ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာဆွေးနွေးပွဲ အစီအစဉ်မှာတော့ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက်ဆိုရင် ဗဟိုအစိုးရက အာဏာကို လျှော့ချပြီး ပြည်နယ်နဲ့ တိုင်းတွေကို လုပ်ပိုင်ခွင့်အာဏာနဲ့ ဘဏ္ဍာရေးတွေပါ အပြည့်အဝ ပေးဖို့လိုအပ်တယ်လို့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အထွေထွေအတွင်းရေးမှုး ဦးပူဂင်ကမ်လျန်က ပြောဆိုပါတယ်၊ ခရစ်ယာန်ဘာသာဝင် ၉၂ ရာခိုင်နှုန်းလောက် ရှိနိုင်တဲ့ ချင်းပြည်နယ်က ဘာသာရေး လွတ်လပ်ခွင့်အခြေအနေ၊ ရွေးကောက်ပွဲမှာ ချင်းပြည်ကိုယ်စားပြု ကိုယ်စားလှယ်တွေ ဝင်ရောက်ပြိုင်ဆိုင်ဖို့ ပြင်ဆင်နေတဲ့ အခြေအနေတွေကို ဦးပူဂင်ကမ်လျန် နဲ့ ရန်ကုန် VOA ရုံးခွဲတာဝန်ခံ ဒေါ်ခင်စိုးဝင်းတို့ တေ့ွဆုံဆွေးနွေး တင်ပြထားပါတယ်၊
ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါရှင်။ အခုလိုမျိုး ဦးပူဂင်ကမ်လျန်အနေနဲ့ ကျမတို့ဆီလာပြီး တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။
ဦးပူဂင်ကမ်လျန် ။ ။ ကျနော်လည်း ကျေးဇူးတင်ပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ဦးပူဂင်ကမ်လျန်တို့ ပါဝင်တဲ့ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပါဝင်ဖို့အတွက် ဘာတွေများ ပြင်ဆင်ထားပါလဲရှင့်။
ဦးပူဂင်ကမ်လျန် ။ ။ ကျနော်တို့က လက်ရှိအနေအထားမှာ ရပ်ကျေးတွေကို ဆိုင်ဘုတ်တင်ပြီးတော့ ရုံးတွေဖွင့်နေပါတယ်။ အဲဒီလို ပြင်ဆင်ထားပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်ပြီးပါပြီလားရှင့်။
ဦးပူဂင်ကမ်လျန် ။ ။ မှတ်ပုံတင်ပြီသား။ ဒါပေမဲ့ ရွေးကောက်ပွဲ ကော်မရှင်က ဘယ်နေ့ဘယ်ရက်ဆိုတာကို တိတိကျကျ မထုတ်ပြန်သေးဘူး။ ဥပဒေနဲ့ နည်းဥပဒေတော့ ထုတ်ပြီ။ ဒါပေမဲ့ ရက်တော့ အတိအကျ မလာသေးဘူး။ အဲဒါ တခုပါပဲ။
ဒေါ်ခင်စိုးဝင်း ။ ။ ပါတီဝင်အင်အားက ဘယ်လောက်လောက် ရှိပါသလဲ။
ဦးပူဂင်ကမ်လျန် ။ ။ ပါတီဝင်အင်အားကတော့ အခုထိတော့ ရန်ကုန်၊ ကလေး၊ တမူး၊ တီတိန်၊တွန်းဇံ၊ ကျီးခါးအထိ နှစ်သောင်းလောက် ကျော်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ နောက်ထပ်ပါတီဝင်တွေ ဖောင်တွေမပေးတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တချို့ပါတီဝင်တိုင်းလဲ မဲပေးတာ မဟုတ်ဘူးလေ။ တချို့ပါတီမဝင်လဲ မဲပေးနေတယ်ဆိုတော့ အလုပ်တခု ပိုနေတော့ ဒီအတိုင်းပဲ ထားလိုက်တယ်။ တစ်သောင်းခွဲလောက်တော့ ရှိပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ကိုယ်စားလှယ်လောင်း ဦးရေဘယ်လောက်လောက် သတ်မှတ်ထားပါသလဲ။
