ကရင်နီတော်လှန်ရေး ရဲမေတဦးအနေနဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ရရှိတဲ့အထိ တိုက်ပွဲ၀င်သွားမယ်လို့ ဘူးမြာက ဗွီအိုအေကို ပြောပါတယ်။ ကရင်နီကို သွားရောက်သတင်းယူတဲ့ ခရီးစဥ်အတွင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ အခြေခံစစ်သင်တန်းစခန်းကို သွားရောက်ပြီး ကရင်နီလူငယ်တွေရဲ့ အနာဂတ်မျှော်လင့်ချက်တွေကို မအင်ကြင်းနိုင်က မေးမြန်းတင်ဆက်ထားပါတယ်။
မအင်ကြင်းနိုင် ။ ။ ကရင်နီပြည်နယ် ဒီမောဆိုမှာ ကရင်နီပြည်နယ် အမျိုးသားကာကွယ်ရေးတပ် KNDF ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို အောက်တိုဘာလ (၇) ရက်နေ့က ပြုလုပ်နေတာပါ။ ကျမတို့ VOA အနေနဲ့ သင်တန်းဆင်းပွဲ မတိုင်မီမှာ အဲဒီစခန်းကို သွားရောက်လေ့လာခွင့် ရခဲ့ပါတယ်။ ဒါကတော့ အခုဆိုရင် ကျမတို့ မြင်နေရတာက KNDF မှာ တပ်သားသစ်တွေကို သူတို့ စစ်ရေးသင်တန်းပေးနေတာ ဖြစ်ပါတယ်။ အခု ကျမတို့ ရောက်ရှိ့နေတဲ့ နေရာကတော့ ကရင်နီပြည်နယ်က KNDF ရဲ့ စစ်ရေးလေ့ကျင့်တဲ့ စခန်းတစ်ခုကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ အခုဆိုရင် တပ်သားသစ် (၃၀၀) ကျော်ကို သူတို့ စစ်သင်တန်းတွေ ပေးနေတာပါ။
ဘူးမြား ။ ။ စိန်ခေါ်မှုက တော်တော်လေးများပါတယ်။ အထူးသဖြင့် ကျမတို့က မိန်းကလေးဆိုပြီးတော့ ပိုပြီးတော့ အခုက ဒီလိုလက်နက်ကိုင်ရမယ့် အပိုင်းတွေမှာပေါ့ အထူးသဖြင့် အဲ့လိုမျိုးအပိုင်းတွေဆို တော်တော်လေး လှုပ်ခတ်တယ်။ ပြီးတော့ ပေးဆပ်မှု့တွေလည်း တော်တော်လေး အများကြီးရရှိခဲ့ပါတယ်။ ပြီးတော့ ငတ်ပြတ်မှုတွေရော။ မနက်ဆို PT ထပြေးတဲ့အချိန်တွေဆို သဲအိတ်တွေနဲ့ ထမ်းရတဲ့အချိန်တွေလည်း ရှိခဲ့တယ်။ အဲဒီမတိုင်း သည်းခံစတေးခံပြီး နောက်ဆုံးတစ်လအနေနဲ့ သူတို့ သဲအိတ်တွေ ထမ်းခိုင်းတယ်။ တော်တော်လေး ပင်ပန်းခဲ့တယ်။ လာတက်ရခြင်းရဲ့ ရည်ရွယ်ချက်က အခု စစ်သင်တန်းကို လူငယ်တိုင်း တက်သင့်တယ်။ ပြီးတော့ ဒီအာဏာရှင်ကို အခုလိုမျိုး တိုက်ထုတ်ဖို့ ကိုယ့်မှာ လုပ်သလောက် အစွမ်းအစတွေနဲ့ အဲ့လိုမျိုးရှင့်။
