သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်နိုင်ငံရေးပါတီများ နဲ့ ရွေးကောက်ပွဲ အခွင့်အရေး


ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ လူထုကိုယ်စားပြု ဒေသခံပါတီ (၂) ခုဖြစ်တဲ့ ကချင်ပြည်နယ် တိုးတက်ရေးပါတီ (Kachin State Progressive Party) နဲ့ ညီညွတ်သော ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (United Democracy Party-Kachin) တို့ကို စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်က ပါတီအဖြစ် မှတ်ပုံတင်ဖို့ ခွင့်မပြုခဲ့ပါဘူး။ KSPP ပါတီရဲ့ ခေါင်းဆောင်တချို့ကတော့ ပါတီအနေနဲ့ မဟုတ်ဘဲ တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ဖို့ စာရင်းသွင်းထားပြီလို့ ဆိုပါတယ်။ ဒေသအတွင်း အခြေအနေ ဒီလိုပါတီတွေ မှတ်ပုံတင်ခွင့်မရတဲ့ကိစ္စ စတဲ့အကြောင်းအရာများနဲ့ ပတ်သက်ပြီး ထိုင်းနယ်စပ်အခြေစိုက် ကချင်သတင်းဌာန အယ်ဒီတာဦးနော်ဒင်း ကို ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးနော်ဒင်း ။ ။ သူတို့ သက်ဆိုင်ရာပါတီ ခေါင်းဆောင်တွေ ပြောပြပုံအရဆိုရင် တစုံတရာ သူတို့ကို အကြောင်းကြားခြင်း၊ တစုံတရာ စာနဲ့ ပေးပို့ခြင်း တရားဝင်ဘာမှ မပြုလုပ်ခဲ့ပါဘူး။ တကယ်တမ်း သူတို့က နေပြည်တော်ရွေးကောက်ပွဲ ကော်မရှင်ကို သူတို့ တင်ပြတာက ပြီးခဲ့တဲ့ ဧပြီကနေ ဒီပါတီ မှတ်ပုံတင် တင်ထားခဲ့တာဖြစ်တယ်။ အခုအချိန်အထိ သူတို့ကို တရားဝင် အကြောင်းကြားခဲ့ခြင်း မရှိခဲ့ပါဘူး။ ကချင်ပြည်နယ် တိုးတက်ရေးပါတီ ကို မှတ်ပုံတင်ခွင့်မပေးခဲ့တဲ့ အဓိကကိစ္စကတော့ ဒီ ပါတီကို ဦးဆောင်ဦးရွက် ထူထောင်တဲ့လူတွေ အများဘက်ကတော့ ကေအိုင်အို အရာရှိဟောင်းတွေ ဖြစ်ကြတော့ ပါတီခေါင်းဆောင်ကိုယ်တိုင်ကလည်း ဒေါက်တာတူးဂျာ ကိုယ်တိုင် ကလည်း ကေအိုင်အို က နုတ်ထွက်ခဲ့တယ်။ တရားဝင် ဒု-ဥက္ကဌဟောင်းဖြစ်တော့ ကေအိုင်အို နဲ့ ကေအက်စ်ပီပီ ပါတီကြားမှာ ဆက်စပ်မှုတွေ ရှိနေတယ်ဆိုတဲ့ဟာကို အဓိက အကြောင်းပြချက် ပြပြီးမှ ဒီပါတီကို မှတ်ပုံတင်ခွင့် မပေးဘူးတဲ့ဟာကို ကျနော်တို့ သိရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ သူတို့ ဒီပါတီနှစ်ခု က သတ်မှတ်ရက်ကုန်ဆုံးသွားတယ်ဆိုပေမဲ့ သူတို့အနေနဲ့ ပါတီအဖြစ် မှတ်ပုံတင်ခွင့် မရဘူး ဆိုတော့ ပါတီအဖြစ် ရပ်တည်ခွင့်က အလိုအလျောက် ပျက်ပြယ်သွားပြီးဆိုတဲ့ သဘောရှိလားခင်များ။ ဥပမာအားဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဆိုလိုရှိရင် ပါတီအဖြစ် မှတ်ပုံမတင်ဘူး ဆုံးဖြတ်တဲ့အတွက်ကြောင့် နိုင်ငံရေးပါတီအဖြစ် တရားဝင် ရပ်တည်ချက်က အလိုအလျောက်ပျက်ပြယ်သွားတယ်။ အဲဒီတော့ ကချင်ပြည်နယ်က ဒီပါတီ နှစ်ခုအနေနဲ့ နိုင်ငံရေးပါတီအနေနဲ့ ရပ်တည်လို့ မရတော့ဘူးဆိုတော့ သူတို့ဘာဆက်လုပ်ကြမလဲ။

ဦးနော်ဒင်း ။ ။ အဓိကကတော့ ညီညွတ်သော ဒီမိုကရေစီပါတီ ကချင်ပြည်နယ်ကတော့ ဆက်ပြီးဘာလုပ်မလဲဆိုတာကိုတော့ မသိရသေး ပါဘူး။ ဒါပေမဲ့လည်း ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) အနေနဲ့ကတော့ ပါတီမှတ်ပုံမတင်ခင်ကတည်းက တနှစ် ကျော်ကျော် လောက်ကတည်းက ပါတီမဖွဲ့ခင်ကတည်းက အတော်လေး ကချင်ပြည်နယ်တော်တော်များများကို ကွင်းဆင်းခဲ့တယ်၊ စည်းရုံးခဲ့တယ်။ နောက်ပါတီရုံးခွဲတွေလည်း ဖွင့်ခဲ့တယ်၊ စည်းရုံးရေးမှုးတွေလည်း ခန့်ထားခဲ့တယ်။ ကချင်ပြည်နယ်သာမက ရှမ်းပြည်နယ် အရှေ့မြောက် ပိုင်း ကချင်တွေရှိတဲ့ဒေသတွေကိုပါ စည်းရုံးခဲ့တာ လုပ်ခဲ့တယ်။ အတော်လေး လုပ်ခဲ့တော့ ကချင်လူထုရဲ့ရှေ့မှာ ဒီပါတီကို ဘာပဲဖြစ်ဖြစ် ဒီရွေးကောက်ပွဲက စစ်အစိုးရနိုင်ပြီးသာ - ဒါပေမဲ့လည်း စစ်အစိုးရကို မကြိုက်တဲ့ ပြည်သူလူထု ကချင်လူထုတွေအနေနဲ့က ဒီပါတီကိုပဲ မဲပေးဖို့အတွက် လူထုကဆုံးဖြတ်ထားတာရှိတယ်။ မကြာသေးတဲ့နေ့မှာ ကျနော်ကို မြစ်ကြီးနားဒေသခံ တဦးက ပြောပြတာက အခု ကျနော်တို့ မြစ်ကြီးနားမှာရှိတဲ့ ကချင်တွေက စစ်အစိုးရပါတီကိုလည်း မကြိုက်ဘူး။ ကချင်ပြည်နယ် တိုးတက်ရေးပါတီလည်း မရတော့ဘူး ဆိုရင် ဘယ်သူကို မဲပေးမယ်ဆိုတာ သူတို့မသိတော့ဘူး။ နောက်ဆုံးဘယ်သူကိုမှ စစ်အစိုးရ ပါတီကို မပေးချင်ဘူးဆိုရင်တော့ တစညပါတီ ကို ပေးရင်ကောင်းမလားဆိုတဲ့ စဉ်းစားချက်တွေ မြစ်ကြီးနားမှာ ဖြစ်ပေါ်လာတယ်။ အဲဒီကိစ္စက KSPP ပါတီကို လက်မခံတဲ့နောက်ပိုင်းမှာ ဖြစ်လာခြင်းဖြစ်တယ်။ ဆိုတော့ အခု KSPP ခေါင်းဆောင်တွေအနေနဲ့က အဲဒီလိုမျိုး အတော်လေး ကချင်လူထုကို စည်းရုံးမှုတွေ ရှိခဲ့တယ်ဆိုတော့ ပါတီက မရတော့ဘူးဆိုပေမဲ့ သူတို့အနေနဲ့ နောက်တလမ်းဖြစ်တဲ့ တသီးပုဂ္ဂလကအနေနဲ့ ကြိုးပမ်းမှု ရှိမယ်။ ဒီလို တသီးပုဂ္ဂလ အနေနဲ့ ယှဉ်ပြိုင်နိုင်အောင် ကြိုးပမ်းနေတယ်ဆိုတာကို သိရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီကိစ္စကို ကျနော်တို့လည်း ကြားပါတယ်။ အထူးသဖြင့် KSPP ပါတီ ဥက္ကဌ ဒေါက်တာတူးဂျား အပါအဝင် လူပုဂ္ဂိုလ် (၁၄) ဦးတို့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေအဖြစ် စာရင်းတင်သွင်းထားတယ်လို့ ကြားပါတယ်။ ဒါပေမဲ့ အခုအချိန်အထိ ကိုယ်စားလှယ်လောင်းအဖြစ် စာရင်းတင်သွင်းထားတာကို လက်ခံမယ် လက်မခံဘူးဆိုတာ မသိရသေးတော့ လက်ခံနိုင်မယ့် အလားအလာ ရှိသလား။

ဦးနော်ဒင်း ။ ။ အဲဒီကိစ္စကတော့ အတော်လေး ပြောဖို့တော့ ခက်ပါတယ်။ ကျနော်အနေနဲ့ လေ့လာသိသလောက်ကိုကြည့်ရင် သူတို့အနေနဲ့ သြဂုတ်လ (၂၉) ရက်နေ့မှာ သူတို့ လူစာရင်းတွေကို ကိုယ်စားလှယ်လောင်းအဖြစ် နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ကို တင်သွင်း ခဲ့တယ်။ နောက်တဆင့်ကတော့ သူတို့အနေနဲ့ တကယ်ပဲ သူတို့ရမလား မရဘူးလားဆိုတဲ့ မေးခွန်းတွေကတော့ အများကြီး။ မေးစရာတွေ အများကြီးရှိနေပါတယ်။ ကျနော်အမြင်တော့ တသီးပုဂ္ဂလလို ဖြစ်သွားလို့ရှိရင် အတော်လေးတော့ လူထုရဲ့ ယုံကြည်ကိုးစားမှုတွေက လျော့သွားနိုင်တယ်၊ မဲနိုင်ဖို့ အလားအလာလည်း အတော်လေး ကျသွားနိုင်တယ်ဆိုတာကို မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါအပြင် တသီးပုဂ္ဂလဆိုတဲ့နေရာမှာ ပါတီကို ကိုယ်စားမပြုဘူး တသီးပုဂ္ဂလတွေအနေနဲ့ဆိုလို့ရှိရင် အထူးသဖြင့် ဒါက အနည်းစု တိုင်းရင်းသားအဖွဲ့တွေထဲမှာ ရှိနေတယ်ဆိုတော့ လာမယ့် လွှတ်တော်ထဲမှာ အမျိုးသားလွှတ်တော် နဲ့ ပြည်ထောင်စုလွှတ်တော်တွေ အပါအဝင် - လက်ရှိ မြင်နေရတဲ့ ကြီးစိုးလာမယ့် အလားအလာက စစ်တပ်ရယ်၊ စစ်တပ်ကို ထောက်ခံတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ တစညပါတီတွေပဲ ရှိနေတယ်ဆိုတော့ ဒီတိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တိုင်းရင်းသားဒေသတွေမှာ ကိုယ်စားပြုနေတဲ့ တသီးပုဂ္ဂလတွေ၊ အနည်းစု ကိုယ်စားလှယ်တွေ က သူတို့တင်ပြတဲ့အချက်တွေ၊ သူတို့လိုချင်တဲ့အချက်တွေကို ရနိုင်ဖို့၊ ပြုပြင်ပြောင်းလဲနိုင်ဖို့ အခွင့်အရေးဆိုတာ ရှိပါတော့မလား။