ဦးပူဂင်ကမ်လျန် ။ ။ ကျနော်တို့က တီတိန်၊တွန်းဇံ၊ ကျီးခါး ပေါင်းမယ်ဆိုရင် (၉) ယောက်လောက် ပြည်နယ်အဆင့်မှာ။ ကလေး၊ တမူး ပါပါမယ်ဆိုရင် အားလုံးပေါင်း အယောက် (၂၀) လောက် ရှိပါတယ်။ ပြည်နယ်တိုင်းနဲ့ အမျိုးသားပြည်သူ့လွှတ်တော်ပေါင်း အယောက် (၂၀) လောက် ရှိပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ကျမတို့ အတွေ့အကြုံ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အတွေ့အကြုံရဆိုရင် တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားပါတီတွေကို ဒီဒေသခံ လူမျိုးအချင်းချင်း တိုင်းရင်းသားအချင်းချင်းက အားပေးထောက်ခံကြတာ ရှိပါတယ်။ အဲဒီတော့ ဒီအောင်နိုင်ရေးအတွက် အလားအလာ ဘယ်လောက်လောက် ရှိပါလဲ။
ဦးပူဂင်ကမ်လျန် ။ ။ ကျနော်တို့က ရွေးကောက်ပွဲကိစ္စကတော့ မဖြစ်မနေ ကြုံရမယ့် မှတ်တိုင်တခုပါ။ ဒါပေမဲ့ ဝင်ဖို့တော့ ပြင်ဆင်ထားတယ်။ တကယ်တမ်း ဝင်မဝင်ဘူးဆိုတာ ကျနော်တို့ ပါတီတခုတည်းနဲ့ ဆုံးဖြတ်လို့ မရပါဘူး။ ကျနော်တို့ ပူးပေါင်းပါဝင်နေတဲ့ UNA ဆိုတဲ့ Alliances အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာလည်း ကျနော်တို့က ဆက်လက်သွားဖို့ အစီအစဉ်ရှိပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ တိုင်းရင်းသားတွေကို နယ်တွေမှာ၊ ကိုယ့်ဒေသမှာ သွားပြီးတော့ စည်းရုံးရေးဆင်းမယ်ဆိုလို့ရှိရင် ဘယ်လို မဟာဗျူဟာတွေ ချထားပါလဲ။ အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ပါလား။
ဦးပူဂင်ကမ်လျန် ။ ။ အခက်အခဲကတော့ အစိုးရပိုင်းနဲ့ ပတ်သက်ပြီးတော့ ကော်မရှင်မှာ စာတင်တာတို့ဘာတို့ အခက်အခဲတော့ ရှိတယ်လေ။ အဲဒါပါပဲ။ ကျန်တာတော့ ဘာမှမရှိပါဘူး။
ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ တိုင်းရင်းသား ကိုယ့်တိုင်းရင်းသားလူမျိုးတွေကြားမှာ နိုင်ငံရေးအသိအမြင်၊ အသိပညာ ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးနိုင်ပါပြီလားရှင့်။
