သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ကျန်းမာရေး စောင့်ရှောက်မှု ပုံစံသစ်


တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာကဏ္ဍမှာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍအတွက် အသုံးစရိတ် တိုးမြှင့်သုံးစွဲနေပြီး ကျန်းမာရေးစောင့်ရှောက်မှု ပိုပြီးတိုးတက်ကောင်းမွန်လာအောင် စပြီးလုပ်နေပြီဖြစ်ပေမယ့်လဲ ရေရှည်ခိုင်မာတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပုံစံတခု ရရှိလာဖို့ကတော့ အချိန်အတော်ကြာ လုပ်ရအုံးမယ်လို့ လွှတ်တော်ရေးရာရဲ့ ကျန်းမာရေးကော်မတီဥက္ကဋ္ဌတွေက ပြောဆိုပါတယ်။ မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပုံစံတခု ဖော်ထုတ်ဖို့ စမ်းစစ်လေ့လာနေသလို၊ ပြည်သူ့ကျန်းမာရေးအတွက်ကိုလည်း ပုံစံသစ်နဲ့ လုပ်နေပါပြီလို့ ဆိုပါတယ်။ အမျိုးသားလွှတ်တော် ကျန်းမာရေးဆိုင်ရာဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာသန်းဝင်း၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစံရွှေဝင်းတို့ကို ဗွီအိုအေဌာနမှူး ဦးသန်းလွင်ထွန်း က VOA Studio မှာ တွေ့ဆုံမေးမြန်းထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မင်္ဂလာပါခင်များ။ အခု မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စီမံစောင့်ရှောက်မှု လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးကြဖို့အတွက် ဝါရှင်တန်ဒီစီမြို့တော် VOA အမေရိကန်အသံ TV Studio ထဲမှာ ရောက်ရှိနေကြတဲ့ လူတွေကတော့ ကျနော့်ရဲ့ ဒီဘက်မှာရှိနေတဲ့သူက မြန်မာနိုင်ငံ အမျိုးသားလွှတ်တော်ရဲ့ ကျန်းမာရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ ဦးသန်းဝင်းပါ။ နောက် ဒီဘက်အစွန်းက ဆရာကတော့ ပြည်သူ့လွှတ်တော်ရဲ့ အမျိုးသားကျန်းမာရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းပါ။ အခုလို လာရောက်ကြတဲ့အတွက်၊ မေးမြန်းခွင့်ပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အဓိကအားဖြင့်တော့ ကျနော်တို့ စချင်တာကတော့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစီမံစောင့်ရှောက်မှုတွေနဲ့ ပတ်သက်လို့ အခု အစိုးရသစ်နဲ့ လွှတ်တော်သစ် တက်လာပြီးတဲ့နောက်ပိုင်းမှာ ခြောက်လအတွင်းမှာ ထူးခြားတဲ့ တိုးတက်မှုလေးတွေ ရှိခဲ့ရင် ဒါလေးတွေကို ကျနော်ကို အရင်ဆုံး ပြောပြပါလား။

ဦးသန်းဝင်း ။ ။ အစိုးရသစ် တက်လာတဲ့အချိန်မှာတော့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဦးမြင့်ထွေး ဦးဆောင်ပြီးတော့ ကျန်းမာရေးဌာန လှုပ်ရှားနေတာပေါ့။ ထူးခြားမှုအနေနဲ့တော့ တကယ်တမ်း ပြောရရင်တော့ သိပ်ထူးထူးခြားခြားတော့ တကယ်တမ်း ပြောင်းလဲမှု မရှိသေးပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ လွှတ်တော်နှစ်ရပ်စလုံးနဲ့ ပတ်သက်နေတယ်ဆိုတော့ ကျနော် အဓိက မေးချင်တာက အထူးသဖြင့် ဘတ်ဂျက်ရေးရာကိစ္စတွေနဲ့ ပတ်သက်လို့ ဘာတွေများ ထူးခြားမှု ရှိပါလဲ။

ဦးသန်းဝင်း ။ ။ ဘတ်ဂျက်ရေးရာကတော့ ဒုတိယ ခြောက်လအတွက် ဘတ်ဂျက်ကိုတော့ ပြန်လည်စီစစ်တာ အခုလက်ရှိ သုံးနေတဲ့ ၂၀၁၅-၁၆ ဘတ်ဂျက်က ပြီးခဲ့တဲ့ အစိုးရက ဆွဲသွားတာ။ ဒါပေမဲ့ ခြောက်လဘတ်ဂျက် Review ကိုတော့ ကျနော်တို့ လွှတ်တော်အသီးသီးကနေ ကော်မတီတွေကနေ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ ဘတ်ဂျက်တွေကို စီစစ်ဖို့ အဖွဲ့လေးတွေ ဖွဲ့ပါတယ်။ အဲဒီမှာတော့ ကျန်းမာရေး နဲ့ ပညာရေး ဘတ်ဂျက်အနေနဲ့ ဖြတ်တောက်တာမျိုး မလုပ်ဘဲနဲ့ အခု အစိုးရသစ်ရဲ့ မူ၊ ဦးဆောင်ပါတီရဲ့မူတွေနဲ့ မဖြတ်မတောက်ဘဲနဲ့ ခွင့်ပြုလိုက်ပါတယ်။ ကျန်တဲ့ ဝန်ကြီးဌာနတွေမှာတော့ ဖြတ်တာပြင်တာတွေ ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဘတ်ဂျက်ကိစ္စတွေကို ပြောတဲ့အခါမှာ အခုမြန်မာနိုင်ငံမှာက ကျန်းမာရေးအသုံးစရိတ်နဲ့ ပတ်သက်လို့။ အသုံးစရိတ်က တခြားပတ်ဝန်းကျင်နိုင်ငံတွေနဲ့ ယှဉ်လိုက်ရင်၊ တကမ္ဘာလုံးနဲ့ ယှဉ်လိုက်ရင် တော်တော်လေးကို အသုံးစရိတ်က နည်းနေသေးတယ်ဆိုတော့ ဆရာတို့ရဲ့ အခု လွှတ်တော်သက်တမ်းမှာ ဒါကို ပိုပြီးတော့ တိုးတက်မှုတွေ ရှိလာအောင် ဘယ်လို ရည်ရွယ်ချက်ထား လုပ်ဆောင်ဖို့၊ ပြန်ပြီးတော့ ညှိနှိုင်းဖို့ စီစဉ်နေသလဲ။

