မြန်မာနိုင်ငံမှာ ဥပဒေပြုပြီးရင် ဒီဥပဒေတွေရဲ့ထိရောက်မှုနဲ့ ကောင်းကျိုးဆိုးပစ်တွေကို ပြန်လည်သုံးသပ်တဲ့ စနစ်တခု လိုအပ်တယ်လို့ အမျိုးသားလွှတ်တော်က လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဒေါ်ထုမေက ပြောပါတယ်။ ဥပဒေ စိုးမိုးမှုအခြေအနေ၊ အစိုးရရဲ့ တာဝန်တွေနဲ့ပတ်သတ်ပြီး ဒေါ်ခင်စိုးဝင်း တွေ့ဆုံမေးမြန်းထားပါတယ်။
မေး ။ ။ မင်္ဂလာပါရှင်။ အခု ဒေါ်ထုမေ ရန်ကုန်ရောက်တုန်း၊ လွှတ်တော်လည်း နားနေတုန်းအချိန်မှာ ပြီးခဲ့တဲ့ ဇွန်လ (၁၇-၁၈) မှာ ညီလာခံတခုတက်တာကို ကျမ တွေ့လိုက်ရပါတယ်။ အဲဒါကတော့ ဗြိတိသျှအစိုးရရဲ့ ထောက်ပံ့မှုနဲ့ Westminster Foundation for Democracy (WFD) ခေါ်တဲ့ ရန်ပုံငွေအဖွဲ့ကနေ ကမကထလုပ်တယ်လို့ သိရပါတယ်။ ဒီလိုမျိုး အလုပ်ရုံဆွေးနွေးပွဲ workshop တွေ လုပ်ကြတယ်။ နိုင်ငံတကာကလည်း ထောက်ပံ့ကြတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ရှေ့ရောက်အောင်ဆိုတဲ့ သဘော၊ ရည်ရွယ်ချက်နဲ့ လုပ်ကြတယ်။ ဒီလိုမျိုး ဆွေးနွေးပွဲတွေ တက်တဲ့အခါမှာ ဘယ်လောက်အထိ ထိရောက်အောင် လုပ်ပေးနိုင်မယ်လို့ ထင်ပါလဲရှင့်။
ဖြေ ။ ။ ဒီကွန့်ဖရန့်နဲ့ ပတ်သက်ပြီးတော့ ကျမ တဦးတယောက်အနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင်တော့ ဒီကိစ္စကို ကျမ သိသွားတယ်။ အရင်တုန်းက ဥပဒေပြုပြီးပြီဆိုရင် လွှတ်တော်က ဥပဒေပြုမယ်။ အစိုးရက သမ္မတက လက်မှတ်ထိုးမယ်။ ပြီးနောက် ပြည်သူကို ကာကွယ်တဲ့ဥပဒေတွေ၊ ပြည်သူ့အကျိုးပြု ဖြစ်လာမယ့် ဥပဒေတွေလို့ ကျမ ယူဆခဲ့တယ်။ ဥပဒေပြုပြီးတဲ့နောက်ပိုင်းမှာ ဒီဥပဒေမှာ အားနည်းချက်၊ အားသာချက်တွေ - ပြည်သူကို ဘယ်လောက်အထိ ကာကွယ်ပေးနိုင်သလဲ။ ပြည်သူအတွက် ဘယ်လောက်အကျိုးသက်ရောက်မှု ရှိနေသလဲဆိုတာတွေကို ပြန်လည်သုံးသပ်ဖို့ mechanism က ကျမတို့နိုင်ငံမှာ မရှိသေးဘူး။ သုံးနှစ်တာ ကာလမှာတော့ ကျမအနေနဲ့ ဒီလိုမျိုးကွန့်ဖရန့်ကို မတက်ဖူးဘူး။ ပထမဦးဆုံးအနေနဲ့ တက်ရောက်ခွင့်ရတဲ့အတွက် အတိုင်းအတာတခုအထိ လွှတ်တော်ကိုယ်စားလှယ်တွေကို ဥပဒေပြုပြီးတာပဲ ထားတာမဟုတ်ဘဲနဲ့ ဥပဒေပြုပြီးရင် တကယ့်ကို ပြည်သူကို အကျိုးသက်ရောက်မှု ရှိရဲ့လား။ ပြည်သူကို အကျိုးပြုတဲ့ဥပဒေ ဖြစ်ရဲ့လားဆိုတာကို ပြန်လည်သုံးသပ်တဲ့ လုပ်ငန်းစဉ်တရပ်။ နိုင်ငံတကာမှာလည်း ဒီလိုလုပ်ငန်းစဉ်မျိုးကို ကျင့်ကြံကြတယ်။ ဒီအတွက်လည်း ပြည်သူတွေ အကျိုးသက်ရောက်မှု ရကြတယ်။ အကျိုးပိုရကြတယ်လို့ ကျမ လေ့လာသိရှိခဲ့တယ်။
