သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲနောက်ပိုင်း တိုင်းရင်းသားအရေး


ရွေးကောက်ပွဲနောက်ပိုင်း တိုင်းရင်းသားအရေး
ရွေးကောက်ပွဲနောက်ပိုင်း တိုင်းရင်းသားအရေး

အခုလာမယ့် မြန်မာနိုင်ငံရွေးကောက်ပွဲမှာ အဓိက အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသားအဖွဲ့တွေဖြစ်တဲ့ ၀ ပြည် သွေးစည်း ညီညွတ်ရေး၊ UWSA၊ KIO ကချင်လွတ်မြောက်ရေး အဖွဲ့နဲ့ မွန်ပြည်သစ်ပါတီတို့ ပါဝင်ခြင်း မရှိပါဘူး။ ဒါ့အပြင် စစ်အစိုးရက ဖိအားပေးနေတဲ့ နယ်ခြားစောင့် တပ်ဖွဲ့ အသွင်ပြောင်းရေး ကိစ္စကိုလည်း အဲဒီ အဖွဲ့တွေက ငြင်းဆန်ထားပါတယ်။ ရွေးကောက်ပွဲ နောက်ပိုင်းကာလအထိ ဆက်ပြီး ညှိနှိုင်းရအုံးမယ်ဆိုတဲ့ ဒီတိုင်းရင်းသားအရေးတွေကို ဆွေးနွေးဖို့ ဘန်ကောက်မြို့၊ ဗွီအိုအေ စတူဒီယိုမှာ ရောက်ရှိနေတဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ နိုင်ငံခြားရေး ပြောခွင့်ရပုဂ္ဂိုလ် James Lamdau ကို ဗွီအိုအေမြန်မာသတင်းဌာနမှူး ဦးသန်းလွင်ထွန်းက ဆက်သွယ် မေးမြန်းဆွေးနွေး သုံးသပ်တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဆရာ James Lamdau ခင်ဗျား၊ အပစ်အခတ်ရပ်စဲအပြီးမှာ ဒီ KIO အဖွဲ့အနေနဲ့ပေါ့နော်၊ အမျိုးသားညီလာခံကိုတက်ပြီး တင်ပြချက်တွေလုပ်ခဲ့တယ်။ အဲဒီမှာလည်း သိပ်မအောင်မြင်ခဲ့ဘူး။ ဒါ့အပြင်ကို ဒီကာလတလျှောက်လုံးမှာလည်း နိုင်ငံရေးအရလည်း မြန်မာစစ်တပ်နဲ့ဆွေးနွေးခွင့်တွေမရခဲ့တဲ့အပြင် နောက်ပိုင်းမှာ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ်ပါ အသွင်ပြောင်းဖို့ ဖိအားပေးခံခဲ့ရတယ် ဆိုတော့ KIO အနေနဲ့ နောက်ပိုင်းမှာ ဒီစစ်တပ်ကြီးစိုးတဲ့ နောက်တက်လာမယ့်အစိုးရအဖွဲ့နဲ့ ဆွေးနွေးဖို့ ဘယ်လောက်အထိ မျှော်လင့်ချက်တွေ ရှိသလဲခင်ဗျ။

James Lamdau။ ။ ကျနော်တို့ KIO အနေနဲ့ ယုံကြည်ချက်ဆိုတာက အမြဲ မပျက်ခဲ့ပါဘူး။ ဆက်ပြီးတော့မှ ကျနော်တို့အတတ်နိုင်ဆုံး တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းခဲ့သလို ရှေ့ရှောက်ပြီးတော့မှလည်း ဆက်ပြီးကြိုးစားမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့အချိန်မှာ အဆင့် အဆင့် အခါပေါင်းများစွာ ကျနော်တို့ တွေ့ဆုံဆွေးနွေးပြီးတော့မှ တိုင်းပြည်ကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ကျနော်တို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့လို့ ဘယ်သူ့ကိုရယ်လို့ အပစ် မပြောဆိုချင်ပါဘူး။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကို လုပ်တယ်ဆိုရာမှာ နှစ်ဘက်စလုံး သဘောတူညီစွာ ဝိုင်းပြီးတော့ လုပ်မှသာလျှင် ဖြစ်မြောက်နိုင်တယ်။