ဦးစံရွှေဝင်း ။ ။ လက်ရှိကတော့ GDP ရဲ့ 1% အောက် နည်းနည်းလေးနဲ့ ပေးနေပါတယ်။ Government expenditure ရဲ့ 4% လောက်တော့ ပေးနေတယ်။ ဒါပေမဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ရည်မှန်းချက်ကတော့ At least GDP ရဲ့ 5% လောက် တက်ဖို့ကြတော့ လက်ရှိ ဘတ်ဂျက်ကတော့ ပြီးခဲ့တဲ့ အစိုးရက ချခဲ့တဲ့ ဘတ်ဂျက် ဖြစ်ပါတယ်။ လာမယ့် ဘတ်ဂျက်အသစ်ကိုတော့ ကျနော်တို့က တိုးမြှင့်ပြီးတော့ ရရှိအောင် ကျနော်တို့ ဆွေးနွေးတိုင်ပင်နေပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ကျနော်တို့က သာမန်လူတွေ နားလည်နိုင်အောင် အကြမ်းဖျဉ်းအားဖြင့် မြန်မာနိုင်ငံမှာ အစိုးရအနေနဲ့ လူတဦးချင်းဆီအတွက် ကျန်းမာရေးကို ကျုပ်ငွေ တနှစ်ကို ဘယ်လောက်နှုန်းနဲ့ သုံးနေသလဲ။

ဦးစံရွှေဝင်း ။ ။ ဒေါ်လာနဲ့ တွက်မယ်ဆိုရင် ၁၂ ဒေါ်လာနဲ့ ၁၅ ကြားလောက် ရှိတယ်ဆိုတော့ တစ်သောင်းခွဲလောက် သုံးတဲ့သဘောရှိပါတယ်။ Perhaps ပေ့ါ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒါက အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့် ထိုင်းနိုင်ငံ ကျနော်တို့နဲ့ အနီးဆုံးဆိုရင်၊ ယှဉ်လိုက်ရင် ဘယ်လို ရှိမလဲ။

ဦးစံရွှေဝင်း ။ ။ တော်တော်ကွာပါတယ်။ သူတို့က သုံးရာကျော်လောက်အထိ သုံးပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာက ဒေါ်လာ သုံးရာလောက်သုံးတယ်။ ကျနော်တို့က အခုလက်ရှိ ဒေါ်လာ ၁၂-၁၅ လောက်ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ အခုပြောကြရမယ်ဆိုရင် ဒီဘတ်ဂျက်က လေးရာခိုင်နှုန်းကနေ ရည်မှန်းချက်အရ ဆယ်ရာခိုင်နှုန်း တက်တယ်ပဲ ထားပါအုံး။ မြန်မာနိုင်ငံက အထူးသဖြင့် GDP ပြည်တွင်းဝင်ငွေ။ အင်မတန်ကို နည်းတဲ့နိုင်ငံဆိုတော့ ရာခိုင်နှုန်း ဘယ်လောက်တက်တက် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဒေါ်လာသုံးရာကို မှီဖို့ဆိုတာက မဖြစ်နိုင်သလောက်ပဲ။

ဦးစံရွှေဝင်း ။ ။ ချက်ချင်းကတော့ မဖြစ်နိုင်သေးပါဘူး။ အချိန်တခု ယူရအုံးမှာပါ။

ဦးသန်းလွင်ထွန်း ။ ။ ဒါက ဘတ်ဂျက်ပိုင်း။ ဒါပေမဲ့ ကျန်းမာရေး စီမံစောင့်ရှောက်မှု လုပ်ငန်းမှာ အခု ကျနော်တို့ နားလည်သလော ၁၉၈၈ မတိုင်ခင်တုန်းကဆိုရင် ဆရာတို့လည်း သိပါတယ်။ နိုင်ငံတော်ကနေ ဆိုရှယ်လစ်စနစ်နဲ့ ပံ့ပိုးပေးတဲ့ ကျန်းမာရေး စောင့်ရှောက်မှု။ အဲဒီနောက်ပိုင်းမှာ စရိတ်မျှပေးဆိုပြီး ဈေးကွက်စီးပွားရေးနဲ့အညီ ဖြစ်လာတယ်။ အခု ကျနော်တို့ ဒီမိုကရေစီအစိုးရ လက်ထက်မှာ လက်ရှိ ကျင့်သုံးနေတဲ့ စနစ်ကို ဘယ်လို နာမည်ပေးရမလဲ။ စရိတ်မျှပေးပဲလား။ ဘယ်လို နာမည်လို့ ပြောမလဲ။