ဒါက ပထမဦးဆုံး မြန်မာနိုင်ငံမှာ Launch လုပ်တဲ့ Conference လို့ ပြောလို့ရတယ်။
မေး ။ ။ ဥပဒေတွေကတော့ ပြုတယ်၊ ပြဌာန်းတာတွေလည်း ရှိတယ်။ ဒါပေမဲ့ အဲဒီဥပဒေတွေအတွက်ကို တကယ်လိုက်နာကျင့်သုံးမယ့် တရားဥပဒေ စိုးမိုးရေး Rule of Law ကို Enforce လုပ်တဲ့နေရာမှာ အခု ဒီနိုင်ငံမှာ တွေ့နေရတာက များသောအားဖြင့်ကတော့ နိုင်ငံရေးစိတ်ဆန္ဒအရ Political Will အရ မဟုတ်ဘဲနဲ့ Political Agenda အရ ကိုယ်လုပ်ချင်တဲ့ နိုင်ငံရေးဘက်ကနေ အမြတ်ထုတ်ဖို့ဆိုပြီးတော့ လုပ်နေကြတဲ့လူတွေလည်း ရှိကြတယ်။ အခုလောလောဆယ် ဖြစ်နေတဲ့ အနေအထားကို ကြည့်တာနဲ့ သိနိုင်တယ်။ အဲဒီတော့ တရားဥပဒေစိုးမိုးရေးပိုင်းမှာ အားနည်းနေတဲ့ နိုင်ငံလိုမျိုး ဖြစ်နေတော့ ဒီလိုမျိုး ဥပဒေတွေကို ပြည်သူကြားမှာ ပြန်ပြီးတော့ စည်းကမ်းတကျ ဖြစ်လာအောင် လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ ကိုယ့်ရဲ့မဲဆန္ဒနယ်မြေကို ပြန်ရောက်တဲ့အခါမှာ ဘယ်လိုချပြဖို့ စဉ်းစားထားပါသလဲ။
ဖြေ ။ ။ ပြည်သူရဲ့ စိတ်ဝင်စားမှုတွေက သူတို့ရဲ့ လိုအပ်ချက်တွေ ဖြစ်တယ်။ သူတို့ရဲ့ လိုအပ်ချက်သည် အခုလောလောဆယ်မှာ ဥပဒေဆိုတဲ့အရာထက် ဖွံ့ဖြိုးရေးကို သူတို့ပိုစိတ်ဝင်စားတယ်။ သူတို့မှာ ကျောင်းမရှိတာကို သူတို့စိတ်ဝင်စားတယ်။ သားသမီး ပညာတတ် မဖြစ်မှာကို စိတ်ဝင်စားတယ်။ သူတို့သားသမီးတွေ ကျောင်းသွားလို့ရှိရင် ဆရာ၊ ဆရာမ မရှိတာကို စိတ်ဝင်စားတယ်။ လမ်းမကောင်းတာကို စိတ်ဝင်စားတယ်။ အခု မိုးရာသီဆိုရင် ကျမ့မဲဆန္ဒနယ်မြေမှာ လမ်းတွေက သွားလို့မရတော့ဘူး။ ဒီလိုမျိုးဟာတွေကို ပိုစိတ်ဝင်စားတယ်။ ဒါကို မပြောဘူးလားလို့ သူတို့မေးကြတယ်။ ပြောတယ်ဆို ဘာဖြစ်လို့ အစိုးရက မလုပ်လဲ။ ဒီလိုမျိုး ပြည်သူရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ကိုပဲ သူတို့ စိတ်ဝင်စားတယ် - ဥပဒေအရာထက်။ ကျမကတော့ တတ်နိုင်ဆုံး ပြည်သူတွေကို သိသင့်သိထိုက်တဲ့အရာတွေ၊ သိရမယ့်အရာတွေ။ ကျမတို့ လွှတ်တော်က ပြဌာန်းခဲ့တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရမယ့် ဥပဒေဆိုရင် ကိုယ်ကိုယ်တိုင် ရွေးချယ်ပိုင်ခွင့်ရှိတယ်။ ဘယ်လိုရွေးချယ်ရမလဲ။ သူတို့သည် ကိုယ့်အပေါ်မှာ ဘယ်လောက်အထိ အနီးစပ်ဆုံး အစိုးရဖြစ်တယ်။ ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာကို ရှင်းပြတယ်။ ကျမအနေနဲ့ နှစ်မြို့နယ် ဖြစ်တဲ့အတွက်ကြောင့်မို့ လွှတ်တော်နားတဲ့အခါ၊ ပြန်တဲ့အခါ အတတ်နိုင်ဆုံး ပြည်သူနဲ့ ထိတွေ့တယ်။ ကျမလုပ်တဲ့ ဘယ်အလုပ်မဆို သူတို့ကို ရှင်းပြတယ်။ ရသမျှအချိန်မှာ သူတို့စိတ်ဝင်စားသလောက် ပြောသင့်ပြောထိုက်တဲ့အရာဆိုရင် အကုန်လုံးပြည်သူကို ပြန်ပြောပြတယ်။
မေး ။ ။ ကျမ ကြားဖူးသလောက် လွှတ်တော်ကိုယ်စားလှယ်တွေကို သီးခြားဘတ်ဂျက်ချပေးတယ်လို့ ကြားဖူးပါတယ်။ နယ်မြေတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေ ချပေးပြီးတော့ လုပ်တာကော ရှိပါသလား။
ဖြေ ။ ။ အဲဒီလိုမျိုးတော့ မရှိပါဘူး။ ရန်ပုံငွေဆိုရင် လွှတ်တော်ကိုယ်စားလှယ် စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ ရန်ပုံငွေက ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေပါ။ တမြို့နယ်ကို သိန်းတထောင် - ပြည်သူ့လွှတ်တော်တဦးတည်း ရှိတဲ့နေရာဆိုရင် မြန်မာနိုင်ငံမှာ မြို့နယ် (၃၃၀) ဆိုရင် တမြို့နယ်ကို သိန်းတထောင်။ ဒါကို စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ ဥက္ကဋ္ဌသည် အမျိုးသားလွှတ်တော် (သို့) ပြည်သူ့လွှတ်တော်က ကိုယ်စားလှယ်တဦး ဖြစ်ရမယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးက ငွေကြေးစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ အတွင်းရေးမှူး ဖြစ်ရမယ်။ လွှတ်တော်ကိုယ်စားလှယ်များသည် ဒီငွေကို သိန်းငါးဆယ်ထက်မပိုတဲ့ လုပ်ငန်း။ ပြည်သူကို တိုက်ရိုက်အကျိုးပြုရမယ် - ဥပမာ လမ်း၊ တံတားရှည် - အဲဒီလို ရရှိရေးအတွက် တကယ့်ငွေနည်းနည်းနဲ့ သိန်းငါးဆယ် အများဆုံး သုံးနိုင်တဲ့ amount ပါ။ ဒါက လွှတ်တော်ကိုယ်စားလှယ်ကို ပေးတာမဟုတ်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်ကို စီမံခန့်ခွဲပိုင်ခွင့် ပေးတယ်။ ပြည်ထောင်စုဆိုင်ရာ ဖွံ့ဖြိုးမှုရန်ပုံငွေ ဖြစ်ပြီး၊ လွှတ်တော်ကိုယ်စားလှယ် စီမံခန့်ခွဲပိုင်ခွင့် ရှိပါတယ်။ ဒီတခုပဲ ရှိပါတယ်။
