စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ ဖိနှိပ်အုပ်ချုပ်မှုအောက် ကြောက်ရွံ့မသွားပဲ အသက်အန္တရာယ် ရင်ဆိုင်ကျော်လွှားပြီး ဖြစ်ရပ်မှန်တွေတင်ပြနိုင်ရေး သတင်းသမားတွေ ကြိုးပမ်းနေကြဆဲဖြစ်တဲ့အတွက် ဂုဏ်ယူမိကြောင်း ကမာရွတ်သတင်းမီဒီယာကို တည်ထောင်ခဲ့သူတဦးလည်းဖြစ်၊ နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရတဲ့ ကိုနေသန်မောင်က ဗွီအိုအေကိုပြောပါတယ်။
စစ်အာဏာသိမ်းချိန်ကစလို့ သုံးနှစ်နီးပါးကာလအတွင်း သတင်းထောက်တွေ ရင်ဆိုင်ဖြတ်သန်းနေတဲ့ အခြေအနေတွေကို မအင်ကြင်းနိုင်က Zoom ကနေတဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။
မအင်ကြင်းနိုင် ။ ။ ပြီးခဲ့တဲ့ သတင်းပတ်တွေတုန်းက လွတ်လပ်ရေးနေ့ဆိုပြီးတော့ စစ်ကောင်စီကနေ အကျဉ်းသားတွေ လွှတ်ပေးတဲ့ထဲမှာ ဓါတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းလည်း ပါလာပါတယ်။ ကျမ ကိုကောင်းဆက်လင်းနဲ့ ဆက်သွယ်မေးမြန်းခွင့်ရတဲ့အချိန်မှာ သူ ဖမ်းခံရတဲ့အခြေအနေကို ပြောပြတယ်။ နောက်ပြီး သူတို့ သတင်းထောက်တွေ ရင်ဆိုင်နေရတဲ့ အနေအထားတွေ။ အထူးသဖြင့် ကင်မရာကိုင်တဲ့လူတွေ၊ ဖုန်းကိုင်တဲ့ လူတွေ၊ သတင်းထောက်တွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးခဲ့တာကို သိခဲ့ရတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့ သုံးနှစ်တာ - သုံးနှစ်ပြည့်တော့မယ်ဆိုတော့ လက်ရှိ မြန်မာနိုင်ငံမှာ သတင်းထောက်တွေရဲ့ အခြေအနေက ဘယ်လောက်ထိ ဖြစ်နေသလဲရှင့်။
ကိုနေသန်မောင် ။ ။ ကျနော်တို့ ဝမ်းနည်းစွာနဲ့ပဲ ပြောရမှာက စစ်တပ်က မအောင်မြင်တဲ့ အာဏာသိမ်းမှု သုံးနှစ်ပြည့်ခါနီးအချိန်မှာ ကျနော်တို့တိုင်းပြည်မှာ ကင်မရာ ကိုင်ထားတဲ့သူတွေ၊ အသံဖမ်းမှတ်တမ်းတင်တဲ့သူ၊ သတင်းထောက်များအပါအဝင် နိုင်ငံသားပြည်သူ မည်သူမဆိုကို အသက်အန္တရာယ်အရ ခြိမ်းခြောက်မှု။ ချက်ချင်းပဲ ကင်မရာ ကိုင်ထားတဲ့နေရာမှာ အသတ်ခံရနိုင်တယ်။ ပစ်သတ်ခံရနိုင်တယ်။ ကားနဲ့တိုက်ပြီး သတ်ခံရနိုင်တယ်။ ပြီးတော့ နောက်ထပ် စစ်ကြောရေးကို ဖြတ်သန်းရမယ်။ ပြင်းထန်ဆိုးဝါးတဲ့ ညဉ်းပန်းနှိပ်စက်မှု၊ လူမဆန်တဲ့ နှိပ်စက်မှုတွေ။ Torture survive ဖြစ်သွားတဲ့ Journalists တွေ အများကြီး အကျဉ်းထောင်ထဲကို ရောက်လာကြတယ်။ ဒီအခြေအနေက ဘာကိုပြောနေသလဲဆိုတော့ ကျနော်တို့နိုင်ငံမှာ သတင်းလွတ်လပ်ခွင့်က လုံးဝမရှိ၊ ဆိတ်သုဉ်းနေပေမဲ့ မြန်မာပြည်မှာရှိတဲ့ သတင်းမီဒီယာ လူငယ်တွေ၊ အမျိုးသား၊ အမျိုးသမီးလူငယ်တွေသည် အမှန်တရားအတွက် ကင်မရာကိုင်ပြီး စွန့်လွှတ်စွန့်စားမှုတွေ အများကြီးလုပ်ပြီးတော့ တာဝန်တွေ ထမ်းဆောင်နေကြတယ်ဆိုတာ အင်မတန် ဂုဏ်ရှိစွာ တွေ့ရပါတယ်။ ဒီတခုတည်းနဲ့ ကမ္ဘာကို ပြောလို့ရပါတယ်။ နိုင်ငံမှာ သတင်းလွတ်လပ်ခွင့် မဆိတ်သုဉ်းပါဘူး။ သတင်းလွတ်လပ်ခွင့်ကို မြတ်နိုးတဲ့ သတင်းသမားလူငယ်တွေ အမြောက်အမြား ဒီတော်လှန်ရေးကြီးမှာ ရှေ့တန်းက ဦးဆောင်နေတဲ့အတွက် အင်မတန် ဂုဏ်ယူရတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။ အဲဒီတခုတော့ လေးစားဦးညွှတ်စွာနဲ့ အရင်ဆုံးပြောချင်ပါတယ်။