ဦးစံရွှေဝင်း ။ ။ လက်ရှိ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာတော့ ကျနော်တို့ စရိတ်မျှပေးစနစ်ကို မလုပ်ဖို့ဆိုပြီး ပြောထားပါတယ်။ မလုပ်ဘဲနဲ့ ကျနော်တို့ FOC – Free Medical Care/Charge ဆိုပြီးတော့ ဆေးရုံတွေအားလုံးမှာ ဆေးဝါးပစ္စည်းအားလုံးကို ကျနော်တို့ ပေးနေပါတယ်။ ဒါပေမဲ့ ဒါကလဲ လောလောဆယ် အဆင်ပြေနေတယ်။ ရေရှည်မှာတော့ တည်တန့်ဖို့ Sustainable Issue တွေ အများကြီးရှိသလို။ ဒါတွေလဲ ပြန်ပြီးတော့ လေ့လာသုံးသပ်နေပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့။ အဲဒါ စိတ်ဝင်စားစရာပါ။ စရိတ်မျှပေးစနစ်ကနေ လုံးဝအခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဆိုတာက အရင် ဆိုရှယ်လစ်စနစ်က ပုံစံမျိုးကို ပြောင်းသွားခဲ့တာ။ ဒါ သမ္မတဦးသိန်းစိန်လက်ထက်မှာ။

ဦးစံရွှေဝင်း ။ ။ ဘတ်ဂျက်တွေတော့ အများကြီး တိုးပေးလိုက်တာ။ အရင်တုန်းကဆိုရင် One percent လောက်ပဲ ရှိပါတယ်။ အစိုးရ သုံးစရိတ်ရဲ့ တစ်ရာခိုင်နှုန်းလောက်ရှိရာကနေ လေးရာခိုင်နှုန်းလောက်အထိ တိုးပေးလိုက်တယ်။ တိုးပေးတဲ့ အများစုကတော့ DFOC လူနာကြီးပဲ၊ ဆေးဝါးရရှိရေးကို အဓိကထားပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ လောလောဆယ်တော့ ဒီအတိုင်းပဲ ဆောင်ရွက်ခဲ့ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ။ ဆရာက အထူးသဖြင့် ကုသရေး နဲ့ ပညာရေးဘက်မှာလည်း ဆောက်ရွက်လာတယ်ဆိုတော့ အဲဒီစနစ်က လက်ရှိအားဖြင့် ပြေလည်တယ်လို့ ပြောလို့ရမလား။ ကျနော်တို့အနေနဲ့တော့ များသောအားဖြင့် သတင်းတွေမှာ ကြားနေရတာက ဆေးရုံတွေမှာ ဆေးဝါးတွေ အခမဲ့ပေးတယ်။ စောင့်ရှောက်မှု ပေးတယ်ဆိုပေမယ့်လဲ အခြေခံဆေးပစ္စည်းကအစ လုံလောက်တဲ့ အနေအထားမျိုးမှာ မရှိဘူး။ နောက်ပြီးတော့ စမ်းသပ်မှုတွေ စရိတ်စခများတဲ့ စမ်းသပ်မှုတွေ ဆိုရင်လဲ လုပ်မပေးနိုင်တဲ့ အနေအထားတွေ ရှိနေတယ်ဆိုတော့ ဒီစနစ်က ဒီပုံအတိုင်းပဲ ဆက်သွားမှာလား။