မေး ။ ။ ရခိုင်ပြည်နယ်က တနိုင်ငံလုံးနဲ့ခြုံပြီးကြည့်မယ်ဆိုရင် ဖွံ့ဖြိုးမှု အနည်းဆုံးထဲမှာလည်းပါတယ်။ အဆင်းရဲဆုံးလို့လည်း ပြောလို့ရတယ်။ အခု ရခိုင်ပြည်နယ်မှာ ပညာရေးနဲ့ ပတ်သက်လို့ ဒေါ်ထုမေအနေနဲ့ ဘယ်လောက်အထိများ အတိုင်းအတာအထိ ကူညီပေးနိုင်တာ ရှိခဲ့ပါလဲ။
ဖြေ ။ ။ ကျမအနေနဲ့ ကျမမြို့နယ်မှာ ကျောင်းတွေရဲ့ လိုအပ်ချက်တွေ။ ဥပမာ အထက်တန်းအဆင့် လိုအပ်ချက်တွေရှိတယ်။ အန္တရာယ်ကျောင်းဆောင် လိုအပ်ချက်တွေ ရှိမယ်။ ဒါကို အတတ်နိုင်ဆုံး ပြည်သူနဲ့ သွားတဲ့နေရာ၊ ရွာတိုင်းမှာ ကျမ ကျောင်းကိုကြည့်တယ်။ အခြေခံကျန်းမာရေး ရရှိရဲ့လား။ သူနာပြုဆရာမ ရှိလား။ အခြေခံပညာရေး ရရှိရဲ့လား။ ကျောင်းတွေမှာ ဆရာမတွေ ရှိလား။ များသောအားဖြင့် ကျမဆီကို တက်လာတဲ့ ကျောင်းတွေက ကျောင်းသားများလို့ ကျောင်းလိုအပ်ချက်ရှိတဲ့ ကျောင်းတွေရှိတယ်။ အန္တရာယ်ကျောင်းဆောင် ဖြစ်နေလို့ အန္တရာယ်ကျောင်းဆောင် မတက်သင့်တော့လို့ ကျောင်းအုပ်ဆရာကြီးနဲ့ ရပ်ရွာပြည်သူလူထုက ဒါကိုတင်ပြတာတွေ ရှိတယ်။ အကြမ်းဖျဉ်းခြုံငုံကြည့်လိုက်လို့ရှိရင် ကျောင်းလိုအပ်ချက်က တနိုင်ငံလုံး ရှိကောင်းရှိမယ်။ ဒါပေမဲ့ အစိုးရရဲ့ ပိုပြီးတော့ အားနည်းတဲ့အချက်က ဘာလဲဆိုရင် အစိုးရမှာအနေနဲ့ သူ့ရဲ့ စီမံခန့်ခွဲမှု - မြို့နယ်တိုင်းမှာ မြို့နယ်ပညာရေးမှူးတွေ ရှိတယ်။ ခရိုင်ပညာရေးမှူးလည်း ရှိတယ်။ ဒီပညာရေးမှူးတွေ အများကြီးရှိရဲ့သားနဲ့ သူတို့က နယ်မဆင်းတာလား။ နယ်ဆင်းရမယ့် စရိတ်စခကို အစိုးရက ထောက်ပံ့မှု အားနည်းနေလို့လား မပြောတတ်ပေမယ့် ဒီလိုမျိုး ကျောင်းဆောင်လိုအပ်ချက်၊ အန္တရာယ်ကျောင်းဆောင် လိုအပ်ချက်ဖြစ်နေတာ။ ကျောင်းသားများနေတာကို လွှတ်တော်ကိုယ်စားလှယ်ပြောမှသိတာ။ ဆိုတော့ လွှတ်တော်ကိုယ်စားလှယ်က ပြည်သူနဲ့ အမြဲတမ်း ထိတွေ့နေတာကြောင့် ပြည်သူကပြောတယ် - လွှတ်တော်မှာ တင်ပြတယ်။ တကျောင်းကိုသာ လွှတ်တော်မှာ တခါမေးမယ်ဆိုရင် ကျောင်းဆယ်ကျောင်းဆိုရင် ကျမအနေနဲ့ မေးခွန်းကို လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ Section တခုမှာ မေးခွန်း (၅) ခုပဲ မေးခွင့်ရှိတယ်။ ကျောင်း (၅) ကျောင်း မေးတာနဲ့ကို ကျမရဲ့ ကျန်တဲ့ကိစ္စတွေ လုပ်လို့မရဘူး။ ဆိုတော့ တနိုင်ငံလုံး အားနည်းနေသည့်ဟာသည် ပညာရေးကဏ္ဍမှာ သုတေသနလုပ်ဖို့ ဘယ်ကျောင်းမှာတော့၊ ဘယ်ခုနှစ်လောက်မှာ လူဦးရေအနည်းဆုံး ချလို့ရတာက ၂၀၁၄ သန်းခေါင်စာရင်းရှိတယ်။ ဒီမှာ လူဦးရေ ဘယ်လောက်တိုးတက်မှုရှိလဲ - အဲဒီနေရာတွေမှာ။ ရမ်းဗြဲဆို ဘယ်လောက်တိုးလဲ။ အမ်းဆိုရင် ဘယ်လောက်တိုးလဲ။ ပြည်နယ်နဲ့တိုင်းတွေ ဘယ်လောက်တိုးလဲ - အပေါ်မှာ Strategy Plan ဆွဲရမယ်။
သူက အဲဒီလိုမဟုတ်ဘူး - မြန်မာစကားပုံအရဆိုရင် ဆန်စဉ်တာ ကျည်ပွေ့လိုက်သလိုမျိုး - လွှတ်တော်ကိုယ်စားလှယ်က ဒီနေရာမှာနေတယ်ပြောတယ် - သူတို့ပေးမယ်ပြောတယ်။ နောက်ထပ်လိုတဲ့နေရာတွေက အများကြီး။ လွှတ်တော်ကိုယ်စားလှယ် မရောက်တဲ့နေရာလည်း ရှိမယ်။ မဆွေးနွေးတဲ့ လွှတ်တော်ကိုယ်စားလှယ်၊ ပညာရေးကို စိတ်မဝင်စားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရှိမယ်။ အဲဒီလိုမျိုး Mega Plan မထားဘဲနဲ့ လွှတ်တော်ကိုယ်စားလှယ်က ဒီနေရာမှာ ဆရာမ လိုအပ်မှ၊ ဒီနေရာမှာ ကျောင်းလိုအပ်မှ။ ဒီနေရာမှာ အန္တရာယ်ကျောင်းဆောင် ဖြစ်တယ်ဆိုမှ ပညာရေးဌာနက လုပ်ပေးဖို့ ကြိုးစားတာသည်၊ မအောင်မြင်တဲ့ ပညာရေးလမ်းကြောင်းကို လျှောက်လှမ်းနေတာနဲ့ အတူတူပဲ။ ငွေတွေလည်း အများကြီးသုံးလာတယ်။ အများဆုံးကတော့ လွှတ်တော်က ပညာရေးကို ဖြတ်တောက်တာ မရှိသလောက်ပဲ။ ကျန်မားရေးကို ဖြတ်တောက်တာ မရှိသလောက်ပဲ။ ဒီပေါ်မှာ ပညာရေးဝန်ကြီးဌာနသည် သူတောင်းတဲ့ကျောင်းကိုတောင်မှ ပြီးအောင်မဆောက်နိုင်ဘူး။ ကျမ ထင်ပါတယ် - မကြာခင်မှာ ကျမတို့ အစီရင်ခံစာမှာလည်း ပညာရေးဝန်ကြီးဌာနကို ထောက်ပြတဲ့ အစီရင်ခံစာတစောင် ထွက်ဖူးပါတယ်။ အဲဒီမှာလည်း ထောက်ပြတယ်။ သူ့ရဲ့ကျောင်းလိုအပ်ချက်သည် ခြောက်ထောင်လို့ ပြောတယ်။ ဒါပေမဲ့ သူ ဒီနှစ်ဘက်ဂျက်မှာ လေးထောင်တောင် မဆောက်နိုင်ဘူး။ ဆိုတော့ သူ့ရဲ့ Capacity နဲ့ သူလုပ်တဲ့ အလုပ်နဲ့မှာ လိုအပ်ချက်တွေ အများကြီးရှိနေသေးတယ်။ ဒါကြောင့်မို့ တကယ်တမ်း မြန်မာနိုင်ငံ ပညာရေးတိုးတက်ဖို့ဆိုရင် ပညာရေးဝန်ကြီးဌာနကိုယ်တိုင်က သေချာအောက်ခြေကနေ သုတေသန တက်ပြီးတော့မှသာ ဆောင်ရွက်ရမယ်။ ဒီလိုမှ မဟုတ်ဘူးဆိုလို့ရှိရင် ပညာရေးက ဘယ်တော့မှ အခြေခိုင်မှာ မဟုတ်ဘူး။