အဲဒီတော့ကာ အပစ်အခတ် ရပ်စဲခဲ့တဲ့ ၁၉၉၄ ခုနှစ်မှာ ဒါတွေက ဘာကြောင့်လဲ ဆိုလို့ရှိရင် ဒီ ပစ်ခတ်နေခြင်းအားဖြင့် တိုင်းပြည်ရဲ့ သာယာဝပျောရေးကို ဖြေရှင်းမယ်ဆိုရင် ဘယ်နည်းနဲ့မှ လက်တွေ့မကျကြောင်း တွေ့လာခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံရေးနည်း တနည်းနဲ့သာလျှင် တိုင်းပြည်ကို ပြန်လည်ထူထောင်မယ်လို့ ကျနော်တို့ ယုံကြည်တဲ့အတိုင်း ကျနော်တို့ အပစ်အခတ်ရပ်စဲခဲ့တာပါ။

ဦးသန်းလွင်ထွန်း။ ။ အဲဒီအပစ်အခတ် ရပ်စဲပြီးတဲ့နောက်ပိုင်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲတဲ့ အမျိုးသားညီလာခံကိုပါ ကိုယ်စားလှယ်တွေ စေလွှတ်တက်ရောက်ခဲ့ပြီးတော့ ကချင်ပြည်နယ်ရဲ့ ကိုယ် ပိုင်ပြဌာန်းခွင့်နဲ့ တိုင်းရင်းသားအခွင့်အရေးတွေအတွက် လိုအပ်ချက်တွေကို တောင်းဆိုတင်ပြခဲ့တယ် ဆိုတာလည်း ကျနော်တို့ သိပါတယ်။ ဒါပေမဲ့လည်း ဒီတောင်းဆိုတင်ပြချက်တွေက သိပ်ပြီးတော့ အရာမရောက်ခဲ့ဘူးဆိုတဲ့ သဘောလည်း ကျနော်တို့ တွေ့ရတယ်လေ။ အဲဒီအကြောင်းလေးကို နည်းနည်းလေး ရှင်းပြပါလားခင်ဗျ၊ ဘယ်အချက်တွေကို တောင်းဆိုပြီး ဘာကြောင့်မို့လို့ ဒီလို ပယ်ချခံခဲ့ရတာလဲ။

James Lamdau။ ။ ကျနော်တို့ တိုင်းရေးပြည်ရေးအတွက်ဟာ နိုင်ငံရေးနှင့်သာလျှင် ဖြေရှင်းမယ် ဆိုပြီးတော့မှ အပစ်အခတ် ရပ်စဲခဲ့ကြတယ်။ အဲဒီတော့ကာ နိုင်ငံရေးနဲ့လုပ်မယ်ဆိုရင် ကျနော်တို့ ဒီ အခြေခံဥပဒေမရှိဘဲနဲ့ ဘယ်လိုလုပ်မလဲ။ ဒါကြောင့် ဒီအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့မှ ဒီ constitution ကို ဆွဲလာတဲ့အခါမှာ ၂၀၀၈ ခုနှစ်မှာ ပြီးစီးသွားပါတယ်။ ဟုတ်ပြီ၊ အဲဒီ အခြေခံဥပဒေကို တိုင်းပြည်ကသော်လည်းကောင်း၊ ပြင်ပကသော်လည်းကောင်း သိပ်ပြီးထောက်ခံတဲ့အချက်က မရှိပါဘူး။ ဒါပေမဲ့လို့ ကျနော်တို့က နားလည်မှုထားပါတယ်။

