သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပွင့်လင်းလွတ်လပ်တဲ့ မီဒီယာ ရှိဖို့လိုအပ်


ပွင့်လင်းလွတ်လပ်တဲ့ မီဒီယာ ရှိဖို့လိုအပ်
ပွင့်လင်းလွတ်လပ်တဲ့ မီဒီယာ ရှိဖို့လိုအပ်

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံအတွင်းမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အစိုးရခေါင်းဆောင်များ တွေ့ဆုံလာကြပြိး နိုင်ငံရေး ပြောင်းလဲလာမှု အရိပ်အယောင်များ ရှိလာနေပေမယ့် မြန်မာသတင်း မီဒီယာလွတ်လပ်ခွင့် ဘယ်လိုအခြေအနေရှိသလဲ။ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာတွေအပေါ် အစိုးရသစ်အနေနဲ့ ဘယ်လိုဆက်ဆံလုပ်ကိုင်သင့်သလဲ စတဲ့ အကြောင်းအရာများကို ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့် ကို ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ပြည်ပမီဒီယာတွေကို အစိုးရသတင်းစာ နောက်ကျောဖက်မှာ နေ့စဉ်ကြော်ငြာထည့်ပြီး ဆန့်ကျင်လှုံဆော်နေတာတွေကို ရပ်လိုက်ပေမယ့် မြန်မာအစိုးရအနေနဲ့ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာတွေနဲ့ ပိုပြီးပွင့်ပွင့်လင်းလင်း ဆက်ဆံဖို့ လိုတယ်လို့ သတင်းမီဒီယာ သုံးသပ်သူတွေက ပြောဆိုပါတယ်။ ပြည်တွင်းမှာ ဖမ်းဆီးထောင်ချခံထားရတဲ့ သတင်းမီဒီယာသမားတွေအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ လိုသလို electronic act ဥပဒေစတဲ့ အင်တာနက် ထိန်းချုပ်ကန့်သတ်မှုတွေကိုလည်း ပြင်ဆင်ရုတ်သိမ်းပေးဖို့ လိုတယ်လို့ ပြည်ပရောက် မြန်မာသတင်းသမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့် က ဗွီအိုအေ ကို ပြောဆိုပါတယ်။

ဦးမောင်မောင်မြင့် ။ ။ ယေဘုယျအားဖြင့် ပြောမယ်ဆိုရင်တော့ အခုလိုမျိုး နိုင်ငံတော်ပိုင် သတင်းစာတခုကနေ နိုင်ငံခြားမီဒီယာတွေကို မဆဲရုံတမယ်လုပ်တဲ့ကိစ္စတွေ ပျောက်သွားတာကတော့ ကြိုဆိုသင့်တဲ့ကိစ္စတခုဖြစ်တယ်လို့ မြင်ပါတယ်။ တကယ်လို့သာ သူတို့အနေနဲ့ အရင်တုန်းကလိုမျိုး နိုင်ငံခြားမီဒီယာတွေကို ရန်သူလို့ သဘောမထားတော့ဘူးဆိုရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့လို့ တကယ်တမ်း ပြန်ကြည့်မယ်ဆိုရင် ပြည်တွင်းမှာဆိုရင် မီဒီယာသမားတွေကို အနည်းဆုံး (၂၀) နဲ့ (၃၀) ပတ်ဝန်းကျင်သမားတွေကို အခုအချိန်အထိ ထောင်ချထားဆဲဖြစ်ပါတယ်။ ဒီလို လူမျိုးတွေကိုလည်း လွတ်ပေးဖို့ လိုပါတယ်။ နောက်တခုက မီဒီယာတွေနဲ့ စကားပြောတဲ့ ပြည်တွင်းကလူတွေကိုလည်း သူတို့အနေနဲ့ ဘာမှအရေးမယူတာမျိုးတွေရှိဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လည်းဆိုလို့ရှိရင် ဟိုတုန်းကဆိုလိုရှိရင် နိုင်ငံခြားမီဒီယာတွေနဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အရေးပါတဲ့ကိစ္စတွေ ပြောဆိုမိတယ်ဆိုရင် အစိုးရအနေနဲ့၊ အထူးသဖြင့် စစ်အစိုးရအနေနဲ့ ပြဿနာရှာတာမျိုုးတွေရှိတယ်။ ဒါမျိုးတွေ နောက်ထပ်မဖြစ်အောင် ထားပေးမှသာလျှင် မီဒီယာတွေအပေါ်ကို အစိုးရက ပုံမှန်အစိုးရတွေမျိုး ပုံမှန်သဘောမျိုး ထားလာပြီလို ပြောလို့ရမှာပါ။

