မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့ အပစ်ရပ်ရေး ဆွေးနွေးမှုတွေ အောင်မြင်မှူမရတာဟာ တပ်နေရာချထားရေး သဘောတူညီချက် မရနိုင်သေးလို့ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။ ဆွေးနွေးမှူတွေမှာ ကြုံရတဲ့ အခက်အခဲတွေနဲ့ ရှေ့ဘာဆက်လုပ်သင့်ပါလဲ၊ ကိုဇော်ဝင်းလှိူင် က ဦးမောင်မောင်စိုးကို မေးမြန်းထားပါတယ်။
မေး ။ ။ အစိုးရအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား နောက်ဆုံးလုပ်ကိုင်သွားတဲ့ ကျိုင်းတုံဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်စဲရေးအတွက် ဦးတည်ပြီးတော့ သူတို့တွေ ဆွေးနွေးပွဲလုပ်ကြတယ်။ တခုလုံးကို ခြုံကြည့်မယ်ဆိုရင်တော့ အောင်မြင်မှု မရခဲ့ဘူးလို့ ပြောလို့ရတယ်။ ဆိုတော့ အဲဒီဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီမှု မရနိုင်တဲ့အကြောင်းရင်းက ဘာတွေများ အဟန့်အတား ဖြစ်နေလို့လဲဆိုတာကို ဦးမောင်မောင်စိုး ပြောပေးပါ။
ဖြေ ။ ။ အဓိကပြဿနာက ဘာလဲဆိုတော့ တပ်နေရာ ချထားရေးပါ။ အဲဒီမှာ သဘောတူညီချက် (၇) ချက် ရထားတဲ့ အစိုးရလက်ထက်မှာ တကယ်တမ်း အဖြေရှာရမှာ နံပတ် (၃) အချက်။ တပ်နေရာချထားရေးနဲ့ စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းနဲ့ ပတ်သက်ပြီးတော့ သဘောတူညီမှု ရရိရေး Codes of Conducts နှစ်ဘက် နားလည်မှု ရရှိရေး။ ဒီအချက်က အဓိက ဖြစ်တယ်။ ဒါပေမဲ့ အဲဒီအချက်ကို အခုထိ မဆွေးနွေးနိုင်သေးဘူး။ ယေဘုယျပဲ ပြောဆိုနေတုန်းဖြစ်တယ်။ ယေဘုယျပဲ ပြောနေသရွေ့တော့ အပစ်လဲ ရပ်နိုင်မှာ၊ တိုက်ပွဲလည်း ရပ်နိုင်မှာ မဟုတ်ပါဘူး။
မေး ။ ။ တပ်နေရာ ချထားရေးဆိုတဲ့နေရာမှာ အဓိကခံနေတာ AA ကြောင့်လား။ အစောပိုင်းက ကျနော်တို့ကြားတာက AA သည် ကချင်ပြည်နယ်မှာ ပေါက်ဖွားလာတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် ရခိုင်မှာသွားပြီး စခန်းချမယ်။ အခြေစိုက်စခန်းယူမယ်။ ရခိုင်မှာ အခြေစိုက်တဲ့ တပ်ဖွဲ့အနေနဲ့ ရှိမယ်ဆိုရင် တပ်မတော်ဘက်က လက်မခံဘူးဆိုပြီး ပြောနေတာတွေက အဲဒါကြောင့်လား။