ဦးပူဂင်ကမ်လျန် ။ ။ ကျနော်တို့က ဆက်သွယ်ရေး ခက်ခဲတဲ့အတွက်ကြောင့် အားလုံးတော့ မဟုတ်ဘူး။ တော်တော်များများ လူငယ်တွေ ကိုယ့်အမျိုးသားပါတီနဲ့ ဘာဖြစ်လို့ ရပ်တည်သလဲဆိုတာကို အဓိက ရှင်းပြပါတယ်။ ပြီးတော့ မြန်မာပြည်အနေအထားက လက်ရှိအနေအထားက ဖွဲ့စည်းပုံ ခိုင်ခိုင်မာမာ၊ ကောင်းကောင်းလေး မရှိတဲ့အတွက်ကြောင့် ဖွဲ့စည်းပုံကို ဖယ်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ ရေးဆွဲဖို့ ကျနော်တို့က စည်းရုံးရေး အဓိကပြောပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ဖယ်ဒရယ်ပြည်ထောင်စုမူနဲ့ ပတ်သက်ပြီးတော့ ဇိုမီးအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရပ်တည်ချက် သဘောထားလေး သိပါရစေ။
ဦးပူဂင်ကမ်လျန် ။ ။ အဲဒါတော့ ကျနော်တို့ပါတီကလဲ ၁၉၈၈ ကတည်းက ထုတ်ပြန်ထားတာ ရှိပါတယ်။ (၁) ပြည်ထောင်စုအနေနဲ့ ဖွဲ့စည်းတဲ့ နိုင်ငံတော် ဖြစ်ရမယ်။ လွှတ်တော်နှစ်ရပ် ထားရှိမယ်။ ပြီးရင် လွှတ်တော်နှစ်ရပ်ရဲ့ အာဏာ - အထက်လွှတ်တော်၊ အောက်လွှတ်တော် အာဏာတူရမယ်။ ပြီးတော့ အထက်လွှတ်တော်ကို တူညီတဲ့ ကိုယ်စားလှယ်တွေ စေလွှတ်ဖို့။ ပြီးရင် ဗဟိုအစိုးရအာဏာကို လျှော့ချပြီးတော့ ပြည်နယ်အစိုးရကို အာဏာအများဆုံး ပေးဖို့ အဓိက (၄) (၅) ချက်လောက်ထားပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အခု လွှတ်တော်နဲ့ ဆက်စပ်ပြီးတော့ ပြောရရင် အခု အမျိုးသားလွှတ်တော်မှာ ဆွေးနွေးနေတဲ့ မျိုးစောင့်ဥပဒေနဲ့ ပတ်သက်တဲ့ အဲဒီထဲက တခုဖြစ်တဲ့ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနဲ့ ပတ်သက်ပြီးတော့ ဇိုမီးအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားက ဘယ်လို ရှိပါလဲ။
ဦးပူဂင်ကမ်လျန် ။ ။ ကျနော်တို့ သဘောထားကတော့ ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတာ ရှိပါတယ်။ အချက် (၄) ချက်ပါတယ်။ (၁) သူတို့ ဆွေးနွေးတာကတော့ ကိုးကွယ်မှုဆိုင်ရာ ဘာသာကူးပြောင်းခြင်းပြောတယ်။ အရင်တုန်းကတော့ မျိုးစောင့်ဥပဒေ။ အဲဒီမှာ သူတို့ ဆွေးနွေးနေတာ ဘာသာကူးပြောင်းခြင်း၊ လက်ထပ်ထိမ်းမြားခြင်း၊ လူဦးရေထိန်းချုပ်မှု၊ (၃) ခုလား မသိဘူးပါတယ်။ ဒီထဲမှာတော့ အဓိက ဘာသာရေးနဲ့ ပတ်သက်ပြီး မရေးထားပါဘူး။ ဘာသာနဲ့ ပတ်သက်လို့ ကျနော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံမှာ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ နေထိုင်တဲ့အတွက်ကြောင့် ဒီလို ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေက ပြဌာန်းဖို့ မလိုအပ်ဘူးလို့ ကျနော်တို့က