ဦးသန်းလွင်ထွန်း ။ ။ အခု ဗမာပြည်ထဲမှာ ဖြစ်နေတဲ့ အဖြစ်တွေက ပြီးခဲ့တဲ့အပတ်တွေမှာဆိုရင် အတော်လေးကို လျင်လျင်မြန်မြန်တွေ ဖြစ်လာနေတယ်ဆိုတော့ အစောက ဦးမောင်မောင်မြင့် ပြောခဲ့သလို သတင်းစာတွေမှာ နိုင်ငံရပ်ခြား သတင်းစာတွေကို ပုတ်ခတ်နေတာတွေ ရပ်သွားတယ်။ အဲဒါအပြင်ကို ပြည်တွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မီဒီယာနဲ့ ပတ်သက်တဲ့ သတင်းလောကသားတွေ အယောက် (၂၀) ထက်မနည်းဘူး။ သူတို့ကို လွတ်ပေးဖို့ဆိုတာလည်း ဖြစ်လာလိမ့်မယ်လို့ ကျနော်အနေနဲ့ ဆုတောင်းပါတယ်။ ဒါပေမဲ့ နောက်တခု တိုးတက်မှုတခုအနေနဲ့ မြင်တာတခုကတော့ မြန်မာနိုင်ငံအတွင်းမှာ လွှတ်တော်အစည်းအဝေးတွေ ခေါ်တဲ့အခါ သတင်းထောက်တွေအနေနဲ့ သတင်းသွားရောက်ယူခွင့် ပြုတော့မယ်ဆိုတဲ့ သတင်းလည်းရှိတယ်။ အဲဒါနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးရာ လုပ်ဆောင်ချက်တွေ၊ ဥပဒေပြု လုပ်ဆောင်ချက်တွေကို ပြည်သူလူထုအနေနဲ့ ထဲထဲဝင်ဝင် သိရှိအောင် ပြုပြင်လာတဲ့ ခြေလှမ်းတရပ်လို့ ယူဆလို့ မရဘူးလား။

ဦးမောင်မောင်မြင့် ။ ။ အဲဒီလိုတော့ ယူဆချင်ပါတယ်။ ဒါပေမဲ့ လက်တွေ့ဖြစ်ရပ်ကတော့ အဲဒီလိုမျိုး ယူဆဖို့ ခဲယဉ်းပါတယ်။ ဘာကြောင့်လည်းဆိုတော့ မှန်ပါတယ် ပထမဦးဆုံးအကြိမ် လွှတ်တော်အစည်းအဝေး လုပ်တဲ့အချိန်တုန်းက မီဒီယာသမားတွေကို တော်တော်လေး ကန့်သတ်ပြီး သူတို့နေရာမှာပဲ ကင်မရာကိုတောင် ရွှေ့လို့မရတဲ့ အနေအထားမျိုးထားပြီး သတင်းယူခွင့်ပေးခဲ့ပါတယ်။ အခုလည်းပဲ မီဒီယာသမားတွေကို ဖိတ်မယ်လို့ ကြားသိရပေမယ့် ကျနော်တို့ နောက်ထပ်ကြားသိရတဲ့သတင်းကတော့ အဲဒီ မီဒီယာသမားတွေအနေနဲ့ သူတို့ ကန့်သတ်ထားတဲ့ ဧရီယာထဲမှာပဲ နေရမယ်။ အထူးသဖြင့် လွှတ်တော် အဆောက်အဦးထဲမှာပဲ နေရမယ်။ အဲဒီအပြင်ကို ထွက်လို့မရအောင်ဆိုပြီးတော့ မီဒီယာသမားတွေကို စောင့်ကြည့်ဖို့အတွက်ကို လက်နက်မပါတဲ့ ဝန်ထမ်းတွေထားဖို့ ရည်ရွယ်ကြံဆောင်နေတာကို ကြားသိရ ပါတယ်။ အဲဒီ သတင်းသာမှန်တယ်ဆိုရင် မီဒီယာသမားတွေရဲ့ လွတ်လပ်ခွင့်ကို ခြင်းတောင်းသေးသေး လေးထဲကနေ ခြင်းတောင်းကြီးကြီးထဲကို ရွှေ့ပေးလိုက်တဲ့ လွတ်လပ်ခွင့်မျိုးလိုပဲ ပြောလိုရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဆိုတော့ ပြည်တွင်းမှာ သတင်းထုတ်ပြန်မှုတွေနဲ့ ပတ်သက်လို့ ဒီရက်ပတ်တွေအတွင်း ထူးခြားမှုတခုအနေနဲ့ တွေ့ရတာက အထူးသဖြင့် The Voice ဂျာနယ်လို ပြည်တွင်းမှာ အပတ်စဉ်ထုတ်နေတဲ့ ဂျာနယ်တွေအနေနဲ့ ပုံနှိပ်ထုတ်ဝေတဲ့ ဂျာနယ်တွေမတိုင်ခင် သူတို့ရဲ့ အင်တာနက်စာမျက်နှာတွေကို ကြည့်လိုက်ရင် ပြည်တွင်းမှာရှိနေတဲ့ သတင်းဦး၊ သတင်းထူးတွေကို ဆင်ဆာမတင်ဘဲ ရေးသားထုတ်ပြန်လာတာမျိုးတွေကို ကျနော်တို့ တွေ့ရတယ်။ အထူးသဖြင့် သောကြာနေ့က ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတကြီးဦးသိန်းစိန် တွေ့တဲ့အခြေအနေမျိုးလို။ နောက်ပြီးတော့ နိုင်ငံရပ်ခြားကနေ သွားရောက်ပြီး စီးပွားရေးဖွံ့ဖြိုးရေးအစည်းအဝေးကို တက်တဲ့နေရာမှာ အတိုက်အခံထဲက ထင်ရှားတဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဇော်ဦး တက်ရောက်စကားပြောတဲ့အကြောင်း၊ စာတမ်းတင်သွင်းတဲ့ အကြောင်း ဒီလိုသတင်းမျိုးတွေကို ထူးထူးခြားခြား ဖော်ပြလာတာတွေကို တွေ့ရတယ်။ ဒီလို ဖော်ပြနိုင်ခွင့်၊ ဖော်ပြခွင့်ပြုတာတွေနဲ့ ပတ်သက်လို့။