မေး ။ ။ အခုနောက်ဆုံးတခု မေးချင်တာက ဘာလဲဆိုတော့ အခုလောလောဆယ် ရခိုင်ပြည်နယ်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲ၊ အကျပ်အတည်းတွေ - ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက်ကို အထောက်အကူပြု ကော်မတီတခု ဖွဲ့ထားတာကို တွေ့ရပါတယ်။ အဲဒီမှာလဲ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်ကိုယ်တိုင် ဦးဆောင်လုပ်ကိုင်နေပါတယ်။ ဦးအေးသာအောင်ကိုယ်တိုင်လည်း ရခိုင်အမျိုးသား၊ တိုင်းရင်းသားတယောက် ဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ မြေဇာပင် ဖြစ်နေရတဲ့ တိုင်းရင်းသားတွေရဲ့ ဒုက္ခ။ အဲဒါတွေနဲ့ ပတ်သက်လို့ မထုမေရဲ့ အတွေ့အကြုံလေး။ မထုမေအနေနဲ့ ဘယ်လိုများ ရှေ့ဆက်ပြီးတော့၊ ကိုယ်တိုင်လည်း ဘယ်လိုဖြေရှင်းပေးနိုင်မယ်ဆိုတဲ့ နေရာမျိုးလေးကို ပြောပြပေးပါ။
ဖြေ ။ ။ အမှန်တကယ်က ရခိုင်ပြည်နယ်မှာတင် မဟုတ်ပါဘူး၊ တနိုင်ငံလုံးမှာ လက်နက်ကိုင် ပဋိပက္ခနဲ့ လုံးပမ်းလာတာ ကျမတို့ မမွေးခင်ကတည်းက လုံးပမ်းလာတာ။ အခုထက်ထိ လုံးပမ်းနေတယ်။ နောင်နှစ်ပေါင်းများစွာလည်း လုံးပမ်းနေဆဲ ဖြစ်မယ်လို့ မြင်နေရတယ်။ ဒါကို ဖြေရှင်းဖို့နည်းလမ်းကို လက်ရှိ အာဏာရနေတဲ့ အစိုးရရယ်၊ နောက်တခုက လက်နက်ကိုင်တပ်ဖွဲ့တွေက ငြိမ်းချမ်းရေးအရ စကားပြောရမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအရ စကားပြောတဲ့အခါမှာလဲ တန်းတူရည်တူစိတ်ဓါတ်၊ အဖွဲ့ကြီးတွေက နိုင်ငံကို လက်ရှိမှာ အုပ်ချုပ်ဖို့ အခွင့်အာဏာရနေတဲ့ အစိုးရကိုယ်တိုင်က တိုင်းရင်းသားတွေအပေါ် ဖယ်ဒရယ်လို့ နှုတ်ကပြောရုံလောက်နဲ့ မရပါဘူး။ တကယ်တမ်း စိတ်စေတနာမှန်မှန်နဲ့ ဖယ်ဒရယ်ကို တည်ဆောက်ရမယ်။