လက်ခံတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၆၀ ခုနှစ်တုန်းက ဖဆပလ အစိုးရကနေ ပြည်ထောင်စုအစိုးရက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာဆိုပြီး လုပ်လိုက်တော့ အဲဒီမှာ ကေအိုင်အေ ဆိုတာ ပေါ်လာတယ်။ ဒါကြောင့် မလုပ်သင့်တဲ့ လုပ်ရပ်တခုလို့ ကျနော် မြင်တယ်။ ဒုတိယအချက်အနေနဲ့ အဓိက လိုအင်ချက်က ထိမ်းမြားလက်ထပ်ခြင်းတို့ ဘာတို့၊ ဘာသာကူးပြောင်းခြင်းတို့က အဓိက မဟုတ်ဘူး။ ဖွဲ့စည်းပုံ ပြဿနာ ဖြစ်နေတာ။ ဖွဲ့စည်းပုံ ပြင်ပါဆိုပြီး ကျနော်တို့က သဘောထား ကြေညာတာပါ။
ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥ့ပဒေအရ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရှိတယ်ဆိုပြီးတော့ ပါပါတယ်။ အဲဒီလို ရှိနေတဲ့အချိန်မှာ ကျမတို့ ပြီးခဲ့တဲ့ အပတ်တုန်းက ကြားခဲ့ရတာ ဘာလဲဆိုတော့ ချင်းပြည်နယ်မှာ ဖြစ်သွားတဲ့ လက်ဝါးကပ်တိုင်ကိစ္စ။ ဖယ်ခိုင်းတဲ့ကိစ္စ။ ဒါကတော့ ပြည်နယ်အစိုးရအနေနဲ့ ဒါက သာသနိကမြေ မဟုတ်တဲ့အတွက်ကြောင့် သူတို့က ဒါကို ကန့်ကွက်ပြီးတော့ ဖယ်ခိုင်းတာလို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အဆုံးမှာတော့ နောက်ဆုံးပြေလည်မှု ရသွားတယ်လို့ ကြားပါတယ်။ အဲဒီလို ဖြစ်ရတဲ့အကြောင်းရင်းက ဘာကြောင့်များပါလဲရှင့်။
ဦးပူဂင်ကမ်လျန် ။ ။ အဲဒါလဲ ကျနော်တို့ တိုင်းရင်းသားလူမျိုးစုများအနေနဲ့ ဗဟိုအစိုးရဆီကို ကျနေုာ်တို့ အယုံအကြည်မရှိတာ တခုလည်းပါတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အခုတင်မဟုတ်ဘူး လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅) နှစ်လုံးလုံး စစ်အစိုးရလက်ထက်မှာလည်း ခဏခဏ လုပ်တယ်။ ဥပမာ ကျနော်တို့ တီးတိန်မြို့မှာဆိုရင် လက်ဝါးကပ်တိုင်တခု စိုက်ထူးတယ်။ အဲဒါကလည်း သာသနာပိုင်မြေမှာစိုက်တယ်။ ဗိုလ်ချုပ်မှူးကြီးမောင်အေး Helicopter ရောက်လာတော့ မျက်စိနှောက်တယ်လို့ ပြောတာနဲ့ ချက်ချင်းကို ဖြိုခိုင်းတယ်။ တွန်းဇံမှာလည်း အလားတူ ဖြစ်တယ်ဆိုတော့ ဒါက ပေါ်လစီလား။ ဒါမှမဟုတ် လူတယောက်ချင်းရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ လုပ်နေသလားဆိုတာ စဉ်းစားစရာလည်း ဖြစ်တယ်လေ။ ပြီးတော့ လက်ဝါးကပ်တိုင်ဆိုတာ ခရစ်ယာန်ဘာသာဝင်များအနေနဲ့ အမြတ်တနိုးထားတဲ့ အထိမ်းအမှတ်တခု။ ဘာမှ အနှောင့်အယှက်လဲ မရှိပါဘူး။ အဲဒါ တော်တော်လေး စဉ်းစားရခက်တယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အခုနောက်ပိုင်းမှာ လက်ဝါးကပ်တိုင်တွေဆောက်ပြီး အထိမ်းအမှတ်။ ဘာသာရေး အထွဋ်အမြတ် လုပ်မယ်ဆိုရင် သူတို့ ရှေ့ဆက်ပြီး အရေးယူတာတွေ ဘာတွေ လုပ်အုံးမယ်လို့ ယူဆပါလားရှင့်။