မေး ။ ။ စစ်သင်တန်းတွေမှာဆိုရင် သေနတ်ပစ်လေ့ကျင့်တာတွေလည်း တွေ့ရတယ်ဆိုတော့ ဒီလိုမျိုး ငယ်ရွယ်တဲ့ အမျိုးသမီးတယောက်အနေနဲ့ ကိုယ်ကိုယ်တိုင် သေနတ်ကိုင်ပြီး ပစ်ရတဲ့ အတွေ့အကြုံအနေနဲ့ ဘယ်လိုရှိလဲ။
ဖြေ ။ ။ စစချင်းတော့ မကိုင်သေးခင်တုန်းကတော့ ကိုယ်တိုင်လည်း သေနတ်ကို တစ်ခါမှလည်း မတွေ့ဖူးဘူး။ ကိုင်လည်းမကိုင်ဖူးဘူးဆိုတော့ ဒီမှာရောက်တော့ စစချင်း ပစ်ရမယ်ဆိုတော့ စိတ်လှုပ်ရှားတယ်။ ပြီးတော့ မပစ်နိုင်မှာလည်းစိုးတယ်။ မကိုင်ရဲဘူး။ နောက်ပြီးတော့ စိတ်တွေ အဲ့လို ထပ်ခါထပ်ခါ လာတယ်ပေါ့နော်။ အဲဒီလိုမျိုး စိန်ခေါ်မှုတွေ ရှိတယ်။ ပြီးတော့ တကယ်တမ်း သေနတ်တွေတော့ အချိန်ကျတော့ ဘာမှမဖြစ်တော့ဘူး။ ကိုင်ချင်စိတ် ပေါက်လာတယ်။ ပြီးတော့ ပစ်လည်းပစ်ရော ပစ်မှတ်ထိလား၊ မထိလားတော့ မသိဘူး ထပ်ပြီးတော့ ပစ်ချင်စိတ် ပေါက်လာတာပေါ့။
မေး ။ ။ အဒီတော့ သမီးတို့ အခုသင်တန်းမှာ အခုလိုမျိုး ရိက္ခာထောက်ပံ့တာ သမီးတို့ ကျွေးတာတွေပေါ့။ အဲဒီလိုမျိုး မစားခင်မှာလည်း ကျေးဇူးတင်ကြောင်း၊ အဲဒီလိုမျိုး တွေ့တဲ့အခါကြတော့ ဒီလိုသင်တန်းသားတွေကို အခုလို ချက်ပြုတ်ကျွေးမွေးတဲ့ အပိုင်းကကော ဘယ်လိုရှိလဲ။
ဖြေ ။ ။ စားတဲ့အခါကြတော့ တော်တော်လေး အဆင်ပြေပါတယ်။ ဒါက စစ်သင်တန်းဆိုတော့ အဲဒီလောက်တော့ ရှိမှာပေါ့။ တခြားအပတ်စဥ်တွေထက်တော့ ပိုပြီးတော့သာတာပေါ့။ တပတ်ကို အသားတွေလည်း စားရတယ်။ တစ်ခါနှစ်ခါပေါ့။
မေး ။ ။ သမီးက ဖယ်ခုံဘက်က လာတာဆိုတော့ ဖယ်ခုံဘက်မှာကော စစ်မှုထမ်း ဥပဒေပေါ့ စစ်ကောင်စီကနေ အတင်းအကြပ် လူငယ်တွေကို စစ်သားအဖြစ် အတင်းအကြပ် စုဆောင်းမှု့တွေကော ဘယ်လို ထိရောက်မှုတွေ သက်ရောက်မှုတွေ ရှိလား။
ဖြေ ။ ။ ကျမတို့က ဖယ်ခုံ အရှေ့ဘက်ခြမ်းဆိုတော့ စစ်ကောင်စီ လုံးဝအုပ်စိုးရတဲ့နယ်မြေ မဟုတ်သေးလို့။ အဲဒီလိုမျိုးတော့ မရှိဘူး။ အခု PDF တွေ ပိုင်တဲ့နယ်မြေမှာပဲ နေနေတယ်။ ဒီကနေခွင့်ရလို့ပေါ့နော်။
မေး ။ ။ သမီးတို့ကိုကော ဒီလို စစ်သင်တန်းတက်ဖို့ အတင်းအကြပ် စုဆောင်းတာလား။ သမီးကိုယ်တိုင် စစ်သင်တန်းတက်ချင်လို့ တက်တာလား။