ဦးစံရွှေဝင်း ။ ဒီပုံအတိုင်းတော့ ရေရှည်မှာကြတော့ အခုန Sustainability ထိန်းသိမ်းနိုင်ဖို့က မလွယ်ကူပါဘူး။ ပြည်သူတွေဘက်ကတော့ ဆေးဝါးတွေ အခမဲ့ အထူးသဖြင့် ပြည်ပလူနာဌာနမှာ၊ နောက်တခုက ခွဲတယ်စိတ်တယ် ဆေးရုံတက်တယ်ဆိုရင်လဲပဲ တော်တော်များများ ရရှိတဲ့အတွက် ပြည်သူတွေဘက်က ဝမ်းသာကြ၊ အဆင်ပြေတာပေါ့။ ဒါပေမဲ့ လက်တွေ့မှာကြတော့ ဒါကို ရေရှည်ထိန်းထားဖို့၊ ဘဏ္ဍာရေးအခြေအနေက မဖြစ်နိုင်ပါဘူး။ နောက်တချက်ကြတော့ အခုလောလောဆယ်မှာပဲ ဒါနဲ့အတူတူ တဘက်က ပြည်သူတွေကို ကျနော်တို့ ဆေးဝါးတွေ ပေးလိုက်တယ်။ ဆေးရုံတွေမှာ အားကိုးလာတာ၊ ဝမ်းသာစရာ ဖြစ်ပေမယ့် ဆေးရုံတွေမှာ တော်တော်ကြီးကို ဝန်ဖိစီးသွားပါတယ်။ ဝန်ဖိစီးလာတဲ့အတွက်ကြောင့် တဘက်မှာ ကျနော်တို့က တိုးလာတဲ့ လူနာတွေနဲ့ မျှတတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ဆရာဝန်တွေ၊ သူနာပြုတွေက အသင့်မရှိသေးတဲ့အတွက် အဲဒီမှာလဲ ပိုပြီးတော့ တဘက်နဲ့တဘက် အမြင်စောင်းတာလေးတွေ၊ တင်းမာမှုလေးတွေ ဖြစ်လာပါတယ်။ နောက်တချက်ကြတော့ ပြည်သူတွေဘက်က မျှော်လင့်ချက်က အရမ်းများတယ်။ ဆရာ အခုနမေးသလိုမျိုးပဲ ဆေးရုံရောက်လာပြီဆိုရင်ပဲ ဘာမှ ဝယ်စရာ မလိုတော့ဘူးလို့ ထင်နေကြတယ်။ ဓါတ်မှန်ရိုက်ရိုက်၊ စမ်းသပ်မှုပဲလုပ်လုပ် ဘာမှ ပေးစရာမလိုတော့ဘူးလို့ ထင်နေကြတယ်။ တကယ်တမ်းကြတော့ ဘတ်ဂျက် ခွင့်ပြုသလောက်ပဲ ဆေးရုံတရုံကြီးရဲ့ သူတို့ရှိတဲ့ အင်အားနဲ့ လုပ်ရတာ ဖြစ်တဲ့အတွက် အကုန်လုံးကို လွှမ်းခြုံပြီး ပေးနိုင်တာ မဟုတ်သေးဘူး။ အဲဒီအချိန်မှာလဲ ပြည်သူတွေကပဲ ကျနော်တို့ ကျန်းမာရေးဝန်ထမ်း ဆရာဝန်၊ ဆရာမတွေအပေါ်မှာ အမြင်စောင်းတာလေးတွေ ဘာကြောင့်မပေးနိုင်လဲ။ ဘာကြောင့် သူ့ကြတော့ မရလဲ ဆိုတာလေးတွေ ဖြစ်လာတဲ့အတွက် ဒါ ရေရှည်တော့ နိုင်ငံတကာမှာလဲ ဘယ်နိုင်ငံမှာမှ အစအဆုံး ဆရာပြောသလို ကျနော်တို့ ဆိုရှယ်လစ်ခေတ်တုန်းက ပေးခဲ့တယ်ဆိုပေမယ့်လဲ ပေးတယ်သာ ပြောတာပါ အကုန်လုံး ပေးနိုင်တာမှ မဟုတ်ဘဲ။ နိုင်ငံတကာမှာလဲ မပေးနိုင်ပါဘူး။ မပေးနိုင်တဲ့အတွက် တကယ်တမ်းဆိုရင် ကျန်းမာရေးဘဏ္ဍာရေး အသုံးစရိတ်ကို တခြားနည်းနဲ့ ဖြည့်ဆည်းဖို့ လိုတယ်လို့ ကျနော် မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အထူးသဖြင့် ဗြိတိန်နိုင်ငံမှာဆိုရင် NHS system နဲ့ နိုင်ငံတော်က ပေးတာအပြင်ကို လူထုက လခတွေထဲကနေ ထည့်ဝင်ပေးရတဲ့ အခွန်လေးတွေနဲ့ လူမှု့ဖူလုံရေးကို ကျားကန်ပေးတာ ရှိပါတယ်။ အလားတူပဲ အိမ်နီးချင်းနိုင်ငံတွေမှာဆိုရင် အထူးသဖြင့် ထိုင်းနိုင်ငံမှာဆိုရင် Safety Net လို့ခေါ်တဲ့ လူမှု့ဖူလုံရေး အဓိကကျတဲ့ ကျန်းမာရေးကိစ္စမှာ အာမခံကြေး ကြိုတင်ထည့်ဝင်ပြီးတော့ ပံ့ပိုးမှုတွေ လုပ်နေတာ တွေ့ရပါတယ်။ အဲဒီလို စနစ်မျိုးက ကျနော် ကြားမိသလောက်ကတော့ ၂၀၀၉ ခုနှစ်လောက်က မြန်မာနိုင်ငံမှာ ကျန်းမာရေး အာမခံစနစ် ထားဖို့ဆိုပြီးတော့ ပြောခဲ့တာရှိတယ်။ အဲဒါကရော အခု ဘယ်လို အခြေအနေရောက်နေပြီလဲ။

ဦးသန်းဝင်း ။ ။ သိပ်ပြီးတော့ Functional ဖြစ်တယ်၊ အလုပ်ဖြစ်နေတဲ့အဆင့် မရောက်ပါဘူး။ ကျနော်တို့တောင် သေချာမသိပါဘူး။ မြန်မာနိုင်ငံမှာကြတော့ လူမှု့ဖူလုံရေးက ကျနော်တို့ ကလေးတည်းက ရှိတာပေါ့။ တကယ်တမ်း လူမှု့ဖူလုံရေးက လွှမ်းခြုံနိုင်တာကလဲ ဝန်ထမ်းတွေ Former Sector ခေါ်တာပေါ့ အစိုးရဝန်ထမ်းနဲ့ ကုမ္ပဏီဝန်ထမ်းတွေလောက်ဆိုတော့ တစ်ကနေ နှစ်ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ကျနော်တို့ဆီမှာလဲ ဝန်ထမ်းဆိုတာလဲ Informal Sector က ပိုများတယ်။ ဆိုတော့ သူတို့အတွက် လွှမ်းခြုံမှု မရှိပါဘူး။ အင်္ဂလိပ်စနစ်က တကယ်တမ်းကြတော့ ဝင်ငွေခွန်ထဲကနေ အကုန်လုံး လွှမ်းခြုံပြီးတော့ လုပ်ပေးတာပေါ့။ အခု ကျနော်တို့ ဒီမှာ ကမ္ဘာ့ဘဏ်မှာ လာပြီးတော့ သင်တန်းဆွေးနွေးပွဲ တက်ရောက်နေတယ်။ (၈) ရက်တာကာလမှာ ဒါတွေပဲ ဆွေးနွေးကြတယ်။ နိုင်ငံတကာမှာ လွှမ်းခြုံနိုင်ဖို့က တခြားစနစ်တွေ အများကြီး လိုပါသေးတယ်။ အဲဒီတော့ နိုင်ငံတကာ ပုံစံမှာလည်း သူတို့လဲ အခက်အခဲတွေ ရှိတယ်ဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံမှာကြတော့ တောက်လျှောက်လုံးက အစိုးရ ဘတ်ဂျက်ကသုံးတယ်။ လူမှု့ဖူလုံရေးဆိုတာ နည်းနည်းလေးပဲ လွှမ်းခြုံမှု ရှိတဲ့အတွက် ကျန်တဲ့ဟာကို ဘယ်ကနေ ကျန်းမာရေးအသုံးစရိတ် လုပ်မလဲ။ ရိုးရိုးလေး အစိုးရဘတ်ဂျက် တိုးပေးရုံနဲ့ လွှမ်းခြုံနိုင်မှာ မဟုတ်ပါဘူး။ အဲဒီအတွင်းမှာ ဘယ်လိုလုပ်မလဲဆိုတာကိုတော့ ဆက်လက်ပြီးတော့ ဆွေးနွေးစဉ်းစားကြရမှာပါ။