ဦးနော်ဒင်း ။ ။ အခုအချိန်အထိ ကျနော်မြင်တာကတော့ အဲဒီအခွင့်အရေးတွေ လုံးဝမရှိနိုင်ဘူးဆိုတာကို မြင်ပါတယ်။ ဘာကြောင့်လည်းဆိုလို့ရှိရင် ဥပမာအားဖြင့် ကချင်မှာ ကချင်နံမည်ခံထားတဲ့ အခု ယှဉ်ပြိုင်ဖို့အတွက် အစိုးရကိုယ်တိုင် ခွင့်ပြုခဲ့တဲ့ စည်းလုံးညီညွှတ်ရေးနဲ့ ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (UDPKS) ကလည်း စစ်အစိုးရရဲ့ ကြံ့ဖွံ့ပါတီထဲက ကချင်ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ပါတီဖြစ်တယ်။ ဒီပါတီတောင် အခုလက်ရှိ ကချင်ပြည်နယ်မှာ အမတ်နေရာ (၇) နေရာဆိုတာကလည်း ပါလီမန်အတွက် ကိုယ်စားလောင်းတွေ တင်ပြခဲ့ခြင်းဖြစ်တယ်။ ဒီ အမတ်နေရာ (၇) နေရာအတွက် ဘယ်သူပဲ နိုင်သည်ဖြစ်စေ ကချင်လူမျိုးတွေအတွက်၊ ကချင်ပြည်နယ်မှာရှိတဲ့ ပြည်သူလူထုအတွက် မျှော်လင့်ချက်တွေကို ကချင်လူမျိုးတွေ လိုလားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး အခွင့်အရေး ဆိုတာကို လုံးဝ ပြောလို့ရမှာလည်းမဟုတ်ဘူး၊ အပြောင်းအလဲ တစုံတရာလုပ်ဖို့လည်း ဘာမှလုပ်ပိုင်ခွင့်လည်း ရှိမှာမဟုတ်ဘူး ဆိုတာကတော့ ထင်ရှားနေပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ကချင်ပြည်နယ်ထဲမှာ တခြားဆက်စပ်နေတဲ့အကြောင်းတခုကတော့ အပစ်အခတ်ရပ်စဲထားတဲ့ ကေအိုင်အိုအဖွဲ့ပေါ့ - သူတို့ကို နယ်ခြားစောင့်တပ်ဖွဲ့ (BGS) အသွင်ပြောင်းဖို့ဆိုပြီးတော့ အကြိမ်ကြိမ်တိုက်တွန်းချက်တွေရှိတယ်။ အခုနောက်ဆုံးတော့ လက်မခံဘူးဆိုတဲ့ အခြေအနေဖြစ်လာပြီးတော့ နောက်တက်လာမယ့် ဒီမိုကရေစီအစိုးရအဖွဲ့တွေကြားမှာ ဆက်လက်ညှိနှိုင်းသွားမယ်ဆိုတဲ့ ပြန်ကြားချက်မျိုးကို တွေ့ရပါတယ်။ ဒါပေမဲ့ နောက်တက်လာမယ့် လွှတ်တော်နဲ့ စစ်တပ်ကြီးစိုးတဲ့ လွှတ်တော်နဲ့ လွှတ်တော်ထောက်ခံတဲ့ ပါတီတွေ၊ ကိုယ်စားလှယ် လွှတ်တော်ထဲမှာဆိုရင် ဒီလူတွေကလည်း စစ်တပ်ရဲ့ သဘောထားအတိုင်းပဲ ရှိနေကြမယ်လူတွေဆိုတော့ ဆက်လက်ပြီး ညှိနှိုင်းနိုင်မယ့် အလားအလာရှိပါသလား။

