သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ - အမေရိကန် ဆက်ဆံရေး တိုးတက်ကောင်းမွန်ဖို့


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် ထိတွေ့ဆက်ဆံတဲ့မူဝါဒဟာ အသွင်ကူးပြောင်းအရေးအတွက် အထောက်အကူ မဖြစ်ရင် ဘာဆက်လုပ်မလဲ ဆိုတာမျိုး ပြန်လည်သုံးသပ်မှုတွေ ရှိလာတယ်လို့ အမေရိကန်မှာ (၆) လကြာနေပြီး အမျိုးသမီး နိုင်ငံရေးစွမ်းရည် မြင့်တင်ရေးကို လေ့လာခဲ့တဲ့ မဇင်မာအောင်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေကိုလဲ အကောင်းချည်း အဆိုးချည်းမဟုတ်ဘဲ လက်တေ့ွ ဖြစ်နေတာတွေကို နိုင်ငံခြားက မူဝါဒချမှတ်သူတွေ သိမြင်နိုင်ဖို့ အရေးကြီးတယ်လို့ မဇင်မာအောင်က ပြောပါတယ်။ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းကို တည်ထောင်ခဲ့သူ မဇင်မာအောင်ဟာ ကမ္ဘာတဝှမ်း ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ကူညီထောက်ပံ့ပေးနေတဲ့ NED အဖွဲ့ရဲ့ အစီအစဉ်နဲ့ အမျိုးသမီး နိုင်ငံရေးစွမ်းရည်မြှင့်တင်ရေးကို Washington D.C. မှာ လေ့လာခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို မပြန်ခင် အမေရိကန်စိုးရက မြန်မာနိုင်ငံအပေါ်ထားတဲ့ သူ့ရဲ့ အမြင်တွေကို မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်း တင်ပြထားပါတယ်။

မဇင်မာအောင် ။ ။ ဗွီအိုအေ ပရိသတ်တယောက်လည်း ဖြစ်ပြီး၊ ဝါရှင်တန်ဒီစီရောက်တိုင်း ဗွီအိုအေ ကို ရောက်ပါတယ်။

မအင်ကြင်းနိုင် ။ ။ ဝါရှင်တန်ဒီစီကို ရောက်တဲ့အချိန် တိုက်တိုက်ဆိုင်ဆိုင်ပဲ ၂၀၁၅ ခုနှစ်အတွက် နိုင်ငံတကာ အမျိုးသမီးသတ္တိရှင်ဆု။ အမေရိကန်ပြည်ထောင်စုက ချီးမြှင့်တဲ့ နိုင်ငံတကာက အမျိုးသမီး (၁၀) ဦးထဲမှာ ဒီနှစ်အတွက် မြန်မာနိုင်ငံက မမေစပယ်ဖြူလည်း အရွေးခံရပြီး ဂုဏ်ပြုချီးမြှင့်ခံရတယ်။ ဒီအပေါ် မဇင်မာအောင် ကိုယ်တိုင်ကလည်း ဒီဆုကို လက်ခံရရှိခဲ့တဲ့ ပထမဦးဆုံး အမျိုးသမီးဆိုတော့ ဆုရှင်တဦးအနေနဲ့ မမေစပယ်ဖြူ ဒီနှစ် ချီးမြှင့်ခံရတဲ့အပေါ်မှာ ဘယ်လို သဘောထားရှိပါလဲ။