ဖြေ ။ ။ အဓိက အေအေနဲ့ ပြောလို့ရသလို၊ သုံးဖွဲ့လုံးနဲ့ ဆိုင်တယ်။ အေအေ က ၂၀၁၅ လောက်မှာ ရခိုင်ပြည်နယ်အတွင်းကို ဝင်လာပြီး တိုက်ပွဲတွေဖြစ်တာကို တွေ့ရတယ်။ ၂၀၁၆ - ၁၇ မှာလည်း တိုက်ပွဲတွေဖြစ်တာကို တွေ့ရတယ်။ ၂၀၁၈ နှစ်ကုန်ပိုင်းနဲ့ ၂၀၁၉ မှာတော့ တိုက်ပွဲ ပြင်းပြင်းထန်ထန် အဖြစ်ဆုံးအချိန်။ တဘက်မှာလဲ အေအေရဲ့ အင်အားကလည်း တဖြည်းဖြည်းထောင်အချိုးအထိ များလာတယ်လို့ မြေပြင်သတင်းအရ။ တပ်ဘက်က ပြောတာ အေအေသည် လိုင်ဇာမှာ စဖွဲ့တဲ့အတွက် ရခိုင်မှာ မနေရဘူးဆိုတော့ ဒါကလဲ လက်တွေ့ကမကျဘူး။ ရခိုင်ပြည်ထဲကိုရောက်ပြီး တိုက်နေတဲ့ စစ်တပ်တွေကို အကုန်လုံး ပြန်ရုတ်သိမ်းသွားရမယ်ဆိုပေမယ့် လက်ခံနိုင်မှာ မဟုတ်ဘူး။ ဒါက အဓိကကျတဲ့ အချက်ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ နောက်တဘက်ကလဲ ကိုးကန့်အဖွဲ့ - ကိုးကန့်မှာနယ်မြေအတွင်းမှာပဲ နေရမယ်ဆိုတော့ ကိုးကန့်ဒေသရဲ့ မြောက်ဘက်အစွန်းဆုံးအဖျားလေး။ ပိတ်မိနေတဲ့နေရာမှ ကိုးကန့်တပ်ဖွဲ့ကနေဖို့ဆိုတာ တပ်အားလုံး အဲဒီမှာနေဖို့ဆိုတာ ဖြစ်နိုင်ဖို့ ခဲယဉ်းပါတယ်။
အခုလောလောဆယ်တော့ သံလွင်ခြမ်းနဲ့ ကွန်လုံ၊ သိန္ဒိ ကားလမ်းတကြော …လှုပ်ရှားနေတော့ သူ့တပ်ကို ပိတ်မိနေတဲ့ နေရာမှာထားမှာ မဟုတ်ဘူး။ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်တဲ့နေရာမှာပဲ ထားမှာပေါ့။ ဒါလဲ ဆွေးနွေးမှုမရမယ့် ပြဿနာတခု ဖြစ်တယ်။
နောက်တခု တအောင်း TNLA ဆိုရင်လဲ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှာပဲ နေပါဆိုရင် ဒီလောက်ကျဉ်းတဲ့နေရာမှာ သူ့တပ်ကို သူထားမှာ မဟုတ်ဘူး။ တပ်ကကြီးထွားနေပြီဆိုတဲ့အပြင် ဒီနေရာမှာ ပလောင်တွေနေတဲ့ ဒေသတွေအားလုံးမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှာရှိတဲ့ ပလောင်တွေနေတဲ့ နေရာတွေမှာ တပ်မတော်က တပ်ဖြန့်ထားတာ ဖြစ်တယ်။
မေး ။ ။ အေအေ က အစက ဒီလောက်ကြီး အားကောင်းတဲ့အဖွဲ့ မဟုတ်ဘူးလေ။ ဒါပေမဲ့ အခုနောက်ပိုင်း (၂) နှစ်လောက်အတွင်းမှာ အင်မတန် အားကြီးလာပြီးတော့ လက်နက်အင်အား၊ လူအင်အား တော်တော်လေးကို လုပ်နိုင်ကိုင်နိုင် ထိုးထိုးဖောက်ဖောက် လုပ်နိုင်တဲ့အဆင့်ကို ရောက်လာ၊ တဟုန်းထိုးကြီးလာတယ်။ ရခိုင်ထဲမှာဆိုရင် စစ်တပ်က စခန်းတွေကို သူက တော်တော်လေး တိုက်နိုင်တယ်။ စစ်တပ်နဲ့ သူပြန်ကိုယ်ပြန် တိုက်နိုင်တဲ့အဆင့်ရောက်လာတာ ဘာကြောင့်များ သူမြန်မြန်ဆန်ဆန် ကြီးထွားသွားတာလဲ။
ဖြေ ။ ။ အဓိကတော့ ရခိုင်ပြည်သူလူထု ထောက်ခံမှု ရလိုက်လို့ပါ။ ရခိုင်တွေအနေနဲ့ သူတို့ပြည်နယ်မှာ နိုင်ငံရေးအရ ကြိုးပမ်းအားထုတ်မှုတွေက အလုပ်မဖြစ်ဘူးလို့ သူတို့မြင်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ၂၀၁၀ နဲ့ ၂၀၁၅ မှာ ရခိုင်ပါတီအနေနဲ့ မဲအများဆုံးရခဲ့တယ်။ ဒါပေမဲ့ သူတို့အစိုးရလည်း ဖွဲ့ပိုင်ခွင့် မရှိခဲ့ဘူး။ ရခိုင်လွှတ်တော်မှာလည်း ဥပဒေပြုခွင့်ရတယ်ဆိုတာလည်း မယ်မယ်ရရ မရခဲ့ပါဘူး။ ရခိုင်တွေအနေနဲ့ ဘာလဲဆိုတော့ ငါတို့ လက်နက်ကိုင်တိုက်မှာပဲ ငါတို့ အခွင့်အရေးရတော့မယ်ဆိုပြီး ရခိုင်လူထုကပါ မြင်သွားတယ်။ အဲဒီအချိန်မှာ အေအေရဲ့ စည်းရုံးသိမ်းသွင်းမှုအောက်မှာ အေအေကို ဝိုင်းပြီးထောက်ခံကြတဲ့အခါမှာ ထောက်ခံမှုအရှိန်မြင့်လာပြီး အေအေထဲ ပါဝင်တဲ့ လူအင်အားလည်း များလာတယ်။ အေအေကို ငွေကြေးထောက်ပံ့တဲ့လူတွေလည်း များလာတယ်။ အဲဒါကြောင့် အေအေဟာ ဒီနောက်ပိုင်းမှာ တချိန်လုံးတက်လာတယ်။
မေး ။ ။ အခုဆိုရင် အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးလာတာ ၂၀၁၁ ကပဲ စတယ်လို့ ဆိုကြပါစို့။ သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက် တောက်လျှောက်လုပ်လာတာ နှစ်တွေတော်တော်ကြာလာပြီ။ အခုနောက်ဆုံး ပြောကြမယ်ဆို လေးဖွဲ့ ကပ်ကျန်နေတယ်။ ဆိုတော့ ဒီကိစ္စမှာလည်း နောက်တခါ ဆန်ကာတင်ပြန်စစ်လိုက်ရင် တပ်နေရာချထားရေးကိစ္စက တခုတည်းက ပေါ်ထွက်လာတယ်။ ဒီဟာကို ဘာကြောင့်များ စစ်တပ်နဲ့ တိုင်းရင်းသားအဖွဲ့တွေကြားထဲမှာ သဘောတူညီမှု မရနိုင်တာလဲ။ စောစောက ဦးမောင်မောင်စိုးပြောတာ ဆွေးနွေးမှုတောင် မလုပ်နိုင်သေးဘူးဆိုတော့ ဘယ်လောက်ထိတောင် နှစ်ဘက်စလုံးအတွက် တင်းခံစရာကိစ္စ ဖြစ်နေသလဲ။
ဖြေ ။ ။ အဓိကတော့ ဒီ (၃) ဖွဲ့ ပေါ်လာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုကာလမှာ ပေါ်မှပေါ်လာတာဆိုတော့ စစ်တပ်ဘက်က တပ်မတော်ဘက်က လက်မခံနိုင်ဘူးဆိုပြီး ၂၀၁၅ ကတည်းက ငြင်းလာခဲ့တယ်။ NLD တက်လာတဲ့အခါမှာ နည်းနည်းလျှော့ပေးတာက လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို စွန့်ရမယ်၊ ကြေညာချက်ထုတ်ရမယ်ဆိုပြီးတော့ ပြောရင်နဲ့ လျှော့ပေးတယ်။ အရင်တုန်းက ၂၀၁၅ တုန်းက လက်နက်စွန့်ရမယ်လို့ ကြေညာထားတယ်။ အဲဒီတော့ အသိအမှတ်မပြုရကနေ အခု အသိအမှတ်ပြုတဲ့အဆင့်ကိုရောက်တာ ၂၀၁၈ နှစ်ကုန်ပိုင်းကြမှ အပြန်အလှန်ကြေညာချက်ထုတ်ပြီးတော့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ (၃) ဖွဲ့ ကြေညာချက်ထုတ်တဲ့ အသိအမှတ်ပြုအဆင့်ပဲ ရှိသေးတယ်။ အဲဒီတော့ နည်းနည်းတော့အလှမ်းဝေးတယ်။ တဘက်က ပြောမယ်ဆိုလို့ရှိရင် တဘက်နဲ့တဘက် အသိအမှတ်မပြုခံရဘူး။ တဘက်နဲ့တဘက် ဒါကြောင့်လဲ တိုက်ပွဲတွေက ပြင်းပြင်းထန်ထန် ဖြစ်လာခဲ့တယ်ဆိုတဲ့အချိန်မှာ နားလည်မှုတည်ဆောက်တဲ့ အချိန်ကာလက နည်းနည်းကြာသွားတယ် ထင်ပါတယ်။ ဒါပေမဲ့ ကျနော့်အမြင်အရ ပြောမယ်ဆိုရင်တော့ ဒီလောက်နားလည်မှု တည်ဆောက်တဲ့ကာလ ကြာသော်လဲ အဓိက ငြိမ်းချမ်းရေးဆွေးနွေးမှု တံခါးကို ဖွင့်ထားမယ်ဆိုရင်တော့ တချိန်မဟုတ်တချိန် အလားအလာကောင်းတွေ ပေါ်ထွက်လာနိုင်မယ် ထင်ပါတယ်။
မေး ။ ။ အဲဒီတော့ နောက်ဆုံး ကျိုင်းတုံ ဆွေးနွေးပွဲရလဒ်အပေါ် အခြေခံပြီးတော့ သူတို့ နောက်တဆင့် နောက်တကြိမ် အောက်တိုဘာလထဲမှာ ဆွေးနွေးမယ်လို့ ပြောကြတယ်။ နှစ်ဘက် သဘောတူခဲ့ကြတယ်။ အဲဒီ လာမယ့် အောက်တိုဘာလ ဆွေးနွေးပွဲ အလားအလာ ဘယ်လောက်အထိ ကောင်းနိုင်ခြေ ရှိလဲ။ ရလဒ် အနေအထား။
ဖြေ ။ ။ အဓိက အောက်တိုဘာ ဆွေးနွေးပွဲမှာ ဘာဆွေးနွေးမလဲဆိုတာ အရေးကြီးတယ်လို့ ထင်တယ်။ အခုန ကျန်တဲ့ (၇) ချက်ထဲမှာ အရေးကြီးဆုံးဖြစ်တဲ့ တပ်နေရာချထားရေးနဲ့ ပတ်သက်ပြီးတော့ ဒီအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ မြောက်ပိုင်း (၃) ဖွဲ့၊ ကေအိုင်အေ ပါခဲ့ရင် (၄) ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ တပ်မတော်အရာရှိ ကိုယ်စားလှယ်တွေ ဆွေးနွေးပြီးတော့ အတည်ပြုယူကြမလား။ အဲဒီလို အတည်ပြုတဲ့အခါ တပ်မတော်အနေနဲ့ မြေပြင်အခြေအနေကို အသိအမှတ်ပြုပြီးတော့ အပစ်အခတ် ရပ်စဲရေးကို လုပ်မလားဆိုတဲ့ အခြေအနေပေါ်မှာ မူတည်ပါတယ်။ အဲဒီတော့ တပ်မတော်ဘက်က တောင်းဆိုချက်ကို ဟိုဘက်က လိုက်နာနိုင်မလား။ ဟိုဘက်က တောင်းဆိုချက်ကို တပ်မတော်ဘက်က လက်ခံနိုင်မလား။ အပြန်အလှန် အလျှော့အတင်း၊ ညှိနှိုင်းမှုတွေ လုပ်နိုင်မလား။ ဒီအချက်က အရေးကြီးဆုံးအချက်ပါ။ ဒီအချက်ကို အောက်တိုဘာလအတွင်း တွေ့ဆုံဆွေးနွေးပွဲမှာ တွေ့ဆုံဖြေရှင်းနိုင်မယ်ဆိုရင်တော့ အပစ်ရပ်မှာပဲ။ ဒါပေမဲ့ အောက်တိုဘာလ ဆွေးနွေးပွဲမှာ ဒီအချက်ကို မဖြေရှင်းနိုင်သေးဘူး ဆိုလို့ရှိရင်တော့ တိုက်ပွဲတွေက ဆက်ဖြစ်နေအုံးမှာပါ။ Bilateral ထိုးနိုင်မှာ မဟုတ်သေးဘူး။
မေး ။ ။ ဒီနေရာမှာ တခု ကျနော် သတိထားမိတာက အခုဖြစ်နေတဲ့ ဖြစ်စဉ်တွေမှာ လွှတ်တော်ရဲ့ အခန်းကဏ္ဍက လုံးဝပျောက်နေတယ်။ ဆိုတော့ နိုင်ငံတော်အစိုးရက ဦးဆောင်ပြီးတော့ ငြိမ်းချမ်းရေးကော်မရှင် ဘာညာယူပြီး သူတို့ဖွဲ့ထားပေမယ့် သူများနိုင်ငံ ဒီမိုကရေစီတွေမှာဆို ကော်မရှင်-ကော်မရှင် အလုပ်လုပ်နေတယ်။ ကော်မတီ-ကော်မတီ အလုပ်လုပ်နေတယ်။ လွှတ်တော်မှာ သူ့ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေက - သဘောက အခုတိုက်ပွဲဖြစ်နေတဲ့ ဒေသက လွှတ်တော်ကိုယ်စားလှယ်တွေက သူ့ဒေသမှာ ဖြစ်နေတာကို ထပြီးတော့ ကန့်ကွက်ရမယ်။ လူထုကို ကာကွယ်ပေးဖို့ ပြောသင့်ပြောရမယ်။ ဒါမျိုးတွေ မြန်မာနိုင်ငံက လွှတ်တော်အမတ်တွေဘက်က အသံထွက်လာတာ သိပ်မတွေ့ရ၊ မကြားမိသလိုပဲ။ ဦးမောင်မောင်စိုး ဘယ်လို သတိထားမိလဲ။
ဖြေ ။ ။ အဓိကတော့ NLD ပါတီနဲ့ ဆိုင်တာပေါ့။ ပြည်သူ့လွှတ်တော်နဲ့ လွှတ်တော်အများဆုံးမှာ NLD က အနိုင်ရထားတယ်။ သူတို့အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ကော်မတီတွေ ဖွဲ့ထားတာရှိမယ်။ အလုပ်လုပ်တာတော့ သိပ်မတွေ့ရဘူး။ တကယ်တမ်း အားနည်းပါတယ်။ ရခိုင်မှာတော့ အတန်ငယ်အလုပ်လုပ်တယ်။ ဒါပေမဲ့ ရခိုင်မှာလည်း အဲဒီလို အလုပ်လုပ်တယ် ဆိုပေမယ့် အခု ဒီတလောမှာ စစ်အတွင်းမှာသေတဲ့ အရပ်ဖက်ပြည်သူတွေနဲ့ ပတ်သက်လို့ စာရင်းပြုစုဖို့အတွက် ရခိုင်လွှတ်တော်မှာတင်တယ်။ တပ်မတော်ကိုယ်စားလှယ်တွေက ကန့်ကွက်တယ်။ ဒီလိုကန့်ကွက်တာတော့ ရှိနေမှာပဲ။ ဒါပေမဲ့ ရခိုင်လွှတ်တော်အမတ်က အများစု ဖြစ်နေတော့ ဒီအဆိုက အတည်ပြုသွားခဲ့တယ်။ လွှတ်တော်အနေနဲ့ အလုပ်လုပ်ဖို့ လိုပါတယ်။ လွှတ်တော်အနေနဲ့ လောလောဆယ်မှာ လွှတ်တော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ကင်းကွာသလို ဖြစ်နေတယ်။ ဥပမာဆိုပါတော့ မူလအစိုးရက ချမှတ်ထားတဲ့ ပေါ်လစီအရ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အပါအဝင်၊ နိုင်ငံရေးပါတီတွေပါမယ်။ အဲဒီမှာ ဘုံသဘောတူညီချက်တွေ ထွက်လာမယ်။ အဲဒီ ဘုံသဘောတူညီချက်တွေကို လွှတ်တော်တင်ပြီးတော့ အခြေခံသဘောတူညီချက်တွေ ပြင်ဆင်မယ်တို့၊ အရင်တုန်းက ဒီလမ်းကြောင်းကို ပေးထားတာ ဖြစ်တယ်။ တကယ်တမ်း NLD က အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်တဲ့အခါမှာ အဲဒီဘုံသဘောတူညီချက်တွေက ဘယ်ရောက်သွားနေမှန်း မသိဘူး။ ဆွဲထုတ်လာတာလဲ မတွေ့ရဘူး။ ဒုတိယညီလာခံတုန်းက (၃၇) ချက် ရှိတယ်။ တတိယညီလာခံမှာ (၁၄) ချက် ရှိတယ်။ စုစုပေါင်း (၅၁) ချက် ရှိတယ်။ ဒီ (၅၁) ချက်ကို ဆွဲထုတ်လာပြီး ဒီ (၅၁) ချက်အပေါ်မှာ အခြေခံပြီး ပြင်မယ်ဆိုလို့ရှိရင် ပြင်ဖို့ကဖြစ်တယ်။ ပြင်ဖို့က ဒါဆိုရင် အငြင်းပွားစရာ မရှိဘူး။ နိုင်ငံရေးပါတီ၊ တပ်နဲ့ NLD တို့အားလုံး သဘောတူပြီသား။ လွှတ်တော်ပြင်ပကလည်း သဘောတူပြီသားဖြစ်တယ်။ ဒါပေမဲ့ လက်တွေ့မှာ လွှတ်တော်က အဲဒီလိုလုပ်တာ မတွေ့ရဘူး။ လွှတ်တော်မှာလည်း အားနည်းချက်တွေ ရှိပါတယ်။ ရှိတယ်လို့ ပြောနိုင်ပါတယ်။
မေး ။ ။ အခု ဆိုကြပါစို့ လိပ်ခဲတင်းတင်း ဖြစ်နေတဲ့ တပ်နေရာ ချထားရေးကိစ္စကို သဘောတူညီချက်ရပြီးပဲ ဆိုကြပါစို့ နောင်လာမယ့် ဆွေးနွေးပွဲတွေမှာဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ Vision က ဘာလဲ။ သူတို့နေရာတွေမှာ သူတို့ရှိ၊ သတ်မှတ်ထားတဲ့ ကန့်သတ်နယ်မြေမှာ သူတို့ လက်နက်ကိုင်ပြီး ရပ်တည်ဖို့လား။ ဒါမှမဟုတ် အစိုးရဘက်က Vision က ဘယ်လိုဖြစ်စေချင်တာလဲ။ အဲဒီ Vision နှစ်ခုက ဘယ်လောက်အထိ ကွာခြားမှု ရှိသလဲ။ အဆုံးသတ် ငြိမ်းချမ်းရေး ရသွားပြီးတဲ့နောက်မှာ။
ဖြေ ။ ။ အစိုးရဘက်ကတော့ Bilateral ထိုးပြီးတာနဲ့ NCA လမ်းကြောင်းပေါ်မှာ လက်မှတ်ရေးထိုးဖို့ပါပဲ။ အဲဒီတော့ ဒါကိုတိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကလဲ နိုင်ငံရေးဆွေးနွေးမှုကိစ္စကို ငြင်းပယ်မှာ မဟုတ်ပါဘူး။ သူတို့လဲ နိုင်ငံရေးဆွေးနွေးပွဲ စားပွဲပေါ် တက်လာကြမှာပါ။ ဒါပေမဲ့ ပြဿနာတခုက ကျနော်တို့ တပ်တွေမှာ လက်နက်မကိုင်ရင်၊ လက်နက်ကိုင်ထားတောင်မှ စကားပြောဖို့ ခပ်ခက်ခက် ဖြစ်နေရင်၊ လက်နက်စွန့်လိုက်ရင် ငါတို့ စကားပြောခွင့် ရှိတော့မှာ မဟုတ်ဘူးဆိုတာမျိုး ဖြစ်နေတယ်။ ဆိုတော့ လက်နက်ကိုင်မှ လူရာဝင်တဲ့အမြင်မျိုး ဖြစ်နေတဲ့အခါကြတော့ ဒီလက်နက်ကိုင်တပ် ဖြေရှင်းရေး ပြဿနာက ကျနော်တို့ တိုင်းပြည်အနာဂတ်မှာ တော်တော်ခက်ခဲတဲ့ ပြဿနာပါ။ အဲဒီတော့ တပ်ကပြောနေတဲ့ တခုတည်းသော တပ်မတော်ဆိုတာ ယေဘုယျအားဖြင့် ငြင်းပယ်စရာ အကြောင်းတော့ မရှိဘူး။ ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်အသီးသီးက သူတို့လိုချင်တဲ့ နိုင်ငံရေးရည်မှန်းချက်တွေ မရမချင်း လက်နက်ကိုင်ပြီး သူတို့ရဲ့ လက်နက်ကိုင်တပ်တွေကို စွန့်လွှတ်ဖို့ဆိုတာတော့ ခဲယဉ်းလိမ့်အုံးမယ် ထင်ပါတယ်။ အဲဒီအတွက်တော့ ကျနော်တို့ အတော်လေး လုပ်ယူရအုံးမယ် ထင်ပါတယ်။