ဦးမောင်မောင်မြင့် ။ ။ ဒီဟာကတော့ အမှန်ကတော့ အင်မတန်ကောင်းပါတယ်။ အခုလိုမျိုး သူတို့အနေနဲ့ ပုံမှန်သတင်းစာတွေမှာ၊ စာရွက်ပေါ်မှာရိုက်တဲ့ သတင်းစာတွေမှာ တင်ခွင့်မရတာတွေကို အခုလိုမျိုး တနည်းတဖုံ အင်တာနက်ကနေ တင်ခွင့်ရတယ်ဆိုတာ ကောင်းပါတယ်။ သို့သော် တင်ခွင့်ရတယ်ဆိုတဲ့ စကားလုံးမှာပင် အမှန်တကယ် တင်ခွင့်ပေးလို့ တင်ခွင့်ရတာလား။ ဒါမှမဟုတ် မီဒီယာသမားတွေကိုယ်တိုင် မီဒီယာဥပဒေတွေကို အကဲစမ်းတင်ပြီး အခုလိုမျိုး ဖြစ်လာတာလားဆိုတာကို ကျနော်တို့ သိဖို့လိုပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ The Voice အပါအဝင် စောစောပိုင်းမှာ ရွေးကောက်ပွဲကာလတုန်းက တော်တော်လေး သတ္တိရှိတဲ့ သတင်းသမားတွေအနေနဲ့က ရွေးကောက်ပွဲသတင်းတွေ၊ အထူးသဖြင့် မသာမာတဲ့၊ မသာမှုတွေပါတဲ့ ကိစ္စတွေကို အင်တာနက်ပေါ်မှာ တင်ခဲ့တဲ့ သာဓကတွေရှိပါတယ်။ အဲဒီလို တင်ခဲ့တုန်းကလည်း သူတို့အနေနဲ့ တင်ခွင့်ရလို့ တင်ခဲ့တာ မဟုတ်ဘဲနဲ့ အရေးစွန့်ပြီး။ တကယ်ဆို ထောင်နှုတ်ခမ်းနှင်းပြီး တင်ခဲ့တဲ့သဘောဖြစ်တယ်။ အခုလည်းပဲ အမှန်တကယ် တင်ခွင့်ပေးလို့ တင်တယ်ဆိုရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ ကျော့ကွင်းလို့မျိုး ထောင်ထားပြီး မင်းတို့အခုတင်၊ ပြဿနာရှိလို့ရှိရင် နောက်ပိုင်းမှာ ပြဿနာရှာမယ်ဆိုတဲ့ သဘောမျိုးဆိုရင်တော့ မီဒီယာသမားတွေကို ကျော့ကွင်းထောင်တဲ့ သဘောမျိုးလို့ ယူဆရမှာပဲ။

ဦးသန်းလွင်ထွန်း ။ ။ နောက်ဆုံး ဖွဲ့လိုက်တဲ့ သတင်းထုတ်ပြန်ရေးမှာ။ ဒီလို သတင်းထုတ်ပြန်ရေးအဖွဲ့တွေ ထုတ်ပြီးတော့ သတင်းစာရှင်းလင်းပွဲတွေ လုပ်လာတာ အခုမှ မဟုတ်ပါဘူး။ အရင်တုန်းက နဝတ၊ နအဖ လက်ထက်တွေမှာလည်း သတင်းထုတ်ပြန်ရေးအဖွဲ့တွေ လုပ်ပြီး သတင်းစာရှင်းလင်းပွဲတွေ လုပ်ခဲ့တာပါပဲ။ ဒါပေမဲ့ အဆင်မပြေတဲ့အချိန်မှာ ရပ်သွားတာတွေတော့ ရှိခဲ့တယ်။ အခုနောက်ဆုံး လုပ်ခဲ့တဲ့ သတင်း ထုတ်ပြန်ရေး လုပ်ငန်းစဉ်တွေအနေနဲ့က ဒီပုံအတိုင်း ဆက်လက်စီးဆင်းသွားမယ်လို့ ယူဆပါသလား။ ဒီ သတင်းထုတ်ပြန်ရေးလုပ်ငန်းစဉ်တွေမှာ ဘာတွေလိုအပ်နေသေးတယ်လို့ ထင်ပါသလဲ။