ဖြေ ။ ။ အတင်းအကြပ် စုဆောင်းတာတော့ မဟုတ်ဘူးရှင့်။ ကိုယ့်စိတ်နဲ့ကိုယ် လာတာပါ။ အဲဒီလိုမျိုး တွန်းလှန်ချင်လို့ တိုက်ချင်လို့။
မေး ။ ။ အဲဒီတော့ အခု KNDF ရဲ့ သစ္စာအဓိဌာန် (၅) ချက်ပေါ့နော်။ သမီးတို့ မနက်တိုင်း ဆိုနေရတဲ့အခါကြတော့ သစ္စာအဓိဌာန် (၅) ချက်နဲ့ ပတ်သက်ပြီးတော့ရော သမီး ဘယ်လိုမြင်လဲ။
ဖြေ ။ ။ သစ္စာအဓိဌာန် (၅) ချက်က တော်တော်လေးထိတယ်ပေါ့နော်။
မေး ။ ။ သမီးတို့ ရည်မှန်းချက်တွေနဲ့ကော ကိုက်လား။
ဖြေ ။ ။ တော်တော်လေး ကိုက်ပါတယ်။ အထူးသဖြင့် နံပါတ် (၄) အချက်ပေါ့နော်။ ငါတို့သည် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ရောက်ရှိရေးအတွက် တိုက်ပွဲဝင်နေသည်။
မေး ။ ။ အခုလို ကိုယ်တိုင် တော်လှန်စစ်ခုခံတဲ့ တိုက်ပွဲမှာ ပါဝင်တဲ့အခါကြတော့ ကိုယ့်ရဲ့ မျှော်လင့်ချက်ပေါ့နော်။ အဲ့ဒါကကော ဘာရှိလဲရှင့်။
ဖြေ ။ ။ အခုလည်း ခရီးတော်တော် ရောက်နေပြီပေါ့နော်။ ဒီအာဏာရှင်က အဲဒီလိုမျိုး သမီး ယုံကြည်တယ်ပေါ့နော်။ ဒါ လုံးဝအမြစ်ပြတ်မယ်ပေါ့။ မကြာခင်မှာ အမြစ်ပြတ်တော့မယ်ပေါ့။
ဘာကြောင့်လာပြီး တက်ရောက်ဖြစ်လဲဆိုတော့ စစ်အာဏာသိမ်းလို့ ကျနော်တို့ ဒီဟာကို စစ်အာဏာသိမ်းတာကို ပုန်ကန်ချင်လို့ စစ်ပညာကို လာပြီးတော့ သင်ဖြစ်တာပါ့။
မေး ။ ။ အဲဒီတော့ ဒီစစ်သင်တန်း တက်ရောက်တဲ့အခါမှာရော ဘယ်လို စိန်ခေါ်မှုတွေ ကြုံခဲ့ရလဲ။
ဖြေ ။ ။ စိန်ခေါ်မှုတွေကတော့ အများကြီးပါ။ ဘာလို့ဆို ကျနော်တို့လည်း ဒီသင်တန်း စစ်ပညာအနေနဲ့ကလည်း မရင်းနှီးဘူး။ အတွေ့အကြုံကလည်း မရှိဘူး။ ကျနော်တို့ ပင်ပန်းတယ်၊ ဆင်းရဲတယ်။ ကျနော်တို့ တော်တော်ကြီး ကြိုးစားရတာပေါ့။
မေး ။ ။ စစ်အာဏာသိမ်းတဲ့အတွက် ကိုယ်တိုင်ကြုံခဲ့ရတဲ့ အခြေအနေပေါ့နော်။ ဥပမာ ကိုယ့်မိသားစုရဲ့ ဘဝ အခြေအနေကို ထိခိုက်မှုတွေ၊ သက်ရောက်မှုတွေ ရှိခဲ့လဲ။