ဦးသန်းလွင်ထွန်း ။ ။ ဆရာတို့အနေနဲ့ အခုလောလောဆယ် လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အမျိုးသားလွှတ်တော်မှာနဲ့ ပြည်သူ့လွှတ်တော်မှာ လွှမ်းမိုးနေတဲ့ လွှတ်တော်။ အဲဒီတော့ မူဝါဒပိုင်းဆိုင်ရာမှာတော့ အငြင်းအခုန်တွေ ဖြစ်လာစရာ မရှိဘူးလို့ ကျနော်တို့အနေနဲ့ ယူဆစရာ မရှိဘူး။ ဒါပေမဲ့လဲ ပြီးခဲ့တဲ့ ခြောက်လတာ ကာလအတွင်းမှာ ဆရာတို့ရဲ့ ကျန်းမာရေးကော်မတီတွေ၊ ဒါမှမဟုတ် ကျန်းမာရေးဘက်ကို စိတ်ပါဝင်စားရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ကျန်းမာရေးစီမံစောင့်ရှောက်မှု မူဝါဒပိုင်းဆိုင်ရာမှာ အပြောင်းအလဲတွေ တစုံတရာလုပ်ဖို့ ရေးဆွဲလာတာတွေ၊ တင်ပြလာတွေ ရှိပါလား။

ဦးစံရွှေဝင်း ။ ။ ကျနော်တို့ ဆွေးနွေးပွဲတွေတော့ လုပ်ဖြစ်ပါတယ်။ ဆွေးနွေးပွဲတွေကတော့ လေးကြိမ်ငါးကြိမ်လောက် လုပ်ပါတယ်။ ကျနော်တို့ နှစ်ယောက်ပဲ ဦးဆောင်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေထဲက ကျနော်တို့ ကျန်းမာရေးကော်မတီဝင်တွေရယ်၊ အထူးသဖြင့် ကျန်းမာရေးကဏ္ဍက ဆရာဝန်တွေ၊ သွားဘက်ဆိုင်ရာ ဆရာဝန်တွေ၊ တိကုဆရာဝန်တွေ ဆွေးနွေးပွဲ လေးကြိမ်လောက် လုပ်ပြီးပါပြီ။ သို့သော် ဒါကြီးကို ပြောင်းဖို့ကြတော့ ကျနော်တို့အနေနဲ့ တိုက်ရိုက်ပြောင်းလို့ မရဘူး။ ကျနော်တို့က အကြံပြုရမှာပေါ့။ အစိုးရအဖွဲ့က မူဝါဒပြောင်းဖို့ ဒါတွေလဲ လုပ်နေပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကလဲ အခုလောလောဆယ်မှာတော့ ဆရာဦးမြင့်ထွေးကတော့ ပြည်သူ့ကျန်းမာရေးပါရဂူအနေနဲ့ ဦးဆောင်လာတာပေါ့။ ဒါလဲ ထူးခြားမှု တခုပါပဲ။ အရင်တုန်းကတော့ တပ်မတော်က အရာရှိတွေ၊ အထူးကုဆရာဝန်ကြီးတွေ နှစ်ပေါင်းများစွာ ဦးဆောင်ခဲ့တာ။ ပြည်သူ့ကျန်းမာရေးက အခုမှ ဦးဆောင်လာတာ ဖြစ်တဲ့အတွက် ဆရာ့အနေနဲ့ လုပ်ကိုင်စရာတွေက အများကြီးပဲ။ လုပ်နေပါတယ်။ နောက်တခုကတော့ ပြည်သူ့ကျန်းမာရေး စီမံကိန်းခေါ်ပါတယ်။ National Health Plan အဲဒါကိုတော့ ပုံစံသစ်နဲ့ အခုလောလောဆယ် လုပ်နေပါတယ်။ အရင်တုန်းကတော့ နိုင်ငံတကာထောက်ပံ့ကြေးပေါ်မှာ မူတည်ရတာ ဖြစ်တဲ့အတွက် နိုင်ငံတကာရဲ့ ပုံစံအတိုင်းပဲ ကျနော်တို့ လုပ်ရပါတယ်။ အခုက ကိုယ့်ပြည်တွင်း ပိုက်ဆံတွေလည်း အများကြီးရမယ်ဆိုတာကို သိနေတဲ့အတွက် ပြည်တွင်းက လိုအပ်ချက်တွေကို ဆွေးနွေးနေစဲ ဖြစ်ပါတယ်။ ဒီမှာလဲ ဧရိယာကြီး လေးခု ရှိပါတယ်။ တခုက ကျန်းမာရေးအသုံးစရိတ်တွေနဲ့ ပတ်သက်တယ်။ ကျန်းမာရေးဝန်ထမ်းနဲ့ ပတ်သက်တယ်။ ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ ပတ်သက်တယ်။ အခြေခံအဆောက်အအုံတွေနဲ့ ပတ်သက်တယ်။ ဒီလေးခုကို တည်ပြီးတော့ စပြီးတော့ လုပ်နေပါပြီ။ လုပ်တဲ့အခါမှာ အရင်တုန်းက ပိုက်ဆံမထည့်ဘူး။ ပြောတာကတော့ Sky is limit ပိုက်ဆံက တခုမှ မရှိဘူး။ အခုကတော့ Costed plan ဒါလုပ်ရင် ဘယ်လောက်ကုန်မလဲ။ ဟိုဟာလုပ်ရင် ဘယ်လောက်ကုန်မလဲ စသည်ဖြင့် အခုလောလောဆယ် လုပ်နေပါတယ်။ ပထမတကြိမ်ပြီးပြီ။ လေးကြိမ်ဆက်လုပ်ဖို့ ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ စောစောက ဆရာပြောခဲ့သလို ကျနော်တို့ လူမှု့ဖူလုံရေးရဲ့ ကာကွယ်စောင့်ရှောက်ပေးမှု လွှမ်းခြုံနိုင်မှုက တကယ့် Former sector တပ်မတော်သားတွေ၊ အစိုးရဝန်ထမ်းတွေ ဒီလောက်ပဲ ရှိခဲ့ရာကနေ အခုပြင်ပမှာ ရှိနေတဲ့ ကုမ္ပဏီဝန်ထမ်းတွေနဲ့ သာမန်လက်လုပ်လက်စားတွေပါ ထည့်ဝင်ပြီးတော့ ပါဝင်လာနိုင်အောင် ကျန်းမာရေး အာမခံလုပ်ငန်းက ဘယ်တော့လောက်မှာ ဖြစ်လာနိုင်မလဲ။ အဲဒီလို ဆရာ စောစောကပြောတဲ့ စီမံချက်တွေ ဆွေးနွေးတဲ့အထဲမှာ အဲဒီလို စီမံချက်တွေပါသလား။

ဦးစံရွှေဝင်း ။ ။ လူမှု့ဖူလုံရေးကတော့ အရင်တုန်းက Former sector က ဝန်ထမ်းတွေပဲ အခုကတော့ သူတို့ရဲ့ မိသားစုတွေနဲ့ အစိုးရဝန်ထမ်းအားလုံးအပါအဝင် ဆောင်ရွက်နေပါတယ်။ ချက်ချင်းတော့ သူက လုပ်လို့ မရသေးဘူး။ ဒါကြီးက တော်တော်ကြီးကို ကျယ်ပြန့်တယ်။ ပညာရှင်တွေလည်း လိုသေးတယ်။ အားလုံးရဲ့ ပံ့ပိုးကူညီမှုလည်း လိုတယ်။ ချဲ့တာကတော့ ချဲ့နေတယ်။ ပထမအဆင့်ကတော့ မိသားစုတွေ ပါလာအောင်။ Enroll လုပ်ထားတဲ့ မိသားစုတွေအတွက် လုပ်နေတယ်။ ပြီးတော့မှ ကျန်တဲ့ဝန်ထမ်းတွေ ပါလာအောင် လုပ်နေပါတယ်။ တပ်မတော်ကတော့ သီးသန့်၊ သူတို့ဘက်သူတို့ သီးသန့်လုပ်မှာပါ။

ဦးသန်းလွင်ထွန်း ။ ။ အခုဆိုရင် ဗမာပြည်မှာ ပုဂ္ဂလိကလုပ်ငန်းတွေက များလာပြီ။ အလုပ်အကိုင် အခွင့်အလမ်းဆိုတာလဲ ကျဘမ်းလုပ်မယ့်အစား လခနဲ့ ကုမ္ပဏီတွေက ပေးတာတွေ ရှိနေပြီဆိုတော့ အဲဒီလို တခြားနိုင်ငံတွေမှာလို ဒီလို လုပ်ငန်းတခုခုရပြီဆိုရင် ကျန်းမာရေးအတွက် သီးသန့်ဖယ်ထားပြီး ကုမ္ပဏီက ထည့်ဝင်ပေးတာတို့၊ လူကိုယ်တိုင်ကပဲ Volunteering ဝယ်ထားတာတို့ ဒါမျိုးတွေ၊ အဲဒါမျိုးတွေ လုပ်ဖို့အတွက် ဗမာနိုင်ငံမှာ ဘာအခက်အခဲ ရှိနေလဲ။