ဦးနော်ဒင်း ။ ။ မျှော်လင့်ချက်ကတော့ မဖြစ်နိုင်ဘူးဆိုတဲ့ဟာကို ကျနော်အနေနဲ့ မြင်ပါတယ်။ ဘာကြောင့်လည်းဆိုလို့ရှိရင် ကေအိုင်အိုရဲ့ (၁၆) နှစ်ကျော်ကာလ အပစ်အခတ်ရပ်ကာလကို ပြန်ကြည့်လို့ရှိရင် ကေအိုင်အို အနေနဲ့ နိုင်ငံရေးကို နိုင်ငံရေးနဲ့ ဖြေရှင်းမယ်ဆိုပြီး ceasefire ကို လုပ်ခဲ့တာ အဓိက တချက်ပါတယ်။ အဲဒီကိစ္စကြောင့် နအဖရဲ့ အမျိုးသားညီလာခံ၊ အချက် (၇) ချက် လမ်းပြမြေပုံ ကိုလည်း ထောက်ခံခဲ့တယ်။ အခြေခံဥပဒေလည်း စစ်အစိုးရ ကြိုက်သလိုရေးဆွဲတဲ့ သူကိုကာကွယ်ထားတဲ့ အခြေခံဥပဒေကိုမှ ကေအိုင်အို က ထောက်ခံပေးပြီးမှ တဆင့်ပြီးတဆင့် နိုင်ငံရေးကို ဖြေရှင်းလို့ ရနိုင်မလားဆိုတဲ့ မျှော်လင့်ချက်တွေ ကေအိုင်အို က အတော်ကလေး ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုလိုမျိုး ရွေးကောက်ပွဲရောက်လာတဲ့ အခြေအနေမှာ ကေအိုင်အို ကို အစပိုင်းမှာ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ ပြောတယ်။ အခုနောက်ပိုင်းမှာ လက်နက်ချဖို့ကို ပြောခဲ့ပါတယ်။ ဒီလိုမျိုးအခြေအနေကို ကြည့်ခြင်းအားဖြင့် တကယ်လို့ အစိုးရသစ်ကို ရွေးကောက်ပွဲမှ ဖွဲ့စည်းနိုင်တဲ့အချိန်နောက်ပိုင်းမှာ နိုင်ငံရေးကို ဆက်ပြီးဆွေးနွေးမယ်ဆိုတာကို တချို့ခေါင်းဆောင်တွေက မျှော်လင့်တယ်။ ဒါပေမဲ့ ကျနော့်အနေနဲ့ မြင်တာကတော့ ပိုပြီးတော့ ဖြစ်နိုင်တဲ့အလားအလာတွေက မရှိဘူးဆိုတာကတော့ ထင်ရှားနေပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အထူးသဖြင့် အပစ်အခတ်ရပ်အဖွဲ့တွေနဲ့ ညှိနှိုင်းနေတဲ့ ဗိုလ်ချုပ်ကြီးရဲမြင့်တို့လို ပုဂ္ဂိုလ်မျိုးဆိုရင် လာမယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုပြီးတော့ ပြင်ဦးလွင်မဲဆန္ဒနယ်ကနေ ဝင်ပြီးအရွေးခံမယ်ဆိုတော့ ဒီလို ပုဂ္ဂိုလ်မျိုးတွေ လွှတ်တော်ထဲ ရောက်လာတယ်၊ သြဇာအာဏာဆက်ပြီး ထိန်းထားမယ်ဆိုလို့ရှိရင် နယ်ခြားစောင့်တပ်ဖွဲ့အသွင်နဲ့ ကေအိုင်အိုအဖွဲ့ လက်နက်ချရေးဘာညာ အစီအစဉ်ဆိုတာတွေ နဂိုသဘောအတိုင်းပဲ ဆက်ရှိနေမယ့် ယူဆရမယ့် ပုံဖြစ်နေမှာပေါ့။

