ့ နှစ် (၂၀) (၂၂) အထိ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံအရ ဆိုရင် ဒီအတိုင်း တကယ် သွားမယ့်အလားအလာ မရှိတဲ့အခါကျတော့ အဲဒီအပေါ်မှာ သံသယဖြစ်စရာ ဖြစ်နေတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီ စီးပွားရေးကိစ္စတွေ ပြောနေသလို အခု ကျန်ရှိနေတဲ့အချိန်အတွင်းမှာ ထိုင်းနိုင်ငံမှာ ရှိတဲ့ ဦးဇင်လင်းကို မေးချင်တဲ့ မေးခွန်းတခုက ထိုင်းနိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် သဘောထားက ကျနော်တို့ မြန်မာနိုင်ငံအတွက် အင်မတန် အရေးပါပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံအတွင်းမှာ ရှိနေတဲ့ ဒုက္ခသည်တွေ အရေး ထိုင်းနိုင်ငံမှာရှိတဲ့ ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အရေး၊ မြန်မာနိုင်ငံနဲ့ နယ်ခြားဖြတ် ဆက်ဆံရေးကိစ္စ။ ဒီကိစ္စတွေက အင်မတန် အရေးကြီးတယ်ဆိုတော့ ရွေးကောက်ပွဲ ပြီးသွားလို့ရှိရင် ထိုင်း နိုင်ငံအနေနဲ့ ဘယ်လိုသဘောထားတွေ ပြောင်းလဲလာနိုင်သလဲဆိုတာကို နည်းနည်းလေး အတိုချုံး ရှင်းပြ ပေးပါ။

ဦးဇင်လင်း ။ ။ ထိုင်းနိုင်ငံကတော့ သူတို့က ကုလသမဂ္ဂရဲ့ ဒုက္ခသည်စာချုပ်မှာတော့ လက်မှတ်ထိုးထားတဲ့ နိုင်ငံမဟုတ်ဘူး။ သို့သော်လည်း ဒီကနေ ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ ဒုက္ခသည်စခန်း (၉) ခုမှာ မြန်မာဒုက္ခသည် တသိန်းလောက် လက်ခံထားတယ်။ ဒါအပြင် ထိုင်းနိုင်ငံအတွင်းမှာပဲ မြန်မာအလုပ်သမား မှတ်ပုံတင်ထားတဲ့လူ နဲ့ မှတ်ပုံမတင်ထားတဲ့လူ ဆိုလို့ရှိရင် (၃) သိန်း ဝန်းကျင်လောက် သူတို့ တာဝန်ယူပြီး တော့ စောင့်ရှောက်ထားတယ်လို့ ပြောရမယ်ဖြစ်တယ်။ ဒါ ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုရင် မြန်မာအစိုးရရဲ့ တာဝန်ယူမှု မရှိတဲ့အတွက်ကြောင့် တာဝန်မဲ့မှုကြောင့်ပဲလို့ ပြောရပါမယ်။

ထိုင်းကတော့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကောင်းချင်တယ်။ ဘာကြောင့် ဆက်ဆံရေးကောင်းချင်သလဲ ဆိုတော့ စီးပွားရေးအရ၊ သံယံဇာတအရ သူတို့ မြန်မာနိုင်ငံက အကျိုးအမြတ်များနေတာ ဖြစ်တယ်။ ဒါကြောင့်မို့ ထိုင်းက တင်းတင်းမာမာ မဆက်ဆံဘူး။ မြန်မာနိုင်ငံက အကျိုးအမြတ်တွေ ရဖို့အတွက်ကို မြန်မာဗိုလ်ချုပ်တွေနဲ့ အလိုက်အထိုက် ဆက်ဆံနေတယ်။ ဒါကြောင့် ထိုင်းအနေအထားကတော့ မြွေမသေ တုတ်မကျိုးသွားမယ့် သဘောထား ရှိပါတယ်။

XS
SM
MD
LG