မဇင်မာအောင် ။ ။ ကျမ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ကျမတို့ ဗမာပြည်မှာ ၂၀၁၂ ဆုရတုန်းကလဲ ကျမ အင်တာဗျူးတွေမှာ ပြောခဲ့ဖူးပါတယ်။ ဒီဆုက ကျမ တဦးတယောက်တည်းကို ကိုယ်စားပြု ပေးတာထက် မြန်မာ့ဒီမိုကရေစီအရေးမှာ၊ မြန်မာ့ လူ့အခွင့်အရေးမှာ ငြိမ်းချမ်းစွာ အတူယဉ်တွဲနေထိုင်ရေးနဲ့ ပတ်သက်တဲ့ အရေးအရာကဏ္ဍတွေမှာ ဆောင်ရွက်နေကြတဲ့ မြန်မာအမျိုးသမီးတွေ။ မြန်မာအမျိုးသမီးတွေလို့ ပြောတဲ့အခါမှာ တိုင်းရင်းသားတွေလည်း ပါပါတယ်။ ပြည်တွင်းမှာ မှီတင်နေထိုင်နေကြတဲ့ အစွမ်းအစရှိတဲ့ အမျိုးသမီးတွေ အများကြီးလည်း ရှိပါတယ်။ ဒီဆုဟာ ကျမ မြန်မာနိုင်ငံသား အမျိုးသမီးတယောက်အနေနဲ့ ဒီဆုကို ပထမဦးဆုံး လက်ခံရရှိတဲ့အချိန်မှာ ကျမ တဦးတယောက်ထဲကို မဟုတ်ဘူး။ ကျမတို့ မြန်မာနိုင်ငံအတွင်းမှာ မှီတင်နေထိုင်နေကြတဲ့ အင်မတန် ထက်မြတ်တဲ့၊ ထူးချွန်တဲ့၊ အများအကျိုးအတွက်လည်း လုပ်ဆောင်ချင်ကြတဲ့ အမျိုးသမီးတွေ အများကြီးရှိတယ်။ ဒါတွေကို ကိုယ်စားပြုပြီးတော့ ပေးတယ်လို့ပဲ ယူဆတယ်လို့ ပြောခဲ့ဖူးတယ်။

ဒီတခေါက် ၂၀၁၅ ခုနှစ်မှာ ကျမ ဝါရှင်တန်ဒီစီမှာ ရှိနေတုန်း ကျမတို့နဲ့ လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့ မမေစပယ်ဖြူ ဆုရတဲ့အခါကြတော့ အတိုင်းထက်အလွန် ဝမ်းသာပါတယ်။ ဒါဟာ နိုင်ငံတကာကနေ မြန်မာနိုင်ငံအတွင်းမှာ လှုပ်ရှားနေကြတဲ့ အမျိုးသမီးအရေး၊ အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေး။ ဒါအပြင် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးတွေကို တက်ကြွလှုပ်ရှားနေကြတဲ့ အမျိုးသမီးထုကို encourage ဖြစ်စေတယ်။ အားဖြစ်စေတယ်။ နောက်ပြီးတော့ အသိအမှတ်ပြုမှုကို ရတဲ့အတွက်ကြောင့်မို့ ကျမတို့ တိုင်းပြည်ရဲ့အရေးကို နိုင်ငံတကာက ပိုပြီးတော့ တခြားနိုင်ငံတွေထက် highlight မီးမောင်းထိုးပြလိုက်သလိုလည်း ဖြစ်တယ်။ ကျမတို့ကို အားဖြစ်စေပါတယ်။

မအင်ကြင်းနိုင် ။ ။ ဒီဆုက မတ်လ (၈) ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတကာ အမျိုးသမီးများနေ့ကိုလည်း ဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စုက နှစ်စဉ်ချီးမြှင့်တာဆိုတော့ မြန်မာအမျိုးသမီးတွေရဲ့ လှုပ်ရှားမှုကို ဘယ်လောက် အတိုင်းအတာအထိ အောင်မြင်မှုရလဲ။ ဒါမှမဟုတ် ဘယ်လောက် အတိုင်းအတာအထိ လိုအပ်နေသေးလဲဆိုတာကို မဇင်မာအောင် ဘယ်လို မြင်ပါလဲရှင့်။