ဦးပူဂင်ကမ်လျန် ။ ။ သူတို့ကတော့ ဥပဒေမှာတော့ မပြဌာန်းဘူးလေ။ နည်းမျိုးစုံနဲ့ ပိုင်ဆိုင်တဲ့ နယ်မြေခံတွေ ရှိတာတို့၊ ဘာတို့ အကြောင်းပြတာပဲ။ ကျနော်တို့ ခံစားရတာကို ရှင်းရှင်းပြောမယ်ဆိုရင် တခြားသော ဘာသာတွေလည်း ဒီလို ခွင့်ပြုချက်နဲ့ လုပ်တာမဟုတ်တာ။ ဥပမာ ကျနော်တို့ ချင်းပြည်နယ် တချို့တောင်ပေါ်တွေမှာ စေတီတွေ တည်နေတာ။ ခွင့်ပြုချက်တောင်းတာလဲ မကြားဖူးဘူး။ သူဘာသာ တပ်ကလုပ်သွားတာ။ အဲဒါတွေနဲ့ တွက်ကြည့်မယ်ဆိုရင် ဒါက မညီမျှတဲ့ ဘာသာရေး ခွဲခြားဆက်ဆံတဲ့ သဘောမျိုးသက်ရောက်တယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ဟိုတုန်းက ကြားဖူးပါတယ်။ မြန်မာဗုဒ္ဓဘာသာ ဘုန်းကြီးတွေက တောင်တန်းသာသနာပြုဆိုပြီးတော့ ချင်းခရစ်ယာန် ဘာသာဝင်တွေကို အတင်းအဓမ္မ ဗုဒ္ဓဘာသာထဲကို ကူးပြောင်းခိုင်းတာတွေ ရှိပါသေးလား။ ကြားဖူးလို့ပါ။
ဦးပူဂင်ကမ်လျန် ။ ။ အဲဒါတော့ မရှိဘူး။ တချို့ ဗုဒ္ဓဘာသာ ဖြစ်သွားတဲ့ လူတွေ၊ ပုဂ္ဂိုလ်တွေကတော့ ရိုးရာနတ်ကိုးကွယ်တဲ့ လူတွေများပါတယ်။ တကယ့် ခရစ်ယာန်ကနေ ဗုဒ္ဓဘာသာ ဖြစ်သွားတာ မရှိသလောက်ပါပဲ။
ဒေါ်ခင်စိုးဝင်း ။ ။ အခု သာသနာပြု ပုဂ္ဂိုလ်တွေ ခရစ်ယာန်သာသနာပြု ပုဂ္ဂိုလ်တွေအနေနဲ့ကော ဒေသထဲမှာ လှုပ်ရှားသွားလာပြီး သာသနာပြုရတာ အဆင်ပြေပါရဲ့လားရှင့်။
ဦးပူဂင်ကမ်လျန် ။ ။ အဆင်ပြေတယ်။ ဒါပေမဲ့ ကျနော်တို့ အသင်းတော် နှစ်ပတ်လည် အစည်းအဝေးတို့ ဘာသာရေး အစည်းအဝေးလုပ်တဲ့အခါ ခွင့်ပြုချက် တင်ရတယ်။ တခါတလေ ခွင့်ပြုချက်က မကျလာတာ ဖြစ်တတ်တယ်။ နှောင်နှေးမှုတွေ၊ ကြန့်ကြာမှုတွေ ဖြစ်တာတော့ ကနေ့အထိ ရှိနေတုန်းပါပဲ။
ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ ချင်းပြည်နယ်မှာ တခြားဘာသာဝင်တွေကော နေပါသလား။ ဥပမာ အစ္စလာမ်ဘာသာဝင်တွေ ရှိပါလား။
ဦးပူဂင်ကမ်လျန် ။ ။ အစ္စလာမ်တော့ မရှိဘူး။ ဗုဒ္ဓဘာသာကတော့ မတူပီ၊ မင်းတပ်ပိုင်းမှာတော့ ရှိပါတယ်။ သိပ်အများကြီးတော့ မဟုတ်ဘူး။ တခြားမြို့နယ်မှာတော့ နိုင်ငံတော်ဝန်ထမ်း၊ အစိုးရဝန်ထမ်းတွေ ပြည်မကလာတဲ့ ပုဂ္ဂိုလ်တွေလောက်ပဲ ရှိပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အများစုကတော့ ခရစ်ယာန်ဘာသာ ကိုးကွယ်တဲ့လူတွေပေါ့။