ဦးမောင်မောင်မြင့် ။ ။ စောစောပိုင်း အစိုးရသစ် တက်လာပြီးနောက်ပိုင်းမှာ သတင်းထုတ်ပြန်ရေးကိစ္စတွေကို အရင်တုန်းကထက် သွက်သွက်လက်လက် လုပ်မယ်လို့ ကျနော်တို့ ယူဆခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့ မှာတော့ အဲဒီလို ဖြစ်မလာခဲ့ဘူး။ ဒါပေမဲ့ အခုနောက်ဆုံးပိုင်းအချိန်အတွင်းမှာတော့ ဒါတွေဖြစ်လာတယ်။ ဒါတွေ ဖြစ်လာတာကလည်း နိုင်ငံတကာ နိုင်ငံရေးနဲ့လည်း ပတ်သက်ခြင်း ပတ်သက်မယ်။ နောက်ပြီးတော့ ဒေသတွင်း နိုင်ငံရေးတွေနဲ့လည်း ပတ်သက်ခြင်း ပတ်သက်မယ်။ ဒါတွေကို ကျနော်တို့ အတိအကျ မသိဘူး။ ဒါပေမဲ့လို့ ဘာပဲပြောပြော ကျနော်တို့ သတိထားမိတာကတော့ မေးတဲ့မေးခွန်းတွေအနေနဲ့ အရင်တုန်းကထက် ပိုပြီးလွတ်လပ်ခွင့်ရလာတာကို သတိထားမိပါတယ်။ အဲဒီလိုမျိုး အစဉ်အလာရှိလာမယ်၊ အစဉ်အလာထိန်းလာမယ်၊ အစဉ်အလာ ဖြစ်လာမယ်ဆိုရင်တော့ အင်မတန်ကောင်းတဲ့အချက်ပါ။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာသတင်း - အထူးသဖြင့် ရေဒီယို၊ ရုပ်မြင်သံကြားတွေမှာ ဒီလို ဆွေးနွေးကြတဲ့ အကြောင်းတွေ၊ ပြောဆိုကြတဲ့အကြောင်းတွေကို တကယ်တမ်း လူထုကြားအောင် တိုက်ရိုက် ထုတ်လွှင့်ပေး တာမျိုးတွေ မရှိခဲ့တဲ့ အစဉ်အလာကို တွေ့ရပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတကြီးဦးသိန်းစိန် တွေ့တဲ့ကိစ္စ။ အစိုးရရဲ့ ကိုယ်စားလှယ် ဝန်ကြီးဦးအောင်ကြည်နဲ့ တွေ့တဲ့ကိစ္စ။ ဒီလိုကိစ္စမျိုးတွေမှာ ပြည်သူလူထုအပေါ်ကို ဒီထက်ပိုပြီးတော့ သတင်းထုတ်ပြန်ပေးနိုင်လို့ရှိရင် ဒါမှမဟုတ်လို့ရှိရင် သတင်းထောက်တွေ၊ သတင်းသမားတွေ မေးမြန်းချက်တွေကို ဒီထက်ပိုပြီးတော့ ပွင့်ပွင့်လင်းလင်း ဖြေကြားချက်ပေးဖို့ မသင့်ဘူးလား။

ဦးမောင်မောင်မြင့် ။ ။ အခုလောလောဆယ်တော့ မြန်မာအစိုးရပိုင် သတင်းဌာနတွေကနေ သတင်းပေးတဲ့ ပုံသဏ္ဍာန်ကို ကျနော်အနေနဲ့ ပြောရမယ်ဆိုရင် ဟိုအရင်ဗဟိုသတင်းစဉ်ကနေ လူထုကိုပေးတဲ့ ပုံသဏ္ဍာန်မျိုး ဖြစ်နေဆဲပါ။ တကယ်တမ်းသာ လူထုနဲ့ အမှန်တကယ် ထိတွေ့မှုရှိတဲ့ မီဒီယာတခုကို လိုက်လျောမယ်၊ ခွင့်ပြုမယ်ဆိုရင်တော့ သတင်းသမားတွေရဲ့ အပြန်အလှန်မေးတဲ့ မေးခွန်းမျိုးတွေ၊ အင်တာဗျူးမျိုးတွေကို ထည့်ပေးရပါလိမ့်မယ်။ နောက်ပြီးတော့လည်း အရေးကြီးဆုံးက ဖြတ်တောက်မှုမရှိဘဲနဲ့ အမှန်ကို အမှန် အတိုင်း၊ သတင်းကိုသတင်းအတိုင်း ထည့်ခွင့်ပြုမှသာလျှင် မီဒီယာ ဟာ တကယ်တမ်းရှင်သန်တဲ့ မီဒီယာတခု၊ လူထုနဲ့ နီးစပ်တဲ့ မီဒီယာတခု၊ အစိုးရအတွက်လည်း အကျိုးရှိတဲ့ မီဒီယာတခု ဖြစ်လာပါလိမ့်မယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ လောလောဆယ်တော့ မြန်မာနိုင်ငံမှာ နေ့စဉ်သတင်းစာဆိုလို့ အစိုးရက ထိန်းချုပ်ထားတဲ့ နေစဉ်သတင်းစာတွေပဲ ရှိနေသေးတယ်။ ပုဂ္ဂလိကပိုင်ဆိုလို့ အထိန်းအချုပ်နဲ့ အပတ်စဉ် ဂျာနယ်တွေပဲ ရှိနေတော့ လွတ်လပ်တဲ့ နေစဉ်သတင်းစာတခု၊ သတင်းစာတစောင် ထွက်လာဖို့ ဒီအခြေအနေမျိုးမှာ ဘယ်လောက်များ အရေးကြီးနေပြီလဲ။