မဇင်မာအောင် ။ ။ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ၊ စီးပွားရေးမှာ ပူးပေါင်းပါဝင်မှုတွေဟာ တကယ်တော့ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ရှိခဲ့တယ်။ ဥပမာ လွတ်လပ်ရေး တိုက်ပွဲတွေမှာဆိုရင် အမျိုးသမီးတွေ ပါဝင်ခဲ့တာကို တွေ့ရတယ်။ တဖက်ကလဲ ဘာပြန်တွေ့ရသလဲဆိုရင် ကျမတို့ ဆိုရှယ်လစ်ခေတ် ဒီဘက်ပိုင်းမှာ တွေ့ရသေးတယ်။ ဒါပေမဲ့ ဒီဘက်ခေတ် စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာတော့ မြန်မာအမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ တခြားသော လူ့အခွင့်အရေးတွေနဲ့အတူ ဆုံးရှုံးသွားတာကို ကျမတို့ တွေ့ရတယ်။ ဒါ့အပြင် အသွင်ကူးပြောင်းမှု ကာလတွေကို ပြန်ကြည့်တဲ့အခါ ဘာတွေ့ရသလဲဆိုတော့ အမျိုးသမီးတွေဟာ လွတ်လပ်ရေးကာလမှာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီးတော့ လွတ်လပ်ရေးကို ရှေ့ရှုပြီးတော့ သူတို့ ကျရာအခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြတယ်။ ဒါပေမဲ့ အာဏာရတဲ့အခါ၊ ဒါမှမဟုတ် တိုင်းပြည်ကို ဦးဆောင်တဲ့အခါ အမျိုးသမီးတွေကို ရည်ရွယ်ချက်ရှိရှိလား။ တိုက်ဆိုင်မှုလားတော့ မသိဘူး။ ဦးဆောင်မှုအခန်းကဏ္ဍမှာ သိပ်မပါတော့ဘူး။ ဒုတိယတန်းစား ခေါင်းဆောင်လောက်ပဲ။ ဥပမာ သံအမတ်လို နေရာမျိုး။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကတော် အမေဒေါ်ခင်ကြည်တို့လို ပုဂ္ဂိုလ်မျိုးတော့ သံအမတ်အဖြစ် ခန့်အပ်ခံရတာ ရှိပေမယ့် နိုင်ငံရေးဦးဆောင်မှုကဏ္ဍမှာ အမျိုးသမီးတွေဟာ အရေအတွက်အားဖြင့်ကော၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေအရ နည်းနည်းဘေးဖယ်ထုတ်ခံထားရတာကို တွေ့ရတယ်။ တကယ်တော့ Common Goal အားလုံး အရေးမှာတော့ သူတို့က တက်တက်ကြွကြွ ပါခဲ့ပြီးတော့ အဲဒီအရေး ပြီးမြောက်သွားတဲ့အခါ၊ အောင်မြင်သွားတဲ့အခါကြတော့ ဒီအမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ မေ့လျော့ခံရတာမျိုး ပြန်ဖြစ်သွားတာမျိုးကို သမိုင်းရဲ့ အချိုးအကွေ့တွေမှာ တွေ့ရတယ်။ အထူးသဖြင့် မြန်မာအမျိုးသမီးတွေဟာ ဘယ်အခြေအနေမျိုးတွေမှာ ပိုပြီးတော့ ချီးကျူးခံရသလဲဆိုရင် မြန်မာအမျိုးသမီးတွေက နိုင်ငံတကာ မြင်တဲ့အမြင်၊ သမိုင်းကို ပြန်ကြည့်တဲ့အခါမှာ ကိုလိုနီခေတ်လက်ထက်မှာ မြန်မာအမျိုးသမီးတွေက အုပ်ချုပ်ရေးမှာ၊ စီးပွားရေး လုပ်ငန်းမှာ အိမ်ဆိုင်လေးတွေ ဖွင့်မယ်။ ဒါမှမဟုတ် Export-Import တွေ လုပ်တဲ့အခါမျိုးမှာ မြန်မာအမျိုးသမီးတွေက တခြားအိန္ဒိယတို့ ပတ်ဝန်းကျင်နိုင်ငံ အခြေအနေတွေနဲ့ ယှဉ်ပြီးကြည့်တဲ့အခါမှာ မြန်မာအမျိုးသမီးတွေဟာ အင်မတန် ထက်မြတ်တဲ့ အစွမ်းအစ ရှိတယ်ဆိုတာကိုလဲ ဗြိတိသျှတွေကိုယ်တိုင် အသိအမှတ်ပြုခဲ့ကြတဲ့ သမိုင်းအစဉ်အလာတွေလည်း တွေ့ရတယ်။ တဘက်ကလဲ ဘာသွားတွေ့ရသလဲဆိုရင် ဒီအခြေအနေကြီးတခုကို လွတ်လပ်ရေး ရပြီးပြီ၊ ဖဆပလခေတ်၊ မဆလခေတ် ဖြတ်ပြီးတဲ့နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ။ ၈၈ နောက်ပိုင်းကာလ စစ်အာဏာရှင် ဖြစ်သွားတဲ့ကာလမှာ တော်တော်လေး မှေးမှိန်သွားတယ်။ တော်တော်လေး ဖိနှိပ်ခံခဲ့ရတာကို ကျမတို့ သွားတွေ့ရတယ်။ အဲဒီအခန်းကဏ္ဍဟာ ဒီဘက် ၂၀၁၀ နောက်ပိုင်း ဦးသိန်းစိန်အစိုးရ တက်လာပြီး၊ နိုင်ငံရေးအခြေအနေ ဖြေလျော့တဲ့ကာလမှာ တဖန်ပြန်ပြီးတော့ ခေါင်းထောင်လာတယ်လို့ ပြောလို့ရတယ်။ ပြန်လည်ပြီးတော့ အဲဒီအခြေအနေမှာ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ အနေနဲ့ နိုင်ငံရေးပါတီမှာ ပါဝင်နေတဲ့ အမျိုးသမီးတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားနေတဲ့ အမျိုးသမီးတွေမကဘဲနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေမှာ ရှိရင် လုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေကလည်း အပြောင်းအလဲမှာ သူတို့ အတိုင်းအတာတခုအထိ ပါဝင်ဖို့ တက်တက်ကြွကြွ ဖြစ်လာတာကိုလည်း သွားတွေ့ရတယ်။ ဒါက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ အမျိုးသမီးအခန်းကဏ္ဍကို လေ့လာတဲ့ စာတမ်းတွေမှာ ဘာသွားတွေ့ရလဲဆိုရင် ဒါဟာ ဖြစ်လေ့ဖြစ်ထရှိတယ်။ ဗမာနိုင်ငံမှာမှ ဖြစ်တာမဟုတ်ဘူး ဒီမိုကရေစီအသွင် ကူးပြောင်းရေးရဲ့ ပထမဦးဆုံး step ခြေလှမ်းဖြစ်တဲ့ ဖြေလျှော့တဲ့ကာလ။ Liberalization ကာလမှာ ဒီလိုမျိုး အမျိုးသမီးတွေဟာ သူတို့ရဲ့ အခန်းကဏ္ဍကို သူတို့ ရအောင်ယူလာတတ်တဲ့ သာဓကနတွေ လေ့လာတဲ့ papers စာတမ်းတွေမှာ တွေ့ရတယ်လို့ဆိုတယ်။ ဒါဟာ သဘာဝပါပဲ။ ဖြေလျော့တဲ့ကာ အမျိုးသမီးတွေဟာ သူတို့ space ကို သူတို့ ယူလာကြတယ်။ ခက်တာက ကျမတို့ တိုင်းပြည်က ဖြေလျှော့တဲ့ ကာလမှာပဲ ရှိပြီးတော့ တကယ့် အသွင်ကူးပြောင်းတဲ့ဆီသွားဖို့ ရပ်တန့်နေတာမျိုးတွေ ၂၀၁၂ ကျမ ဒီဆုကို ရပြီးတဲ့နောက်ပိုင်း ၂၀၁၃-၁၄။ အထူးသဖြင့် ၂၀၁၄-၁၅ အတွင်းမှာ ပိုပြီးတော့ အမျိုးသမီးတွေအပေါ်မှာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာတဲ့ လှုပ်ရှားမှုတွေ ဒါတွေကိုလည်း ကျမတို့ တွေ့လာရတယ်။

မအင်ကြင်းနိုင် ။ ။ အဲဒီတော့ သမ္မတဦးသိန်းစိန်၊ လွှတ်တော်တို့ရဲ့ အခန်းကဏ္ဍမှာ အမျိုးသမီးတွေကို ကာကွယ်ပေးဖို့။ ဒီဟာမျိုးတွေကို မဖြစ်သင့်တာတွေ မဖြစ်အောင်ဆိုတဲ့ တာဝန်ရှိသူတွေဘက်ရဲ့ အခန်းကဏ္ဍကို ဘယ်လို မြင်ပါလဲရှင့်။

မဇင်မာအောင် ။ ။ ဒီပြဿနာက ကျမ အခုန ပြောသလိုပဲပေါ့ လူအနည်းစုနဲ့ အများစုမျိုး ဖြစ်နေတဲ့ ပြဿနာမျိုုး။ နောက်တခု ဒါက ဘာသာရေးခေါင်းဆောင်တွေနဲ့လည်း ဖြစ်နေတဲ့အခါကြတော့ ဖွံ့ဖြိုးမှု နောက်ကျတဲ့တိုင်းပြည်တွေ ထုံးစံအတိုင်းပါပဲ။ ဘာသာရေးခေါင်းဆောင်တွေကို တိုးထိပြီးတော့ ဝေဖန်ဖို့ကို လက်တွန့်ကြတယ်။ ဒါဟာ နိုင်ငံရေးသမားတွေအနေနဲ့ကော တိုက်ရိုက်တုံ့ပြန်ဖို့ ဆိုတဲ့ဟာက အင်မတန် ခဲယဉ်းတဲ့ကိစ္စ ဖြစ်တယ်။ တဖက်ကလဲ အာဏာပိုင်တွေအနေနဲ့ ဘာသာရေးအရ တုံ့ပြန်စရာ မလိုဘူး။ နိုင်ငံသူနိုင်ငံသားတွေရဲ့ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေး ရှုထောင့်ကနေ ကြည့်ပြီးတော့ ဒါတွေကို သေသေချာချာ တိတိကျကျ ကာကွယ်ပေးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံး။ ဒါပေမဲ့ သူတို့ကလဲ let them do ဖြစ်ပါစေ ဆိုပြီးတော့ ဒီလိုပဲ ရောချထားလား မသိဘူး။ အဲဒီ ပုံစံမျိုး သွားတွေ့ရတယ်။ ကျမ မြင်တာကတော့ အခုအချိန်အထိ စိတ်အနှောင့်အယှက်ဖြစ်ရုံ၊ မိသားစုက စိုးရိမ်ရုံ၊ သွားလာတဲ့အခါ ကိုယ့်ကိုယ်ကို မလုံခြုံဘူးလို့ ခံစားရတာကလွယ်လို့ ကိုယ်ထိလက်ရောက်တော့ ဘာမှ မဖြစ်သေးဘူးပေါ့။ ဖြစ်လာခဲ့ရင်ကော ကျမတို့ တိုင်းပြည်မှာက တရားစီရင်ရေး ယန္တရားကြီးတခုလုံးက ပြိုကျနေတာ။ အခုဆိုရင်လဲ တခြား လူ့အခွင့်အရေး လှုပ်ရှားတဲ့လူတွေဆိုရင်လဲ လူအင်အားနဲ့ ဖိအားပေးပြီးတော့ လုပ်တဲ့ဟာမျိုးတွေက တရားမျှတမှုကို ဖော်ဆောင်တဲ့နေရာမှာ အခက်အခဲ ဖြစ်စေနိုင်တဲ့ဟာတွေကို တွေ့ရတယ်။ နိုင်ငံတော်အစိုးရပိုင်းကနေ တာဝန်ရှိတဲ့လူတွေ၊ တာဝန်ရှိတဲ့ Institution က ပုဂ္ဂိုလ်တွေ ကိုယ်တိုင်က ဒီကိစ္စအပေါ်မှာ ဥပက္ခာပြုထားတာမျိုး ဘာမှ ထုတ်ဖော်ပြောဆိုတာမျိုး၊ ထိထိရောက်ရောက် ပြောဆိုတာမျိုး မတွေ့ရဘူး။ ကျမတို့က နိုင်ငံအတွင်းမှာနေတယ် ဥပဒေရဲ့ အကာအကွယ်ကို နိုင်ငံသားတစ်ယောက်အနေနဲ့ မရဘူး။ ရအောင်လဲ ကြိုးစားအားထုတ်တာမျိုး မတွေ့ရဘူး။

မအင်ကြင်းနိုင် ။ ။ အခု မဇင်မာအောင် က အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့အတွင်းမှာ အမေရိကန်နိုင်ငံခြားရေး ဌာနက ပုဂ္ဂိုလ်တွေ၊ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေလည်း ရှိတယ်။ ဆိုတော့ လက်ရှိ အမေရိကန်အစိုးရရဲ့ မူဝါဒ မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒ၊ ထိတွေ့ဆက်ဆံမှု မူဝါဒအပိုင်းမှာ အောင်မြင်မှု၊ ဆုံးရှုံးမှု ဒီအပေါ် မဇင်မာအောင်ရဲ့ အမြင်သဘောထား ဘယ်လို ရှိပါလဲရှင့်။

မဇင်မာအောင် ။ ။ ကျမ အတွေ့အကြုံအရ ပြောရမယ်ဆိုရင်တော့ အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒဟာ အစောပိုင်းမှာတော့ အပြောင်းအလဲတခုအနေနဲ့ စောင့်ကြည့်နေခဲ့ကြတဲ့ အနေအထား ကောင်းမလား။ သူတို့လဲ အခုဆိုရင်တော့ ဒီအပေါ်မှာ ပြန်ပြီးတော့ သုံးသပ်တာမျိုးတွေ ရှိလာတယ်။ ဆိုတော့ သုံးသပ်တာမျိုးဆိုတာက လုံးလုံးကြီး အဆက်အသွယ်ဖြတ်တောက်ဖို့တော့ မဟုတ်ဘူး။ ဒီထက်ပိုကောင်းအောင် ဒီထိတွေ့ ဆက်ဆံမှုက အကယ်၍များ မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေးကို အထောက်အပံ့ မဖြစ်ဘဲနဲ့ ဒီလိုပဲ အဆိုးကျွန် သံသရာထဲမှာ လဲနေတဲ့ဟာမျိုး ဟိုမရောက်ဒီမရောက် ဖြစ်နေမယ်ဆိုရင် ဘာလုပ်မလဲပေါ့။ ဆိုတော့ အဲဒီဟာကို သူတို့ကိုယ်တိုင်လဲ စိန်ခေါ်မှုကြီး။ ဗမာပြည်ကြီးရဲ့ ပြဿနာဟာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနအတွက် အောင်မြင်တဲ့ ပုံပြင်တပုဒ်၊ ဇာတ်လမ်းတပုဒ်တော့ ဖြစ်ချင်တာပေါ့။ ဒါပေမဲ့ ဖြစ်မလာဘူး၊ မဖြစ်သေးဘူး။ ဒီထက် ပိုပြီးတော့ စိန်ခေါ်မှုတွေများနေတယ် ဆိုတာမျိုး သူတို့ ဒီနှစ်ပိုင်းမှာ ပိုသဘောပေါက်လာတယ်။ ၂၀၁၄ နောက်ပိုင်းမှာ ပိုသဘောပေါက်လာတယ်။ ပြီးတော့ ကျမတို့ရဲ့ အခန်းကဏ္ဍက ဘာလဲဆိုတော့ အလွန်အမင် အကောင်းမြင်တာကလဲ လက်တွေ့နဲ့ ကင်းကွာတယ်။ အလွန်အမင် အဆိုးမြင်တယ် ဆိုတာမျိုးကိုလဲ ကျမတို့ မလိုလားဘူး။ အကောင်းမြင်တယ်၊ အဆိုးမြင်တာထက် လက်တွေ့ဖြစ်နေတာတွေကို သေသေချာချာ နိုင်ငံခြားရေး မူဝါဒကို ဖော်ဆောင်နေတဲ့ သူတွေဆီကို ကျမတို့ messaging ပေးနိုင်ဖို့က အရေးကြီးတယ်လို့ ကျမတို့က ယူဆတယ်။ ဆိုတော့ အဝေးကကြည့်တာတွေ၊ အနီးက ကြည့်တာတွေဆိုတာထက် Ground လက်တွေ့မှာ ဘာဖြစ်နေလဲ။ ဒီအယူအဆ ချဉ်းကပ်ပုံတွေက အောင်မြင်ရဲ့လား။ ဒီချဉ်းကပ်ပုံတွေက ဗမာပြည်ရဲ့ လက်ရှိ ပကတိအခြေအနေကို အထောက်အပံ့ ဖြစ်ရဲ့လား။ ပိုဆိုးသွားစေလား ဆိုတဲ့ဟာမျိုးကို သူတို့အချိန်နဲ့အမျှ ပြန်သုံးသပ်နိုင်အောင် update ဖြစ်တဲ့ သတင်းအချက်အလက်တွေ၊ ဖြစ်ရပ်တွေကို အမြဲတမ်း စဉ်ဆက်မပြတ် ဆွေးနွေးပေးနိုင်ဖို့လိုတယ်။ ဒါမှ နိုင်ငံခြားရေးပိုင်း မူဝါဒကို ဘာပဲပြောပြော မူဘောင်တွေ ချမှတ်တဲ့အခါမှာ မှန်ကန်တဲ့ လက်တွေ့ဘာဖြစ်နေလဲ။ အမှန်အတိုင်း ဖြစ်နေတာတွေကို သိဖို့လိုတယ်။ မြန်မာအစိုးရ၊ အတိုက်အခံတွေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်း အသံပေါင်းစုံတွေကို သူတို့ ကြားဖို့ နားထောင်ဖို့ လိုတယ်။ ဒါမှ ဒီအင်အားစုတွေနဲ့ ပူးပေါင်းပြီးတော့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို သွားနိုင်မှာဖြစ်တယ်။ မဟုတ်လို့က တဘက်တည်းကို နားထောင်မယ်။ အစိုးရ officials တွေနဲ့ တွေ့မယ်။ ဒါမှမဟုတ် တဘက်ကလဲ အတိုက်အခံတွေနဲ့ပဲ တွေ့မယ်။ တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့မယ်ဆိုရင် သူတို့ အသံတခုပဲ ကြားရမယ်။ ဒါဆို မှန်ကန်တဲ့ မူဝါဒတွေ ချမှတ်တာတွေ ဖြစ်လာမှာ မဟုတ်ဘူး။ အဲဒါဆိုရင် နှစ်ဦးနှစ်ဖက် မကောင်းဘူး။ ကျမတို့ တိုင်းပြည်အတွက်လဲ မကောင်းဘူး။ အမေရိကန် နိုင်ငံခြားရေး မူဝါဒ အောင်မြင်မှုလဲ ရမှာမဟုတ်ဘူး။ အဓိက ကျမတို့ အခန်းကဏ္ဍကတော့ လက်တွေ့ တကယ်ဘာဖြစ်နေလဲဆိုတာကို ကျယ်ကျယ်ပြန့်ပြန့်၊ နက်နက်ရှိုင်းရှိုင်း တတ်နိုင်သမျှ ရှင်းပြနိုင်ဖို့ ဖြစ်တယ်။

မအင်ကြင်းနိုင် ။ ။ အခုလို လာပြီးတော့ တွေ့ဆုံမေးမြန်းခွင့် ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။

XS
SM
MD
LG