ဦးသန်းဝင်း ။ ။ လောလောဆယ်တော့ အဲဒီအစီအစဉ်တွေ မလုပ်နိုင်သေးတာပေါ့။ အခက်အခဲဆိုတာထက်၊ ဒီအစီအစဉ် ဆောင်ရွက်ဖို့ လိုပါတယ်။ အခုထိတော့ ဘာမှ အဲဒီဘက်က သိသလောက် အရွေ့မရှိသေးဘူး။ National Health Plan ဆွေးနွေးပွဲတွေ အခု ကျနော်တို့ပြန်သွားရင် (၉) ရက် (၁၀) ရက်နေ့ Workshop တခု ဆွေးနွေးပွဲ တက်ကြရမှာပါ။ အဲဒီကနေ လမ်းကြောင်းလေးတွေ ပေါ်လာရင်တော့ ဆရာပြောသလိုပဲ ကျနော်လည်း သဘောတူတယ်။ ကုမ္ပဏီတွေ များလာပြီ ဖြစ်တဲ့အတွက် အဲဒီဝန်ထမ်းတွေဆီကနေ တနည်းတဖုံ ထည့်ဝင်ငွေတွေနဲ့ အဲဒါတခုပေါ့။ နောက်တခုကတော့ နိုင်ငံတကာမှာတော့ Sin Tax လို့ခေါ်တဲ့ ဆေးလိပ်၊ အရက်တို့ အဲဒီကနေ အခွန်ကောက်တယ်။ ဒါ ကျန်းမာရေး ထိခိုက်တဲ့ကိစ္စတွေ ဖြစ်တယ်။ အဲဒီအခွန်အကောက်တွေကို ကျန်းမာရေး အသုံးစရိတ် ရန်ပုံငွေထဲကို သီးသန့်ထည့်။ နိုင်ငံတော်ရဲ့ ဘတ်ဂျက်ထဲကို အားလုံးအတွက် မဟုတ်ဘဲနဲ့။ ဥပမာ လောလောဆယ် မြန်မာနိုင်ငံမှာ တယ်လီဖုန်း ခေါ်ဆိုခတွေက ရရှိတဲ့ အကောက်ခွန်တွေဆိုရင် ဒါကို ပညာရေးအတွက် သီးသန့်သုံးနေတာ ရှိနေပြီဆိုတော့ အဲဒီလိုမျိုးလေးတော့ ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေဘက်က၊ ကျန်းမာရေးဘက်က ဆိုရင်တော့ ကျနော်တို့က အဲဒီလမ်းကြောင်းတခုကို မျှော်လင့်ပါတယ်။ ဒါတွေလဲ ဖြစ်လာနိုင်စရာ အကြောင်းတခုလို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘဏ္ဍာရေးရန်ပုံငွေ ရှာဖို့က လိုတာကို။ နိုင်ငံတော်ဘတ်ဂျက်နဲ့ပဲ ဖြစ်မှာပါ။

ဦးသန်းလွင်ထွန်း ။ ။ နိုင်ငံတော်ဘတ်ဂျက်နဲ့ကတော့ ဘယ်လိုနည်းနဲ့မှ အဆင်ပြေမယ်၊ ရေရှည်လည်း တည်တန့်နိုင်မယ်လို့ မထင်ဘူး။ အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေအကြောင်း ဆွေးနွေးပြီ ဆိုလို့ရှိရင် ကုသရေးနဲ့ လက်တွေ့လုပ်နေတဲ့ကိစ္စလေးတွေလောက်ကိုပဲ အဓိကအာရုံထားနေကြတယ်လို့ ကျနော့်အနေနဲ့ ယေဘုယျ သုံးသပ်ပါတယ်။ အထူးသဖြင့် ဆရာဝန်တွေ မလောက်တာ၊ ဆေးဝါးမပြည့်စုံတာ ဒီအကြောင်းတွေကိုပဲ တော်တော်များများ အဓိကထား ပြောနေကြတာ တွေ့ရပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ အခြေခံကျတဲ့ ကျန်းမာရေး ပတ်သက်တဲ့ မူဝါဒ၊ စောင့်ရှောက်မှု မူဝါဒ၊ ပြုပြင်ပြောင်းလဲမှု တခုလုံးကို ဆွေးနွေးနေတာ ဆရာတို့ ရှိပေမယ့် ပြင်ပမှာ ဒီကိစ္စတွေကို တခြားပညာရှင်တွေနဲ့ ခေါ်ယူပြီးတော့ တိုင်ပင်ဖို့။ အခုဆိုရင် ဆရာတို့လဲ ကမ္ဘာ့ဘဏ်ကို ရောက်လာပြီးတော့ ဒီကိစ္စမျိုးတွေ ဆွေးနွေးတယ်ဆိုတော့ ဒါပြီးရင် ကျယ်ကျယ်ပြန့်ပြန့် တိုင်ပင်လာမယ့်၊ ဖိတ်ခေါ်လာမယ့် အပိုင်းတွေ ရှိပါလား။ အထူးသဖြင့် ကျန်းမာရေးဆိုတာက ဆရာဝန်တွေကြီးပဲ လုပ်လို့ရတဲ့ကိစ္စ မဟုတ်ဘူးလေ။ စီမံကိန်းနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်တဲ့ လူတွေလည်း လိုတယ်ဆိုတော့ ဒါနဲ့ ပတ်သက်လို့ ဆရာတို့အနေနဲ့ နောက်ထပ် ဆရာတို့ရဲ့ မျှော်မှန်းချက်ကလေးကို တချက်လောက် ရှင်းပြပါ။