ဦးနော်ဒင်း ။ ။ အဓိကကတော့ အခုအခြေအနေက ကေအိုင်အို အနေကလည်း ကချင်နိုင်ငံရေး၊ ကေအိုင်အို နိုင်ငံရေး အပြောင်းအလဲကို သူ့အနေနဲ့လည်း ပြောဖို့ခက်နေပါတယ်။ သူတို့ရဲ့ အောက်တိုဘာလ (၃၀) ရက်နေ့ နေ့စွဲနဲ့ ထုတ်လိုက်တဲ့ ကြေညာချက်အပိုင်းဆိုလို့ရှိရင် သူတို့ရဲ့ ပေါ်လစီကတော့ စစ်အာဏာရှင်လမ်းစဉ်ကတော့ ပြောင်းသွားပြီ။ အဓိကအားဖြင့် ကေအိုင်အို အနေနဲ့ကတော့ နောက်ပိုင်းမှာ ဘယ်အစိုးရနဲ့ပဲဖြစ်ဖြစ် နိုင်ငံရေးဆွေးနွေးလို့ရှိရင် ၁၉၄၇ ပင်လုံစာချုပ်ပေါ်မှာ အခြေခံပြီး နိုင်ငံရေးကို ဆွေးနွေးသွားမယ်ဆိုတဲ့အပိုင်းလည်း ကြေညာချက်မှာ အတိအလင်း ဖော်ပြထားပါတယ်။ အဲဒီအတိုင်းပဲ လက်နက်ကိုင်တပ်ဖွဲ့နဲ့ တခြားကေအိုင်အိုအောက်မှာရှိတဲ့ ဌာနတွေကိုလည်း စစ်မှန်တဲ့ ဒီမိုကရေစီအပြောင်းအလဲ ပင်လုံကို အခြေခံပြီး အပြောင်းအလဲရတဲ့နောက်ပိုင်း ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်လာတဲ့နောက်ပိုင်းမှ ကေအိုင်အို လက်နက်ကိုင်တပ်ဖွဲ့နဲ့ တခြားဌာနတွေကို ပြောင်းမယ်ဆိုတာကိုလည်း အတိအလင်းဖော်ပြထားပါတယ်။ နောက်တချက်ကလည်း ကေအိုင်အိုအနေနဲ့ ပင်လုံကိုအခြေခံတဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ဖို့အတွက် ရုန်းကန်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ မည်သူနဲ့မဆို လက်တွဲသွားမယ်ဆိုတဲ့ ရှေ့လုပ်ငန်းလမ်းစဉ်ကိုလည်း အတိအလင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အခုကတော့ တခုရှိနေတာကတော့ ကေအိုင်အို နဲ့ နအဖကြားမှာ နိုင်ငံရေးဆွေးနွေးမလား။ အဲဒါ မရှိတော့ရင် အခြေအနေတွေက အတော်လေးတင်မားတဲ့ အခြေအနေကို ပြန်ရောက်သွားပြီးဆိုတာကို မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခြေအနေတွေက ပြန်ပြီးတင်းမာလာတယ်ဆိုတော့ ဘယ်လောက်အထိ တင်းမာလာသလဲဆိုတာကို ပြန်ရှင်းပြပါလား။

ဦးနော်ဒင်း ။ ။ ဒီကိစ္စအပေါ်မှာ နအဖရဲ့ တုံ့ပြန်မှုကတော့ အဓိက မူတည်နေပါတယ်။ ဥပမာ နအဖအနေနဲ့ ကေအိုင်အို ကြေညာချက်ကို လက်မခံဘူး။ ပင်လုံကို အခြေခံပြီး နိုင်ငံရေးအရ ဆွေးနွေးဖို့ ငြင်းဆန်မယ်။ တဖက်မှာလည်း ကေအိုင်အို ကို မတရားတဲ့အဖွဲ့အနေနဲ့ ကြေညာလိုက်မယ်ဆိုရင် အကျိုးဆက်တွေက ချက်ချင်း၊ ဒါမှမဟုတ်ရင် စစ်အစိုးရရဲ့ ဘယ်တော့တုံ့ပြန်မလဲ။ တုံ့ပြန်ချက်ပေါ်မှာ မူတည် ပြီးမှ ပြဿနာတွေ၊ အကျိုးဆက်တွေ ချက်ချင်းပေါ်ပေါက်လာနိုင်တယ်ဆိုတာကို ကျနော်အနေနဲ့ မြင်ပါတယ်။

XS
SM
MD
LG