ဦးပူဂင်ကမ်လျန် ။ ။ ၉၂ ရာခိုင်နှုန်းလောက် ခရစ်ယာန် ဖြစ်ဖို့များမယ်။ ကျန်တာတော့ နတ်ကိုးကွယ်တယ်။ ဘာသာမရှိတာလည်း ရှိပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အခု ချင်းပြည်နယ်မှာ အကြမ်းဖျဉ်းအားဖြင့် လူဦးရေ ဘယ်လောက်လောက် ရှိပါသလဲရှင့်။
ဦးပူဂင်ကမ်လျန် ။ ။ အခု Census မှာ လေးသိန်းကျော်လောက် ရှိမယ်ထင်တယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ဆိုတော့ ပြီးခဲတဲ့ သန်းခေါင်စာရင်း ကောက်ယူရေးမှာ သူတို့ ချင်းတောင်ဆိုတာကလဲ တနေရာနဲ့ တနေရာ သွားလာရတာ ခက်ခဲတော့ နှံ့နှံ့စပ်စပ် ကောက်နိုင်ခဲ့ပါလား။
ဦးပူဂင်ကမ်လျန် ။ ။ ကောက်တော့ ကောက်နေတယ်။ ဒါပေမဲ့ တချို့ကြတော့ တိကျမှန်ကန်တဲ့ စာရင်းတော့ ရချင်မှလဲရမယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့က ကွင်းဆင်းနေပေမယ့် လက်ရှိ သန်းခေါင်စာရင်းအတိုင်း ကောက်နေတာ။ ကောက်နေတော့ တချို့ကလဲ ကျနော်တို့ဆီမှာ စီးပွားရေး ခက်ခဲတော့ ပြည်ပထွက်တာများတယ်။ အဲဒီလူတွေလဲ ပါရင်ပါသွားမှာပေါ့။ ဒါတွေရှိပါတယ်။ ပြီးတော့ အခုလွှတ်တော်မှာ ဆွေးနွေးနေတဲ့အထဲမှာလဲပါတယ်။ လူဦးရေ ထိန်းချုပ်မှုဆိုတဲ့နေရာမှာ ကျနော်တို့ ခံစားရတာကတော့ အခုလက်ရှိ လူဦးရေက ကျနော်တို့မှန်းတာ သန်း (၆၀) လောက်မှန်းတာ။ တကယ်တမ်း သန်းခေါင်စာရင်းမှာသန်း (၅၂) သန်းလောက်ပဲ ရှိတယ်ဆိုတော့ (၈) သန်းလောက် ပျောက်နေတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် ချင်းပြည်နယ်မှာလဲ ဥပမာ တီးတိန်မြို့နယ်မှာ ဟိုတုန်းက တသိန်းနီးနီး ရှိတယ်။ အခုကောက်လိုက်တော့ (၈) သောင်း (၈) ထောင် ရှိတယ်။ တော်တော်လျော့တယ်။ တကယ်တမ်း ပြောမယ်ဆိုရင် လူဦးရေ ထိန်းချုပ်ဖို့ထက် လျော့ကျနေတာကို ဘယ်လို လုပ်မလဲဆိုတာကို အဖြေရှာဖို့တောင်လိုတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ နိုင်ငံခြားထွက်ပြီးတော့ အလုပ်လုပ်နေတဲ့ လူတွေလည်း စာရင်းပြန်ကောက်ဖို့ လိုတာပေါ့။ သူတို့ပြောတဲ့အထဲမှာ အဲဒါတွေလဲ ထည့်ပြီးတော့ တွက်တယ်လို့ ပြောပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ပြောတယ်။
ဦးပူဂင်ကမ်လျန် ။ ။ ကျနော် ဆိုလိုတာက ဒီလိုပါ လျော့နေတဲ့ကိစ္စ အကြောင်းရင်းက ဘာလဲဆိုတာကကြည့်ရင် ကျနော်တို့ နိုင်ငံရေးစနစ်ကြောင့်။ ကျနော်တို့ စားဝတ်နေရေး ကြပ်တည်းလို့ ပြေးနေရတာ။ ထွက်ပြေးနေရတာ။ တချို့ကလဲ လူ့အခွင့်အရေး ချိုးဖောက်လို့ ထွက်ပြေးနေရတာ။ အဲဒါကို မလျော့အောင် ထိန်းဖို့ပဲလိုတယ်။ တိုးပွားတာကို ထိန်းတာထက် မလျော့အောင် ဘယ်လို ထိန်းမလဲဆိုတာ ပိုပြီးအရေးကြီးတယ်လို့ ကျနော်တော့ ယူဆပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အခု နိုင်ငံခြားကို ထွက်နေကြရတဲ့ဆိုတဲ့ မြန်မာတိုင်းရင်းသားတွေ အကုန်လုံးရဲ့ အခက်အခဲကလဲ မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးလို့ ထွက်ကြရတယ်ဆိုတော့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ချင်းပြည်နယ်မှာ တိုးတက်လာအောင်ဆိုပြီးတော့ ဘယ်လိုများ စိတ်ကူးရှိပါသလဲရှင့်။ ဥပမာ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ လုပ်ဖို့ဆိုရင် ဘယ်လိုလုပ်ငန်းတွေ ဦးစားပေးပြီး လုပ်ဖို့သင့်တယ်လို့ ယူဆပါလဲ။
ဦးပူဂင်ကမ်လျန် ။ ။ အဓိကတော့ ရှင်းရှင်းပြောမယ်ဆိုရင် နိုင်ငံရေးစနစ်ကြောင့်။ နိုင်ငံရေးစနစ် ကောင်းတယ်ဆိုရင် ဥပမာ ကျနော်တို့ မျှော်မှန်းနေတဲ့ ဖယ်ဒရယ် ပြည်ထောင်စုမျိုး ဖြစ်လာမယ်။ ဗဟိုအစိုးရအာဏာ လျှော့ချမယ်။ ပြည်နယ်တိုင်းတွေ အာဏာကို များများပေးမယ်ဆိုရင် ဘတ်ဂျက်၊ လုပ်ပိုင်ခွင့်တွေ အပြည့်အဝ ပေးမယ်ဆိုရင် အလုပ်အကိုင်လည်း များလာမယ်။ ဘတ်ဂျက်လည်း အများကြီး ကျလာမယ်ပေါ့။ အခု တောက်လျှောက် ဘတ်ဂျက်က ဗဟိုအစိုးရပဲ ထိန်းချုပ်ထားတာ။ အဲဒါလဲပါတယ်။ အဓိကတော့ တောင်ယာလုပ်ငန်းနဲ့ စိုက်ပျိုးသီးနှံလောက်ပဲ လုပ်ကိုင်စားသောက်လို့ရတယ်။ အဲဒီမှာတော့ နိုင်ငံတော်ကနေ နည်းပညာတွေ ပို့ချပေးဖို့လိုတယ်။ ပြီးတော့ ကျနော်တို့ အဓိကစားတဲ့ ပြောင်းကို ကမ္ဘာမှာ ဘယ်လိုမျိုးစေ့ သုံးနေလဲ စသဖြင့် လုပ်ပေးရင်တော့ အများကြီးတော့ အလုပ်ရှိလိမ့်မယ်လို့ ထင်တယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အခု ကြားနေရတာတော့ ချင်းတောင်ကို နိုင်ငံခြားသား ခရီးသည်တွေလည်း သွားခွင့်ရနေတော့ အခုတလော သွားပြီးလေ့လာနေကြပါတယ်။ နောက်ဆိုရင် ခရီးသွားလုပ်ငန်းတွေလည်း တိုးတက်လာမယ်လို့ မျှော်လင့်ရတယ်။
ဦးပူဂင်ကမ်လျန် ။ ။ ဟုတ်ကဲ့ပါ။
ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ်။ အခုလို စိတ်ရှည်လက်ရှည်လာပြီးတော့ ကျမတို့ကို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။
ဦးပူဂင်ကမ်လျန် ။ ။