ဦးစံရွှေဝင်း ။ ။ ရှိပါတယ်။ ဒါတွေက နိုင်ငံတကာ ပံ့ပိုးမှုအနေနဲ့ဆို ကမ္ဘာ့ဘဏ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ UNICEF, UNFPA, 3MDG စသည်ဖြင့်။ နောက်ပြီးတော့ JICA ကနေ ပံ့ပိုးတာတွေလည်း အများကြီး ရှိပါတယ်။ ဒါက ပြည်ပပါ။ ပြည်တွင်းအနေနဲ့ ကျနော်တို့ စဉ်းစားရမှာက ဆရာက ကုသရေးပိုင်းတင် မဟုတ်ဘဲ၊ ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေလည်း အများကြီး စဉ်းစားရမှာပါ။ စဉ်းစားတဲ့အခါမှာလည်း ကျနော်တို့ လူဦးရေးရဲ့ (၂၀) ရာခိုင်နှုန်းက ကျေးလက်ဒေသတွေနေ ဖြစ်တယ်။ ပြီးတော့ ခက်ခဲတဲ့ ဒေသတွေအတွက်လည်း ကျနော်တို့ အများကြီး စဉ်းစားရတယ်။ ပြီးတော့ Conflict Area အတွက်လည်း စဉ်းစားပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ခက်ခဲတဲ့ ဒေသတွေမှာ ဆရာဝန်တွေကို အမှတ်လျှော့ခေါ်တယ်။ သူနာပြုဆရာမတွေကို အမှတ်လျှော့ခေါ်တယ်။ ကျေးလက်ကျန်းမာရေးမှူးတွေကို အမှတ်လျှော့ခေါ်တယ်။ ဒါမျိုးတွေလည်း ကျနော်တို့ လုပ်နေပါပြီ။ Conflict Area မှာကြတော့ သွားရတာ နည်းနည်းခက်ပါတယ်။ အစိုးရအနေနဲ့ Ethnic Health Organization ခေါ်တဲ့ အဖွဲ့တွေနဲ့ စတင်ပြီးတော့ ပူးပေါင်းဆောင်ရွက်နေတာတွေ ရှိနေပါတယ်။ ဒါလေးတွေကတော့ ကျနော်တို့ ကောင်းတဲ့ဘက်ကို သွားနေတဲ့ အရွေ့တွေလိုပဲ နားလည်ထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဆရာအနေနဲ့ တခြားဘာပြောချင်ပါလဲ။

ဦးသန်းဝင်း ။ ။ ဆရာမေးတဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း မူဝါဒတွေ၊ စာတမ်းတွေ ထွက်ပြီးထားပြီ ဖြစ်ပါတယ်။ အဲဒီအပေါ်လည်း အခြေခံပြီးတော့ ဆွေးနွေးစဉ်းစားကြတာတွေ ရှိပါတယ်။ အဲဒီတော့ နောက်တချက်ကြတော့ အစဉ်အဆက်အားဖြင့် ဆိုရှယ်လစ်ခေတ်ကနေ ဒီဘက်မှာ ဘတ်ဂျက်တိုးလာတဲ့ အချိန်မှာပဲဖြစ်ဖြစ်၊ အများစုက မြို့ကြီးက ဆေးရုံကြီးတွေအတွက်ပဲ ဇောင်းပေးနေကြတယ်။ အဲဒီမှာလဲ ဆေးဝါးတွေ ဝယ်တဲ့အပြင်၊ အဆောက်အအုံဆောက်တာတွေ လိုတော့လဲ လိုတာပေါ့လေ။ ဆေးရုံကြီးတွေဆောက်တာ၊ ပစ္စည်းအသစ်ကြီးတွေ အကောင်းကြီးတွေဝယ်တာ များနေပြီတော့ တကယ်တမ်းကြတော့ လိုအပ်တာ မြို့နယ်အခြေခံတဲ့ Primary Health Care ပါ အခြေခံစောင့်ရှောက်မှု။ မြို့နယ်ဆေးရုံတွေ။ သူ့လက်အောက်မှာရှိတဲ့ တိုက်နယ်ဆေးရုံတွေ၊ ကျန်းမာရေးဌာနတွေ။ အဲဒီမှာ ဖြည့်တင်းဖို့၊ အဲဒီမှာ ဆေးဝါး၊ လူအင်အား။ နောက်တခုကြတော့ မြို့နယ်တွေ၊ အထူးသဖြင့် ဒီအစွန်းဖြစ်တဲ့ တိုက်နယ်ဆေးရုံတွေမှာ ဆရာဝန်တွေရောက်ဖို့။ ရောက်ရင်လဲ နေပျော်အောင် ဖန်တီးပေးဖို့ဆိုတာ၊ လစာကတော့ အစိုးရဝန်ထမ်းတွေဖြစ်တဲ့အတွက် တခြားအစိုးရအရာရှိတွေနဲ့ တန်းတူအခြေခံလစာ တူတယ်ဆိုပေမယ့်လဲ ကျန်တဲ့ပံ့ပိုးမှု၊ ဥပမာ နေထိုင်စရာ အိမ်လိုမျိုး၊ သွားလာရေးအတွက် ဓါတ်ဆီဖိုးဖြစ်ဖြစ်၊ ခရီးစရိတ် အဲဒါမျိုးတွေနဲ့ လုပ်ပေးဖို့။

ဦးသန်းလွင်ထွန်း ။ ။ ကျေးဇူးတင်ပါတယ် ဆရာ။ ကျနော်တို့က အချိန် ဒီလောက်ပဲ ရတယ်ဆိုတော့ ဒီကိစ္စကို လာပြီးတော့ ရှင်းပြပေးတဲ့အတွက် ဆရာဦးသန်းဝင်း နဲ့ ဆရာဦးစံရွှေဝင်းတို့ကို ကျေးဇူးတင်ပါတယ်။

ဦးစံရွှေဝင်း + ဦးသန်းဝင်း ။ ။ ကျနော်တို့လည်း ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG