ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာအစိုးရသစ် သမ္မတဦးထင်ကျော် ပြောထားတဲ့ ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ဗကသ ကျောင်းသားတွေဘက်က စည်းစည်းလုံးလုံးနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမယ်လို့ မကြာသေးခင်တုန်းကမှ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာတဲ့ ဗကသ ခေါင်းဆောင် မဖြိုးဖြိုးအောင် က ပြောပါတယ်။ တချိန်တည်းမှာပဲ ပညာရေးဝန်ကြီးသစ်အနေနဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာရေးပြုပြင်ပြောင်းလဲရေး မူဝါဒကို အကောင်အထည် ဖော်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုနဲ့ ဘဝင်မကျ ဖြစ်ရတယ်လို့လည်း ဆိုပါတယ်။ ဗကသ ဗဟိုလုပ်ငန်းကော်မတီမှ မဖြိုးဖြိုးအောင် ကို VOA ရုံးခွဲတာဝန်ခံ ဒေါ်ခင်စိုးဝင်း က ပြီးခဲ့တဲ့လ အကျဉ်းထောင်က လွတ်မြောက်ပြီး ရက်ပိုင်းအတွင်းမှာပဲ သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အခုနောက်ဆုံး ဝေဖန်နေတာကတော့ အခု ပညာရေးဝန်ကြီးအဖြစ်နဲ့ ခန့်လိုက်တဲ့ ဒေါက်တာမျိုးသိန်းကြီး အကြောင်းပေါ့။ သူကို ဘဝင်မကျကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပညာရေးလောကမှာလည်း သူကို ဘဝင်မကျတဲ့လူတွေ ရှိတယ်။ ပြီးတော့ သူက Hardliner လို့ ခေါ်မှာပေါ့။ အရင်တုန်းက စစ်အစိုးရလက်ထက်မှာ စစ်အစိုးရအကြိုက် လိုက်ခဲ့တဲ့ လူတယောက်ဆိုပြီးတော့ လူတွေက ဝေဖန်ကြတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောဖူးတာ ရှိပါတယ်။ ရွေးကောက်ပွဲကာလတုန်းကလည်း အဲဒီလိုပဲ အောက်ခြေလူထု မကျေနပ်တဲ့လူတွေကို ရွေးတဲ့အခါမှာ လူကို မကြည့်ပါနဲ့ ပြုပြင်ပြောင်းလဲရေးအတွက်ကို တွန်းအားအနေနဲ့ NLD ကို မဲထည့်ပါ။ NLD ကို ပြည်သူတွေ မဲထည့်ခဲ့ကြတယ်။ အခုတခါ အစိုးရအဖွဲ့မှာလည်း ပြည်သူလူထုအများစု မကြိုက်တဲ့လူတွေ ပါလာတယ်။ အဲဒီ ဒီလူတွေအပေါ်မှာ ဘဝင်မကျတာတွေ အများကြီးရှိတော့ ဒီလူတွေက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ သမ္မတကြီးဦးထင်ကျော်အစိုးရနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်သွားမလဲဆိုတာကို အားလုံးက စိုးရိမ်နေကြတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိန်းကြီး ခန့်တဲ့အပေါ်မှာ ဘယ်လို သုံးသပ်လို့ ရပါသလဲ။
မဖြိုးဖြိုးအောင် ။ ။ ကျမတို့ ကျောင်းသားတွေအပါအဝင် - ကျောင်းသားတွေဆိုတာ တက္ကသိုလ်အလိုက် ကျောင်းသားတွေက ဒေါက်တာမျိုးသိန်းကြီးနဲ့ ပတ်သက်လို့ တချို့ သိထားပြီးသားကိစ္စလေးတွေလည်း ရှိတယ်။ နောက်တခု အရေးကြီးတာက ဆရာတွေ၊ ပညာရေးဝန်ထမ်းတွေကိုယ်တိုင် ဒေါက်တာမျိုးသိန်းကြီးပေါ်မှာ သံသယ ဝင်နေတာတွေ၊ အမြင်မကြည်တာတွေ ရှိနေတယ်ဆိုတော့ ကျမတို့အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် တကယ်ကို စိုးရိမ်စိတ်ပူပါတယ်။ တကယ်ကို ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲဖို့အတွက် အဲဒီမှာရှိတဲ့ ပညာရေးဝန်ထမ်းတွေ ဆရာဆရာမတွေ ပါမောက္ခတွေ၊ ပါမောက္ခချုပ်တွေနဲ့ သူ့အနေနဲ့ အဆင်မပြေတဲ့လူမျိုး ပညာရေးဝန်ကြီး ဖြစ်သွားတော့ ဘယ်လိုမျိုး ဒါကို ရှေ့ဆက်မလဲဆိုတဲ့ ကိစ္စမျိုးတွေ ကျနော်တို့ စိတ်ပူတာရှိတယ်။ နောက် အရေးကြီးဆုံးကိစ္စတခုကတော့ ဒေါက်တာမျိုးသိန်းကြီးက အရင် အစိုးရလက်ထက်က ပညာရေး ပြုပြင်ပြောင်းလဲရေးကဏ္ဍမှာ တထောင့်တနေရာက ပါထားပြီသား။ အရင်အစိုးရရဲ့ ပညာရေးပြုပြင်ပြောင်းလဲရေးကဏ္ဍ။ အခုလက်တလော NLD ရဲ့ ပညာရေးမူဝါဒပေါ်မှာ အခြေခံတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုကလည်း လာတော့မယ်ပေါ့။ ဆိုတော့ ဒီပညာရေးမူဝါဒ - မတူတဲ့ ပညာရေးမူဝါဒ နှစ်ခုကို ဘယ်လိုမျိုး သူကိုင်တွယ်မလဲပေါ့။ တော်တော်များများက ကျမတို့အပါအဝင် စိုးရိမ်ကြပါတယ်။ ဆိုလိုတာက ကျမအနေနဲ့ ပညာရေးဆိုတာက တကယ် တိုင်းပြည်အတွက် အင်မတန် အရေးကြီးတဲ့ ရင်းနှီးမြုပ်နံှမှုလို့ ကျမ မြင်တယ်။ ကျမတို့က တခြားအပိုင်းတွေလည်း အရေးကြီးတယ်။ ပညာရေးက ရေရှည်သွားရမှာ။ ဒီမိုကရေစီကို အခုနပြောတဲ့အထဲမှာ တပိုင်းတော့ပါတယ်။ ဒီမိုကရေစီကို သွားချင်ရင်တော့ စာသင်ခန်းတွေထဲက ဒီမိုကရေစီကို သင်ကြားရမယ်လို့ ကျမအနေနဲ့ မြင်တယ်။ ဒါမှလဲ တကယ်ကို အခြေခိုင်လာမယ့် ဒီမိုကရေစီတိုင်းပြည်မျိုးကို ဦးတည်မယ့် နိုင်ငံလို့ ကျမတို့က မြင်တယ်။ ပြောင်းလဲတဲ့နေရာမှာ အသစ်ဖြစ်တဲ့လူမျိုး။ ကျမတို့တိုင်းပြည်မှာ တကယ်လုပ်နိုင်ကိုင်နိုင်တဲ့ ပြည်တွင်းပြည်ပမှာကော နိုင်ငံတကာမှာကော အတွေ့အကြုံရှိတဲ့ ဆရာကြီးတွေ အများကြီးရှိတယ်။ တကယ်အတွေ့အကြုံလည်းရှိတယ်။ လုပ်လည်းလုပ်နိုင်တယ်။ ဒီလို ဆရာကြီးမျိုးတွေကို ထည့်ပြီးတော့ ပညာရေးကဏ္ဍကို ပြုပြင်ပြောင်းလဲစေတာ ပိုပြီးတော့ မကောင်းဘူးလားလို့ ကျမတို့ ဝိုင်းပြီးတော့ ဆွေးနွေးကြတာတွေလည်း ရှိပါတယ်။ အရင်အစိုးရဝန်ထမ်းတယောက်က ပညာရေးဝန်ကြီး ဖြစ်လာတဲ့အခါကြတော့ သူ့မှာ အသစ်ရှိနိုင်ပါ့မလား။ ပေါ်လစီကလည်း အရင်ပေါ်လစီပေါ်မှာ အခြေခံတယ်။ ဒေါ်အောင်ဆန်းစုကြည် တက်လာမယ့် ပေါ်လစီတချို့ကို ဒါကို ပြန်ကိုင်မှာပေါ့။ အဲဒီနေရာမှာလည်း ကွာဟတာမျိုး၊ နောက်ပြီးတော မကိုက်ညီတာမျိုးတွေ ဖြစ်လာမှာကိုလည်း ကျမတို့ စိတ်ပူကြတယ်။ တဘက်ကလဲ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီအပေါ်မှာ သူက အားလုံးရဲ့ အခရာ။ အစိုးရတဖွဲ့လုံးရဲ့ အခရာ ဖြစ်တဲ့အတွက်ကြောင့်မို့ သိပ်စိုးရိမ်စရာ မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်တော့ ကိုင်တွယ်နိုင်ပါလိမ့်မယ်လို့လည်း ကျမတို့အနေနဲ့ မျှော်လင့်တာလည်း ရှိတော့ ရှိပါတယ်။ စိုးရိမ်တာလဲ စိုးရိမ်တယ်။ မျှော်လင့်တာလဲ မျှော်လင့်တယ်။ အကောင်းဆုံးကတော့ တကယ်ကို ဒီမိုကရေစီကို ရှေ့ရှုတဲ့ ပညာရေးမျိုး၊ ပညာရေးစနစ်မျိုးဖြစ်အောင် ပြောင်းလဲနိုင်ရင်တော့ အကောင်းဆုံး ဖြစ်မှာပါ။ ဘယ်လိုပုံစံနဲ့ပဲ ဖြစ်ဖြစ်ပေါ့။ ဒါပေမဲ့ ကျမအနေနဲ့ ဒေါက်တာမျိုးသိန်းကြီးကို Personal ပုဂ္ဂိုလ်ရေးအရတော့ ရင်းနှီးမှု မရှိဘူး။ သူ့ရဲ့ ပုဂ္ဂိုလ်ရေးတော့ သိပ်မသိဘူး။ သေချာတာကတော့ ပိုပြီးကောင်းတဲ့ လူကိုတော့ မျှော်လင့်မိတာပေါ့။
ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ ပြီးခဲ့တာတွေလဲ ပြီးခဲ့ပြီပေါ့။ ထောင်တွေလည်း ကျခဲ့ပြီးပြီ။ အခုလဲ အနစ်နာခံခဲ့တာတွေလည်း အများကြီး။ ပြည်သူလူထုတရပ်လုံးရဲ့ ထောက်ခံမှုတွေလည်း ရခဲ့တာပေါ့။ အဲဒီတော့ ရှေ့ဆက်ပြီးတော့ ပညာရေးပြုပြင်ပြောင်းလဲမှုအတွက်ကို သမ္မတကြီးဦးထင်ကျော် ဦးဆောင်တဲ့ ဒေါ်အောင်ဆန်းစုကြည် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်တာဝန်ယူနေတဲ့ အစိုးရအဖွဲ့နဲ့ ပညာရေးပြောင်းလဲမှုအတွက် ဗကသရဲ့ အခန်းကဏ္ဍ - အဲဒါလေးကို နည်းနည်းပြောပြပါ။
မဖြိုးဖြိုးအောင် ။ ။ ကျမတို့ ပညာရေးပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီးတော့ ကျမတို့ စဉ်းစားထားတာတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကျမတို့မှာက ပြန်လွှတ်လာတဲ့ရက်ပိုင်း။ လွတ်လာတာကိုက မမျှော်လင့်ပဲနဲ့ - အဲဒါကို ကျမတို့ အမြဲတမ်း ပြောပါတယ်။ မမျှော်လင့်ဘဲနဲ့ လွတ်လာခဲ့ရတာပါ။ (၇) ရက်နေ့မှာ ကြေညာချက်ထွက်တယ်။ (၈) ရက်နေ့မှာ ကျမတို့ အကျဉ်းထောင်ထဲက ထွက်လာကြတယ်။ ဆိုတော့ ဝမ်းလည်းဝမ်းသာကြတယ်။ ကျမတို့ သင်္ကြန်ရက်လည်း ခံနေတာဆိုတော့ တော်တော်များများက နယ်တွေ ရောက်ကုန်ကြတယ်။ ကျမတို့ ဗဟိုလုပ်ငန်းကော်မတီတွေ တော်တော်များများ နယ်တွေရောက်ကုန်တယ်။ ခရီးသွားကြတယ်။ အိမ်ပြန်ကြတယ်။ ကျမတို့တွေအချင်းချင်း စုစည်းနိုင်မှု မရှိကြတော့ ကျမတို့ သေသေချာချာ စည်းဝေးတိုင်ပင်ထားတာတွေ မရှိတဲ့အခါကြတော့ တိတိကျကျ ပြောဖို့တော့ ခက်ပါတယ်။ ဘာတွေဆက်ပြီးတော့ ဘယ်လိုမျိုး ပုံစံမျိုးတွေနဲ့ သွားမလဲဆိုတာတော့။ ဒါပေမဲ့ တဦးချင်း စဉ်းစားချက်တွေတော့ အကြမ်းမျဉ်း ရှိတာပေါ့။ ပြီးခဲ့တဲ့ ကြေညာချက်အရဆိုရင် အစိုးရသစ်၊ လွှတ်တော်အသစ်နဲ့ ညှိနှိုင်းဆွေးနွေးတာမျိုး တောက်လျှောက်လုပ်ဖို့ ရှိပါတယ်။ အဓိကတော့ ပညာရေးကဏ္ဍမှာ လွှတ်တော်မှာဆိုရင်လဲ (၇၅) ရာခိုင်နှုန်းက ပြည်သူက ရွေးကောက်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေ ရှိပါတယ်။ နောက်ပြီးတော့လဲ အစိုးရအဖွဲ့မှာဆိုရင်လဲ အလားတူပဲ တကယ်ကို တတ်သိနားလည်တဲ့ ပညာရှင်တွေ ရှိပါတယ်။ ကျမတို့အနေနဲ့ ပညာရေးပြုပြင်ပြောင်းလဲရေးအတွက် တတ်နိုင်သလောက်။ ကျမတို့ကတော့ ပိုပြီးတော့ ဒီနေရာမှာ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိန်းကြီးနဲ့ ကျမတို့နဲ့ ကြားထဲမှာတော့ ရှေ့ပိုင်းမှာ ပညာရေးကဏ္ဍနဲ့ ပတ်သက်ပြီး အဖုအထစ်လေးတွေ ရှိခဲ့တာပေါ့။ ဒါပေမဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီးတော့ ကျမတို့က ညှိနှိုင်းဆွေးနွေးမှုကို တလျှောက်လုံး လိုလားခဲ့သူတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျမတို့က စကားပြောချင်ပါတယ်။ အဓိကတော့ ကျမတို့တိုင်းပြည်မှာ အခု ဖြစ်နေတဲ့ကိစ္စတွေ။ လေးပွင့်ဆိုင် ကတိကဝတ်တွေ ပျက်ပြီးတော့ ဖမ်းဆီးခံရတာတွေက စကားတွေကို ပြေပြေလည်လည် မပြောခဲ့ကြဘူး။ ညှိညှိနှိုင်းနှိုင်း မရှိခဲ့ကြဘူး။ အစည်းအဝေးတွေမှာ ကျမတို့ စကားတွေ ပြောကြတယ်။ အဲဒီ အစည်းအဝေးမှာ တကယ်လုပ်နိုင်တာ၊ မလုပ်နိုင်တာကို ပွင့်ပွင့်လင်းလင်း မပြောခဲ့ဘဲနဲ့ သဘောတူတယ်ဆိုတဲ့ အနေအထားမျိုးနဲ့ပဲ ရပ်တယ်။ နောက်ပိုင်းကြတော့ အဲဒီ သဘောတူညီချက်တွေကို ပုံစံမျိုးစုံနဲ့ ပယ်ဖျက်တာ၊ ကတိဖျက်တာတွေ လုပ်လာတယ်ဆိုတော့ ပြဿနာတွေ တလျှောက်လုံး တက်တာပေါ့။ အဓိကတော့ ကျမတို့ ပွင့်ပွင့်လင်းလင်း စကားပြောကြမယ်။ အဲဒီ ကတိကဝတ်တွေ၊ ဆွေးနွေးပွဲတွေမှာ ရလာတဲ့ ရလဒ်တွေပေါ်မှာ တန်းဖိုးထားကြမယ်ဆိုလို့ရှိရင် ဆွေးနွေးညှိနှိုင်းမှုကို တန်းဖိုးထားတဲ့ ဆွေးနွေးပွဲတိုင်းက အောင်မြင်မယ်လို့ ကျမအနေနဲ့ မြင်ပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အခုဆိုလို့ရှိရင် ထောင်တန်းကျခဲ့ကြတယ်။ နိုင်ငံရေးသမားဆိုလို့ရှိရင် တော်တော်များများက နိုင်ငံရေးအမှုရယ် မဟုတ်ဘဲနဲ့ တမင်တကာ အကွက်ဆင်ထားတဲ့ တခြားရာဇဝတ်မှုနဲ့ဖြစ်ဖြစ် ထောင်ကျကြတယ်။ ရာဇဝတ်မှုနဲ့ ကျတဲ့လူပဲဖြစ်ဖြစ် နိုင်ငံရေးအမှုနဲ့ ကျတဲ့လူပဲဖြစ်ဖြစ် ဘယ်သူမဆို စိတ်ဒဏ်ရာ၊ စိတ်ခံစားချက်တွေ။ ကိုယ်ခန္ဓာအရလဲ ဒဏ်ရာရတယ်။ စိတ်အနေနဲ့လဲ ဒဏ်ရာရတယ်။ အဲဒီ ဒဏ်ရာဒဏ်ချက်တွေ Trauma တွေကို Rehab ခေါ်တာပေါ့ - ပြန်လည်ထူထောင်ဖို့အတွက်ကို ဘယ်လို အစီအစဉ်တွေများ ရှိသလဲ မသိဘူး။ တခြားနိုင်ငံခြားတွေမှာဆိုရင်တော့ Counseling Service နှစ်သိမ့်တဲ့အဖွဲ့အစည်းတွေ ရှိမယ်။ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေ ရှိမယ်။ NGO အဖွဲ့အစည်းတွေ ရှိမယ်ပေါ့။ ဒီနိုင်ငံမှာတော့ အဲဒီလိုမျိုး မတွေ့ရတော့။ မဖြိုးဖြိုးအောင်ရဲ့ ခံစားချက်လေး ပြောပြပေးပါအုံး။
မဖြိုးဖြိုးအောင် ။ ။ အခုန အန်တီပြောတဲ့ ကိစ္စမှာ Counseling ကို AAPP ကတော့ နိုင်ငံရေးအကျဉ်းသားတွေ စုပြီးတော့ ဖွဲ့ထားတဲ့ အဖွဲ့ပေါ့။ AAPP တို့ လုပ်နေတာလေးတွေ ရှိတယ်။ တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ လုပ်နေတာလေးတွေ ရှိတယ်။ နောက် ဒီနေ့ပဲ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ Denmark ကနေ အဖွဲ့တခုပေါ့။ ဒီမှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ပြန်လွတ်လာတဲ့အခါမှာ သူတို့ရဲ့ ကျန်းမာရေး။ စိတ်ရောခန္ဓာကိုယ် ကျန်းမာရေးအတွက် လုပ်နေတဲ့ ဦးဝင်းတင် ဖောင်ဒေးရှင်းနဲ့ လုပ်နေတဲ့ အဖွဲ့အစည်းတွေတော့ ရှိတယ်။ လက်လှမ်းတော့ မီဖို့ခက်တာပေါ့။ နိုင်ငံရေးအကျဉ်းသားတွေက လူအင်အားကလည်း များခဲ့တယ်။ နောက်တခုက တချို့ဆိုလို့ရှိရင် ပြန်ထွက်လာတဲ့အခါ နေစရာအိမ်တောင် မရှိတော့ဘူး။ မိသားစုတွေလည်း တကွဲတပြား ဖြစ်သွားတဲ့အခါ ဘဝတွေပါ ရင်းနှီးပြီး ပေးဆပ်လိုက်ရတော့ လက်တလော မြို့ပေါ်နိုင်ငံရေးနဲ့ ချိတ်ဆက်နိုင်မှု နည်းတဲ့အခါကြတော့ အဲဒီလူတွေကိုလည်း ပြန်ပြီးတော့ မဆက်သွယ်နိုင်တာတွေလည်း အများကြီးရှိတယ်။ ကျမတို့မှာ အခုအချိန်အထိခက်တာ လက်လှမ်းနိုင်မှုခက်တာ။ တကယ်တမ်းက ကျမ အမြင်မှာ အစိုးရအနေနဲ့ တကယ်ကို သေသေချာချာကို ဦးဆောင်ပြီးတော့ လုပ်မယ်ဆိုရင် - ပြန်လည်ထူထောင်ရေးအတွက် ရည်မှန်းချက်ချပြီးတော့ အကောင်အထည်ဖော်မယ်ဆိုရင်တော့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့စာရင် ပိုပြီးတော့ လက်လှမ်းမီတာပေါ့။ ပိုပြီးတော့လည်း အောင်မြင်နိုင်လိမ့်မယ်လို့ ကျမအနေနဲ့ မြင်ပါတယ်။ အကျဉ်းထောင်ထဲက ပြန်ထွက်လာတဲ့လူတွေကိုယ်နှိုက်ကိုက ကိုယ့်မှာ ဒီလိုမျိုး စိတ်ခံစားမှုတခုခု Trauma တခု ရထားတယ်လို့ မမြင်ဘူး။ ကျမတို့ဆီမှာက အခုန ပြောခဲ့ပါတယ်။ လူ့အခွင့်အရေးကို တန်းဖိုးအထားမခံရဘူး။ ကိုယ့်ကို သူများက တန်းဖိုးထား မခံရတော့ ကိုယ့်ကိုယ်ကိုယ်တောင် တန်းဖိုးထားရကောင်းမှန်း မသိတော့တာတွေ ရှိလာတယ်။ နောက် မိသားစုတွေ။ အဆိုးဆုံးကတော့ မိသားစုဘဝတွေ တော်တော်များများ ပျက်ဆီးခဲ့တာတွေ အများကြီး။ အဖေ ထောင်ကျသွားတယ်။ အမေက ဘဝကို ရုန်းကန်ရတယ်။ သားသမီးတွေကို ကောင်းကောင်းမကြည့်နိုင်တဲ့အခါကြတော့ ပညာရေးတွေလည်း ဆုံးရှုံးတယ်။ တခြားသော မိသားစုဘဝတွေလည်း ဆုံးရှုံးခဲ့ရတာတွေလည်း ကျမတို့တိုင်းပြည်မှာ တော်တော်များပါတယ်။ ကျမအနေနဲ့ အရမ်းကို ခံစားရတယ်။ ဒီ မိသားစုတွေရဲ့ ဘဝတွေကို ကြားသိရတဲ့အခါ အင်မတန်မှ စွန့်လွှတ်ပေးဆပ်မှုက နိုင်ငံရေးအကျဉ်းသမားတယောက်တည်း မဟုတ်ဘဲ။ နိုင်ငံရေးအကျဉ်းသမားတွေရဲ့ မိသားစုတွေက လိုက်ပြီးတော့ တိုင်းပြည်အတွက် စွန့်လွှတ်ပေးဆပ်ခဲ့တာတွေရှိတယ်။ ဒါမျိုးတွေကို ကျမတို့ ရေရှည်လုပ်ငန်းစဉ်တွေ ချမှတ်ပြီးတော့ လုပ်ဆောင်ပေးမယ်ဆိုရင်တော့ အကောင်းဆုံး ဖြစ်မှာပါ။ ကျမတို့ ဒီလူတွေကို နေရာပေးတာ၊ နေရာပေးဖို့ဆိုတာထက် ဒီလူတွေရဲ့ လုပ်ဆောင်မှုတွေကို အသိအမှတ်ပြုပေးတာက ကျမတို့ တိုင်းပြည်အတွက် တကယ်ကို လိုအပ်တဲ့အရာတခုပါ။ ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ အစိုးရတခု ပေါ်ပေါက်လာတဲ့အထိ ကျမတို့ တချိန်လုံး ပေါ်ပေါက်လာနိုင်တဲ့အထိ တချိန်လုံး။ ဟိုးအရင်တုန်းကရော အခုအချိန်အထိ တထောင့်တနေရာက ဝင်ရောက်ပြီးတော့ ကြိုးပမ်းပေးကြတဲ့ နိုင်ငံသားတွေ၊ တက်ကြွတဲ့နိုင်ငံသားတွေ တိုင်းပြည်မှာ အများကြီးပဲ။ တချို့ဆိုရင် ဘယ်သူဘယ်ဝါမှန်းတောင် မသိတော့ဘူးပေါ့။ ကျမတို့ဆိုရင်လဲ နီးကပ်တဲ့အင်အားစုက ကိုယ့်အချင်းချင်း သိကြတယ်။ ဒါပေမဲ့ တချို့ဆိုရင် ဒီလို တထောင့်တနေရာ နီးစပ်တဲ့အင်အားစုကလဲ မဟုတ်တဲ့အတွက် အကျဉ်းထောင်တွေထဲမှာ ပေးဆပ်ခဲ့မှုတွေ တော်တော်များများ မသိတော့တာတွေလည်း ရှိခဲ့ပါတယ်။ ဒါတွေကို ကျမတို့အနေနဲ့ သေသေချာချာ ဖော်ထုတ်နိုင်မယ်။ အခုနပြောသလို ဒီလူတွေရဲ့ ဘဝတွေအတွက် တစုံတရာ ပြန်လည်ပြီးတော့ ဖြည့်ဆည်းပေးနိုင်ဆိုလို့ရှိရင်တော့ ဒါ အကောင်းဆုံး ဖြစ်မှာပါ။