ဗမာပြည်ရဲ့ နိုင်ငံရေးဟာ သုညကနေ စရပါလိမ့်မယ်။ ဒါကြောင့် ဒီအဆင့်ကို ဘာပဲဖြစ်ဖြစ် ဆက်ပြီးတော့မှ ထောက်ခံသွားမယ်၊ ဒါပေမဲ့လို့ နည်းနည်းပါးပါး ပြုပြင်စရာရှိတဲ့ ဥစ္စာကိုကျတော့ နောင်အခါတော့ပေါ့ဗျာ။ အချိန်သင့်တော်တဲ့အခါမှာ ပြုပြင်နိုင်အောင် ဆိုပြီးတော့မှ အချက် ၁၉ ချက်အထိ ကျနော်တို့ တင်ပြတာရှိပါတယ်။ ကျနော်တို့က ချက်ခြင်းပြုပြင်ဖို့ သိပ်ပြီးတော့ မရည်ရွယ်ပါဘူး။

ဦးသန်းလွင်ထွန်း။ ။ ဆရာ James Lamdau တို့နဲ့ ၀ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA တို့နဲ့ ကွာခြားချက်ပေါ့နော်၊ UWSA ကတော့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို လက်မခံဘူးဆိုတဲ့ သဘောမျိုး ယတိပြတ်ပြောထားတာ ရှိပါတယ်။ KIO အဖွဲ့ကတော့ အဲဒီလို ယတိပြတ်ပြောထားတာ မရှိဘူးပေါ့နော်။

James Lamdau။ ။ ကျနော်တို့ ယတိပြတ်ပြောထားတာ မရှိပါဘူး။ ဘာကြောင့်လဲ ဆိုလို့ရှိရင် ဒီသဘောမကျတဲ့အချက်တွေကတော့ ဒီ အခြေခံဥပဒေပြဌာန်းချက်ဆိုတာက တဆင့်ပြီးတဆင့် ပြုပြင်လို့ရမယ်လို့ ယုံကြည်ပြီးတော့မှ ဒါတွေကို ယတိပြတ်ပြောခြင်းမရှိပါဘူး။ နောက်ပြီးရင် ပတ်ဝန်းကျင် အခြေအနေကိုသော်လည်းကောင်း၊ နှစ်ဦးနှစ်ဘက်ရဲ့ ခင်မင်ရင်းနှီးမှုပေါ်မှာ သော် လည်းကောင်း အဲဒီပေါ်မှာ မူတည်ပြီးတော့မှ ဘယ်ပွိုင့်ကနေ၊ ဘယ်အချက်ကနေ စပြီး ပြုပြင်မလဲဆိုတာကို ကျနော်တို့ ကြိုတင်ပြီးတော့မှ မပြောနိုင်သည့်တိုင်အောင် အဲဒီပတ်ဝန်းကျင်နဲ့ ဟပ်စပ်တဲ့ အခြေအနေပေါ်မှာ ကျနော်တို့ တဆင့်ပြီးတဆင့် ပြောင်းလဲသွားမယ်လို့ ကျနော်တို့ ဒါတွေကို ယုံကြည်ခြင်း ရှိပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဆရာ James က နှစ်ဦးနှစ်ဘက် ရင်းနှီးမှုတွေအကြောင်းကို ပြောတယ်ပေါ့နော်။ ဒါပေမဲ့လည်း နှစ်ဦးနှစ်ဘက် ခင်မင်ရင်းနှီးမှုတွေက အခု ဒီ လပိုင်းတွေမှာ နည်းနည်းလေး ပျက်ပြားလာနေတဲ့ သဘောမရှိဘူးလားခင်ဗျ။ အထူးသဖြင့်ပေါ့နော်။ မြန်မာ စစ် အစိုးရရဲ့ သတင်းစာက ဆိုလို့ရှိရင် KIO အဖွဲ့ကို လက်နက်ကိုင် သောင်းကျန်းသူအဖြစ်တောင် ပြန်ပြီးတော့ သုံးနှုန်းလာတာကိုလည်း တွေ့ရတယ်။ ဒါ့အပြင် ဒီနယ်မြေထဲမှာ ပစ်ခတ်မှုတချို့ ကြို့ကြား ကြို့ကြား ကြားလာရတာရှိတယ်။ ဖမ်းဆီးမှုတချို့လည်းရှိတယ်ဆိုတော့ ဒီဆက်ဆံရေး အခြေအနေဟာ ဒီရက်ပိုင်းမှာ ပိုပြီး ဆိုးလာနေတယ်လို့ မယူဆဘူးလားခင်ဗျ။

James Lamdau။ ။ ဒါ မှန်ကန်ပါတယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် သူတို့ တဘက်သတ် ရန်သူအနေနဲ့ စွပ်စွဲတာက ဘာလို့လဲဆိုလို့ရှိရင် ကျနော်တို့က နယ်ခြားစောင့်တပ်ကို လက်မခံဘူး။ ဘာကြောင့် နယ်ခြားစောင့်တပ်ကို လက်မခံသလဲ ဆိုလို့ရှိရင် နယ်ခြားစောင့်တပ် လုပ်လိုက်တာနဲ့ ကျနော်တို့ KIO ဟာ အဲဒီ န.အ.ဖ ရဲ့ တပ်မတော်မှာ ခြေစုံပစ်ဝင်သွားခြင်းဖြစ်တယ်။ အဲဒါတွေကြောင့် ဘယ်မှာ ဝင်သွားလို့ ဖြစ်မလဲ၊ ကျနော်တို့ တော်လှန်ရေးလုပ်လာတာက ပြည်သူလူထုရဲ့ ရပိုင်ခွင့်ကို ရလာဖို့ရန် ရည်မှန်းပြီးတော့မှ အလုပ်လုပ် လာခဲ့ကြတာ။

အခု ပြည်သူလူထုရဲ့ ရပိုင်ခွင့်ကို ဘာမှလည်း မလုပ်သေးဘူး။ အစိုးရတောင်မှ မတည်ထောင်သေးဘူး။ အဲဒီအချိန်မှာ ကျနော်တို့ရဲ့ တပ်မတော်ကို အပြတ်ရှင်းပစ်လိုက်မယ်၊ အပြတ်ကို လက်မြှောက် တော့မယ်ဆိုရင် ဒါတော့ လက်တွေ့မကျပါဘူး။ ဒါကြောင့် BGF (Border Guard Force) ကို ကျနော်တို့က လက်မခံဘူး။ အဲဒီလက်ခံမယ့်အစား တဆင့်ပြီးတဆင့် အများကြီးလုပ်သွားရလိမ့်မယ်၊ BGF ဆိုတာ။ ဒါပေမဲ့လို့ အဲဒီအဆင့်တွေကို သွားမနေအောင် ကျနော်တို့တောင်းဆိုတာက ပင်လုံ စာချုပ်ရဲ့ ကတိ ကဝတ်မှာပါတဲ့အတိုင်း အဲဒီအခွင့်အရေးကိုသာ ပေးပါ။ ဒါဆိုရင် ကျနော်တို့ BGF ဝင်နေစရာ မလိုဘူး။ လက်နက်လည်းကိုင်ဖို့ လုံးဝမလိုတော့ပါဘူး။ ကျနော်တို့က ပြည်သူလူထုအနေနဲ့ နေပါမယ် ဆိုတာကို အဲဒါကို ပြောလာခဲ့တယ်။

ဦးသန်းလွင်ထွန်း။ ။ ဆရာ James က ပင်လုံစာချုပ်ဆိုတာကို ပြောလာခဲ့တယ်လေ။ မကြာသေး ခင်ကပဲ ဇိုမီးတိုင်းရင်းသားအဖွဲ့က အစပျိုးပြီးတော့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဝါရင့်နိုင်ငံရေး သမားတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေက သဘောတူပြီးတော့ ထုတ်ပြန် တောင်းဆို လိုက်တဲ့ ဒုတိယအကြိမ် ပင်လုံညီလာခံခေါ်ယူရေးဆိုတဲ့ကိစ္စအပေါ်မှာရော၊ ဒီကိစ္စ အပေါ်မှာတော့ ကချင်ခေါင်းဆောင်တွေ ပါဝင်တဲ့အချက်တွေ မတွေ့ရသေးဘူးခင်ဗျ။ ဘာကြောင့် ဒီကိစ္စကို ကချင်အဖွဲ့က မပါခဲ့တာလဲ။

James Lamdau။ ။ န.အ.ဖ က ကျနော်တို့ကို ဒီ စက်တင်ဘာလဆန်း တရက်နေ့က စပြီးတော့ ကျနော်တို့ကို သောင်းကျန်းသူပုန်အနေနဲ့ ကန့်သတ်လိုက်တယ်။ အဲဒီတော့ ကျနော်တို့မှာ ပြည်တွင်း ရေးမှာ သွားလာရေးအတွက်က နည်းနည်းအဆင်မပြေပါဘူး။ အဲဒါကြောင့် ကျနော်တို့ KIO ခေါင်းဆောင်တွေဟာ အဲဒီမှာ သွားပါဝင်ခြင်းမရှိပါဘူး။ ဒါပေမဲ့ သူတို့ရဲ့လုပ်ကိုင်ဖို့က ကျနော်တို့ အားလုံး၊ ဒီတိုင်းရင်းသား လူမျိုးစုအားလုံးကိုယ်စားအနေနဲ့ သူတို့လုပ်နေပါတယ်လို့ ကျနော်တို့ ခံယူတယ်။ ကျနော်တို့ မပါသည်တိုင်အောင် ကျနော်တို့ရဲ့ အတွေးအခေါ်လည်း အဲဒီမှာ ပါနေပါတယ်။

ဦးသန်းလွင်ထွန်း။ ။ အခု နောက်ထပ် မေးချင်တဲ့အချက်တခုက KIO အဖွဲ့အနေနဲ့ ပေါ့နော်၊ လောလောဆယ်အားဖြင့်ကတော့ ဆက်ဆံရေးမှာ ဒေသတွင်း န.အ.ဖ စစ်တပ်ရဲ့ တိုင်းမှူး တွေနဲ့ အဓိကဆက်ဆံရတယ်၊ အဲဒါအပြင် ရံဖန်ရံခါဆိုသလို ပျဉ်းမနားမှာရှိတဲ့ နေပြည်တော်မှာရှိတဲ့ ဗဟိုအစိုးရနဲ့ဆက်ဆံရတာတွေရှိတယ်။ ဒါပေမဲ့ အခု ရွေးကောက်ပွဲ ပြီးပြီးတဲ့ နောက်ပိုင်းမှာဆိုလို့ရှိရင် ဒီလို မြန်မာစစ်တပ်ရဲ့ ဒေသခံတိုင်းမှူးတွေအပြင်၊ နောက်ပြီးတော့ ဗဟိုအစိုးရအပြင်ကို ပြည်နယ်ထဲမှာလည်း ပြည်နယ်လွှတ်တော်ဆိုတာ ပေါ်လာမယ်၊ ကချင်လူမျိုးတွေရဲ့ ကချင်ပြည်နယ်လွှတ်တော် ပေါ့နော်။ အဲဒီတော့ ဒီ ကချင်လူမျိုးတွေရဲ့ ကချင်ပြည်နယ်လွှတ်တော်နဲ့ ဆက်ဆံရေးကိစ္စမှာ KIO အနေနဲ့ ဘယ်လိုများ ဒေသတွင်း ကျန်းမာရေး၊ လူမှုရေး၊ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးမှုကိစ္စတွေကို ဖွံ့ဖြိုးလာအောင် ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ထင်သလဲ။

James Lamdau။ ။ ကျနော်တို့အနေနဲ့ကတော့ ဒီအခြေအနေကို ကြိုပြောဖို့ဟာက မလွယ်ဘူး။ ဘာကြောင့်လဲဆိုလို့ရှိရင် န.အ.ဖ ရဲ့ ပြုပြင်ပြောင်းလဲမှု၊ နောက် အကျင့်စာရိတ္တတွေ သူတို့ လုပ်ကိုင်မှုဟာ မယုံကြည်တဲ့၊ မမျှော်လင့်တဲ့ဟာ အမျိုးမျိုး ပြောင်းလဲလာနိုင်တယ်။ ဒါကြောင့် ရှေ့ရှောက်ပြီးတော့မှ ဘယ်လို ပြန်လုပ်သွားမယ်ဆိုတာကတော့ အခြေအနေပေးတဲ့အပေါ်မှာ မူတည်ပြီးတော့မှ မူတည်ပါလိမ့်မယ်။

XS
SM
MD
LG