ဖြေ ။ ။ ဟုတ်ကဲ့ ထိခိုက်မှု့တွေကတော့ အများကြီးဗျ။ ကျနော်တို့ လူငယ်အိပ်မက်တွေ ပျက်စီးသွားတာပေါ့။ ကျနော်တို့ မိဘဆိုလည်း နှစ်ပေါင်းဆယ်နဲ့ချီပြီးတော့ စုဆောင်းထားတဲ့ ကျနော်တို့အတွက် ကျနော်တို့ သင်ယူထားတဲ့ ပညာတွေကတော့ ဘာမှ အခုချိန်မှာတော့ အဆင်မပြေတော့ဘူးပေါ့နော်။ ကျနော်တို့အတွက် ထိခိုက်နစ်နာမှုတွေတော့ အများကြီး ရှိတာပေါ့။ အဓိကကတော့ ကျနော်တို့ လူငယ်တွေရဲ့ အနာဂတ် အိပ်မက်တွေ ပျက်စီးသွားတာပေါ့။
မေး ။ ။ စစ်သင်တန်းပြီးရင်ရော ရဲဘော် ဘာဆက်လုပ်ဖို့ ရှိလဲ။
ဖြေ ။ ။ စစ်သင်တန်းပြီးရင် ကျနော်တို့ ရှေ့တန်းတက်ပြီးတော့ တိုက်ပွဲဝင်မှာပေါ့။
မေး ။ ။ တဘက်မှာကြတော့ အခုလို စစ်သင်တန်းတွေကို တက်ရောက်တဲ့ဟာပဲဖြစ်ဖြစ် ဒီ စစ်ကောင်စီဘက်က ပြောနေတာက ဒီလို KNDF တို့ ဘာတို့က ဒီလို အကြမ်းဖက်အဖွဲ့အစည်းတွေ ဖြစ်တယ်။ တပ်သားတွေ အတင်းအကြပ် စုဆောင်းတယ်ဆိုတာမျိုး စစ်ကောင်စီဘက်က စွပ်စွဲချက်တွေလည်း ရှိတယ်။ အဲဒီတော့ ရဲဘော်ရဲ့ အတွေ့အကြုံအရဆိုရင်ရော အဲဒီလို အတင်းအကြပ် စုဆောင်းခံရလား။ ဘယ်လိုရှိလဲရှင့်။
ဖြေ ။ ။ ကျနော်တို့ ဒီသင်တန်းကကြတော့ ဘယ်သူ တစ်ဦးတစ်ယောက်မှ အတင်းအကြပ်ခေါ်လို့ လာခိုင်းလို့လာတာ မဟုတ်ဘူး။ ဆန္ဒက စစ်ကောင်စီကို တော်လှန်ချင်တယ်။ ကျနော်တို့ တော်လှန်ချင်တော့ စစ်ပညာကို တက်မှဘဲ ပြန်ပြီးတော့ ခုခံနိုင်မယ်ပေါ့နော်။ အဲဒီတော့ ကျနော်တို့ ဒီစစ်သင်တန်းကို လာတက်ရောက်ချင်း ဖြစ်တယ်။ စစ်ကောင်စီကတော့ စစ်မှုမထမ်း မနေရဆိုတော့ အမိန့်အနေနဲ့ပေါ့။ မတက်ချင်လည်း တက်ရမယ်၊ မလုပ်ချင်လည်း လုပ်ရမယ်။ ဒီမှာကြတော့ ကျနော်တို့က စိတ်ပါလက်ပါနဲ့ တက်ရတယ်။ ဟိုမှာကြတော့ စိတ်မပါလည်း သွားရတာပေါ့။ အဲ့လိုမျိုးကွာတာပေါ့။
မအင်ကြင်းနိုင် ။ ။ ကရင်နီပြည်နယ်ဟာ အခြားပြည်နယ်တွေနဲ့ နှိုင်းယှဥ်မယ်ဆိုရင် သေးငယ်ပေမယ့် စစ်ကောင်စီ ကင်းစင်တဲ့ နယ်မြေတွေအများအပြား ရှိနေသလို၊ အခုလို စစ်သင်တန်းတွေရဲ့ စခန်းတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်နေတဲ့နေရာမှာ အားအကောင်းဆုံး ပြည်နယ်တစ်ခုအဖြစ်လည်း မြန်မာ့အရေး ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်ရှင်။
Forum