နောက်တခါ အနာဂတ်ဖယ်ဒရယ်လို့ ပြောမယ့်အစား၊ ဒီနေ့ကစတဲ့ ဖယ်ဒရယ် ဖြစ်ရပါမယ်။ ဒီလိုမျိုး ဖြစ်ဖို့ဆိုလို့ရှိရင် တိုင်းရင်းသားတွေကို တန်းတူညီမျှစွာ ဆက်ဆံဖို့ လိုပါလိမ့်မယ်။ ရခိုင်ပြည်နယ်မှာတော့ အခြေချခွင့်တော့ မပေးနိုင်ဘူး - ရခိုင်တပ်သည် ရခိုင်ပြည်နယ်မှာ အခြေချမယ်။ မွန်သည် မွန်ပြည်နယ်မှာ အခြေချမယ်။ ရှမ်းသည် ရှမ်းပြည်နယ်မှာ အခြေချမယ်။ ဒါက Universal Truth ပါ။ ဒါက အမှန်အကန်ပဲ - တိုင်းရင်းသားများသည် မိမိမွေးဖွားရာ၊ ဒေသမှာ ပြန်ပြီးတော့ အခြေချနိုင်ရမယ်ဆိုတာကို တကမ္ဘာလုံးက လက်ခံရမယ့် အမှန်တရား ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျမအနေနဲ့ ရခိုင်သည် အမှန်တကယ်က လက်နက်ကိုင်တခုတည်းကြောင့် မဟုတ်ပါဘူး။ ဟိုဘက် ဘင်္ဂလားဒေ့ရှ်နယ်စပ် အခြေအနေကိုလည်း တကမ္ဘာကသိတဲ့ ပြည်နယ်တခု ဖြစ်ပါတယ်။ ဒါပေမဲ့ ကျမတို့ အင်မတန် စိတ်မကောင်းဖြစ်တာ ဘာလဲဆိုတော့ ရခိုင်လို့ ပြောလိုက်ရင် နောက်ပိုင်း နိုင်ငံတကာအသိုင်းအဝိုင်းမှာ တွန့်ဆုတ်တာမျိုး။ ပြီးနောက် ရခိုင်တွေကိုယ်တိုင်က တစုံတခုကို ကျူးလွန်နေသလိုမျိုး၊ အထင်တွေအမြင်တွေနဲ့နေပြီး၊ စဉ်းစားချက်တွေ ကျမတို့နောင်မှာ ရခိုင်လူမျိုးတွေ မျိုးဆက်တွေအတွက် သိပ်ကိုအန္တရာယ် ကြီးမားပါတယ်။ ကျမ စိုးရိမ်တာတခုက ဘာလဲဆိုရင် ဒီလိုမျိုးနောင်မှာ ကမ္ဘာက ကျမတို့ကို အကြည့်၊ တခြားတိုင်းရင်းသားတွေကကြည့်မယ့် အကြည့်ကနေ မှန်ကန်ဖို့ လိုပါတယ်။ ဘာဖြစ်လို့ မှန်ကန်ဖို့ လိုတယ်လို့ ပြောရလဲဆိုရင် ဒီစနစ်တွေ၊ အခုပုံစံတွေ၊ အခင်းအကျင်းတွေ ဖြစ်နေတာကနေ ရခိုင်လူမျိုးတွေနဲ့ ဆိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ အုပ်ချုပ်သူများရဲ့ တာဝန်ရှိတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နေကြတဲ့ တိုင်းရင်းသား အငယ်ပဲဖြစ်ဖြစ်၊ အကြီးပဲဖြစ်ဖြစ်၊ လူနည်းစုဖြစ်ဖြစ်၊ လူများစုဖြစ်ဖြစ် တန်းတူရှိရပါမယ်။ ဒါက အခြေခံ Principle ပါ။ ဒီအခြေခံ Principle ကို တည်ဆောက်နိုင်ပြီဆိုရင် ကျမတို့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ စကားပြောနိုင်ပါပြီ။ ဒီလိုမျိုး မဟုတ်ဘဲနဲ့ အဖွဲ့သေးလို့၊ ငြိမ်းချမ်းနယ်မြေ မဟုတ်လို့ ဒီလိုမျိုးစလို့ မရဘူး။
ဒါကြောင့်လဲ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအခြေအနေက မအောင်မြင်တာပါ။ ဒါကြောင့်မို့ လက်ရှိမှာတော့ အစိုးရသည် ကြားဝင်ဖြန်ဖြေတဲ့ Institute ဖြစ်ဖို့ လိုအပ်ပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲနဲ့ အစိုးရသည် တဘက်က မြန်မာ့တပ်မတော်ဘက်ကပဲ ရပ်တည်မယ်ဆိုရင် ဒီပြင့်တိုင်းရင်းသားတွေက တဘက် ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်မို့ အဓိကအခြေခံမူသည် တန်းတူညီမျှမှု၊ အုပ်ချုပ်တဲ့လူနဲ့ မြန်မာတပ်မတော်မှာ ရှိရပါမယ်။ ဒီလိုမျိုးပဲ တခြားကျန်တဲ့ လက်နက်ကိုင်တပ်ဖွဲ့များသည်လည်း ပြည်သူကို မထိခိုက်နိုင်သော နည်းလမ်းနဲ့ပဲ Self-determination ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ကို တောင်းရမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ လက်ရှိဖြစ်ပျက်နေတာနဲ့ ပတ်သက်ပြီးတော့ အရေးကြီးတာက ဘာလဲဆိုရင် အမိုးအကာအောက်ကို စစ်ဘေးဒုက္ခသည်များ ရောက်ရေးက ပိုအရေးကြီးနေပါတယ်။ နောက်တခုက ပြည်နယ်အစိုးရရဲ့ take care လုပ်မှုက အရမ်းကို အရေးပါပါတယ်။ ကျမ သွားကြည့်တယ်။ မြင်ရတဲ့အလျှောက် ပြည်နယ်အစိုးရရဲ့ ဂရုစိုက်မှုက သိပ်အားနည်းတယ်။ Action လုပ်မှုကလည်း သိပ်အားနည်းတယ်။ ဒါတွေကို ကျမတွေ့ခဲ့ရတယ်။
နောက်တခုက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကော်မတီနဲ့ ပတ်သက်ပြီး လုပ်ပိုင်ခွင့်နဲ့ ဒီအဖွဲ့ကို လုပ်ဖို့ပေးထားတာကို သေချာလေ့လာကြည့်ရင် လွှတ်တော်ကိုယ်စားလှယ်ကို ပထမဦးဆုံး Initial စပြီးတော့ ဒီအဖွဲ့ကို စဖွဲ့ကတည်းက ကျမနာမည်ထည့်ထားတယ်။ ဒါပေမဲ့ ကျမ လုံးဝမသိဘူး။ သူတို့လုပ်ရမယ့် လုပ်ငန်းစဉ်ကို ကြည့်လိုက်လို့ရှိရင် ကျမမလုပ်နိုင်တဲ့ mandate တွေ ပါနေတယ်။ ကျမ လွှတ်တော်ကိုယ်စားလှယ်သည် အစိုးရကို Check and Balance လုပ်ရပါမယ်။ ဥပဒေပြုရမယ်။ ပြည်သူကို ကိုယ်စားပြုရမယ်။ ပြည်သူအတွက် အစိုးရကို တောင်းဆိုသွားရမယ်။ အစိုးရ မှားယွင်းနေတယ်ဆိုရင် မှားယွင်းကြောင်း။ အစိုးရ တည့်စရာလိုလို့ရှိရင် တည့်မတ်ဖို့ ကျမ ပြောရမယ်။ အဲဒီမှာ ဘာပါလဲဆိုရင် လွှတ်တော်ကိုယ်စားလှယ်က ကျမတို့က အစိုးရရဲ့ မူဝါဒတွေကို ပြည်သူကို ရှင်းလင်းပြရမယ်ဆိုရင် ဒီအဖွဲ့အစည်း စဖွဲ့စည်းကတည်းက ဒီထဲမှာပါတဲ့ Mandates တွေက အဖွဲ့ဝင်တွေ မလုပ်နိုင်တဲ့ mandate တွေ ဖြစ်နေပါတယ်။ ဒါကြောင့်မို့ ကျမကတော့ ပူးပေါင်းဆောင်ရွက်မှု လောလောဆယ်တော့ မရှိသေးပါဘူး။