ဦးမောင်မောင်မြင့် ။ ။ အခုအချိန်မှာတော့ လွတ်လပ်တဲ့ သတင်းစာတခု ပြည်တွင်းမှာ အနည်းဆုံးတခုရှိဖို့ အင်မတန်မှ အရေးကြီးပါတယ်။ တောက်လျှောက်လည်း အရေးကြီးခဲ့ပါတယ်။ ဒါပေမဲ့လို့ အကောင်အထည် မပေါ်ခဲ့ပါဘူး။ သို့သော်လည်း တဖတ်မှာ ပြန်ကြည့်ပြန်ရင်လည်း အခုအခါမှာတော့ ပုံနှိပ်ရိုက်တဲ့ထုတ်တဲ့ သတင်းစာတင် မဟုတ်တော့ဘူး။ မီဒီယာကလည်း ပေါင်းစုံနေတဲ့အတွက်ကြောင့် ဖြစ်နိုင်ရင်တော့ သတင်းစာတင်မကဘဲ တီဗွီ၊ ရေဒီယိုတို့ဟာ လွတ်လပ်တဲ့ မီဒီယာတွေ ပေါ်လာဖို့ အရေးကြီးပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မီဒီယာပေါင်းစုံဆိုလို့ လူတွေအနေနဲ့ အမြန်ဆုံး ချိန်ဆက်ပြီးတော့ သတင်းတွေ ကြည့်ရှုနိုင်တဲ့ သတင်းမီဒီယာက အင်တာနက်ဖြစ်နေတော့ အင်တာနက် ထိန်းချုပ်မှုနဲ့ ပတ်သက်လို့ရော။

ဦးမောင်မောင်မြင့် ။ ။ အင်တာနက် ထိန်းချုပ်မှုနဲ့ ပတ်သက်ပြီး ပြောရရင်တော့ တော်တော်လေး ဇာတ်လမ်း ရှည်ပါလိမ့်မယ်။ ဒါပေမဲ့ အတိုချူံပြောရရင်တော့ အင်တာနက်ကို သူတို့ အတိအကျကို တိတိကျကျ ထိန်းချုပ် နေဆဲ ဖြစ်ပါတယ်။ အခုနောက်ပိုင်း ထိန်းချုပ်တဲ့နည်းကတော့ အင်တာနက်အမြန်နှုန်းကို လျှော့ချတဲ့နည်းနဲ့ ထိန်းချုပ်ထားပါတယ်။ တကယ်တမ်း ပြောရမယ်ဆိုရင် အင်တာနက်မှာ ပြောနေ ဆိုနေကြတာတွေကို ကြားဖြတ်ပြီး ဖမ်းယူနိုင်တဲ့ ကိစ္စတွေကို စီစဉ်ထားတာ ကြာခဲ့ပါပြီ။ အခုနောက်ပိုင်း အမြန်နှုန်း လျှော့ချတဲ့ နည်းကို သုံးနေပါတယ်။ ဒါကိုကြည့်လို့ရှိရင် အင်တာနက်ကို ကျနော်တို့ မျှော်လင့်သလောက် လမ်းဖွင့်ပေး တာ မဟုတ်ဘဲနဲ့ အင်တာနက်ကို တကယ်တမ်းပြောမယ်ဆိုရင် နိုင်ငံတကာကို ဗမာပြည်မှာ အင်တာနက် ရှိတယ်ဆိုတာကို သဘောမျိုးလောက် ပေးနေတဲ့ အနေအထားရှိပါတယ်။ ကျနော်တို့ ကြားပါတယ် facebook, g-talk တွေကို သုံးလို့ရပေမယ့် တကယ်တမ်း တိတိကျကျ ပြန်ပြောမယ်ဆိုရင် g-talk, facebook တွေ သုံးတာကိုက electronic ဥပဒေနဲ့ ငြိနေပါတယ်။ ထောင်ကျနိုင်တဲ့ အနေအထားရှိပါတယ်။ လက်ရှိ အစိုးရအနေနဲ့က ဒီကိစ္စကို တကယ်တမ်းသာ အင်တာနက် လွတ်လပ်ခွင့်ပေးတယ်ဆိုလို့ရှိရင် စောစောကပြောတဲ့ electronic ဥပဒေမျိုးတွေကို ဖြုတ်ပယ်ခြင်းတို့ လျှော့ပေါ့တာတွေ လုပ်ဖို့သင့်ပါတယ်။ အဲဒါမျိုး မလုပ်ရင်တော့ အင်တာနက် လွတ်လပ်မှုမရှိဘူးလို့ ပြောရမှာပါ။

ဦးသန်းလွင်ထွန်း ။ ။ ပုဂ္ဂလိကပိုင် ရေဒီယိုတွေနဲ့ ပတ်သက်လို့ရော။ ပုဂ္ဂလိကပိုင် ရေဒီယိုတွေမှာဆိုရင် အခု FM stations တွေ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာပဲ နယ်တွေနဲ့ မြို့ကြီးတွေမှာ အလျှိုလျှိုပေါ်လာတာကို တွေ့ရတယ်။ ဒါပေမဲ့လည်း သတင်းထုတ်ပြန်မှုအပိုင်းမှာတော့ အားနည်းနေပြီးတော့ အများအားဖြင့် ဖျော်ဖြေရေးအပိုင်းတွေပဲ ဖြစ်နေတယ်ဆိုတော့ ဒီလို ပုဂ္ဂလိကပိုင် ရေဒီယိုတွေအနေနဲ့ နိုင်ငံတကာအဆင့်မီ ဒေသတွင်းသတင်း၊ နိုင်ငံတကာသတင်းတွေ ပေါ်လာအောင် ဘယ်လိုမျိုး ဆက်လက်လုပ်ဆောင်သင့်ပါသလဲ။

ဦးမောင်မောင်မြင့် ။ ။ အဲဒါကလည်း နောက်ဆုံး အရင်းစစ်တော့ အမြစ်ကဆိုသလို သူတို့ရဲ့ စာပေ လွတ်လပ်ခွင့်နဲ့ သတင်းလွတ်လပ်ခွင့် ဥပဒေတွေအပေါ်မှာပဲ မူတည်ပါတယ်။ ဒီလိုမျိုး ဥပဒေ၊ တင်းကျပ်တဲ့ ဥပဒေတွေ ရှိနေသမျှတော့ ရေဒီယိုပဲဖြစ်ဖြစ်၊ နောက်တချိန် တီဗွီ ပေါ်လာရင်ပဲဖြစ်ဖြစ်၊ အခုလက်ရှိ သတင်းစာတွေပဲဖြစ်ဖြစ် ဒါတွေက လွတ်လပ်မှာ မဟုတ်ပါဘူး။ သူတို့အနေနဲ့က တကယ့် အခြေခံဖြစ်တဲ့ ဥပဒေတွေကို လျှော့ပေါ့ပေးရပါလိမ့်မယ်။ လွတ်လပ်ခွင့်ရှိအောင် ဖန်တီးပေးရပါလိမ့်မယ်။ အဲဒီလို မလုပ်နိုင်ဘူးဆိုရင် မြန်မာနိုင်ငံအနေနဲ့က မြန်မာ့မီဒီယာလောကဟာ အခုလိုမျိုးပဲ အောက်ကျနောက်ကျ ဖြစ်နေလိမ့်မယ်လို့ ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ပြည်ပရောက် မြန်မာသတင်းဥက္ကဋ္ဌ ဦးမောင်မောင်မြင့် ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

XS
SM
MD
LG