မေး ။ ။ ကိုကောင်းဆက်လင်းရဲ့ အဖြစ်အပျက်ကိုကြည့်မယ်ဆိုရင် သူတို့တွေက လျှပ်တပြတ် ဆန္ဒပြတယ်။ ရန်ကုန်မှာ လျှပ်တပြတ်ဆန္ဒပြနေတာတွေကို မှတ်တမ်းတင်တယ်။ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးတဲ့နေရာမှာ သူတို့ကို ကားနဲ့တိုက်ပြီးတော့ ဖမ်းခံရတယ်။ ဒီလို လျှပ်တပြတ်ဆန္ဒပြတာတွေကို သွားပြီးတော့ သတင်းယူတဲ့အခါ သူတို့မှာ အန္တရာယ်ရှိတယ်။ ဒီလို အချိန်မရွေး ဖမ်းဆီးခံရမယ်ဆိုတာကို သိရဲ့သားနဲ့ သူတို့သတင်းသွားယူချင်တဲ့စိတ်၊ ဓါတ်ပုံရိုက် မှတ်တမ်းတင်ချင်တဲ့စိတ်ဆိုတဲ့ သတင်းသမားတွေရဲ့ ဖြစ်တဲ့နေရာကို သတင်းသွားယူတဲ့စိတ်ဓါတ်က ဘာကြောင့် မကြောက်မရွံနဲ့ ဒီလိုစိတ်တွေ ဖြစ်ရတာလဲရှင့်။
ဖြေ ။ ။ အဓိကတော့ ပြည်သူကို တိုင်းပြည်မှာ ဘာတွေဖြစ်နေသလဲဆိုတာတွေ - ကောင်းတာတွေ၊ ဆိုးတာတွေ ဖြစ်နေတာတွေကို အမှန်တိုင်း ပြောပြမယ်ဆိုတဲ့ သတင်းသမားတွေရဲ့ ပထမဦးတည်ချက်ပေါ့။ လူထုကို သတင်းအချက်အလက်ပေးဖို့ဆိုတဲ့ ဦးတည်ချက်အတွက် လုပ်တဲ့အခါမှာ ရန်ကုန် မြို့လယ်ခေါင် မြိကြီးပြကြီးတွေမှာလည်း လျှပ်တပြတ် ဆန္ဒပြပွဲတွေကို သတင်းသမားတွေရအောင် Cover ယူသလို၊ ရှေ့တန်းစစ်မျက်နှာြပင်မှာလည်း အသက်နဲ့ရင်းပြီးတော့ ရယူတာဝန်ထမ်းဆောင်နေသူတွေ အများကြီး။ မြိပြမှာ ဖြစ်သွားတာ ကားနဲ့တိုက်သတ်တာ၊ ရက်ရက်စက်စက် သတင်းထောက်တွေကို ဘာကြောင့်လုပ်လဲဆိုရင် သူတို့ဘက်က စွပ်စွဲချက်က ရှင်းပါတယ်။ ကျနော်တို့ကတော့ သတင်းသမားတွေ ဖြစ်တယ်။ အစိုးရကို ဆန္ဒပြတာ မပါဘူးလို့ မည်သို့ပင်ပြောဆိုစေကာမူ သတင်းသမားတွေက ဒီမိုကရေစီရေး လှုပ်ရှားမှုနဲ့ ပတ်သက်တာ၊ စစ်အာဏာရှင် ဆန့်ကျင်ရေးမှာရှိတဲ့သူတွေနဲ့ လှုပ်ရှားမှုတွေမှာ ပူးပေါင်းပြီး အကွက်ကျကျ၊ အချိန်ကိုက် လုပ်တယ်ဆိုတဲ့ စွပ်စွဲမှုတွေ ရှိပါတယ်။ ကျနော်ကတော့ မငြင်းချင်ပါဘူး။ အမှန်တရားနဲ့ ပတ်သက်လာရင် ကျနော်တို့မှာ ဘက်တွေရှိတဲ့အတွက် ပြည်သူဘက်က ဘက်လိုက်တယ်။ အမှန်တရားဘက်လိုက်တယ်ဆိုရင် ရန်သူရဲ့ အငြိုးထားခြင်းကို ကျနော်တို့ ကျိန်းသေပေါက် ခံရမှာပါ။ ဒါက ဒီကနေ့ အညာမှာရှိတဲ့ ပြည်သူတွေလည်း ဒီလိုပစ်မှတ်ထားပြီး တိုက်ခိုက်ခံနေရတာ တကမ္ဘာလုံး သိပါတယ်။ အဲဒီတော့ ကျနော်ကတော့ ဘာကြောင့် ဒီလိုအခက်အခဲ အန္တရာယ်တွေကြားထဲမှာ သတင်းထောက်တွေက ရွပ်ရွပ်ချွံချွံ စွန့်လွှတ်ပြီးတော့ တာဝန်ထမ်းဆောင်နေသလဲဆိုတာကို ပြောရမယ်ဆိုရင် အကောင်းဆုံးပြောနိုင်တာက လူသားရဲ့ တာဝန်ကြေမှုပါပဲ။ ဒီလူငယ်တွေ သတင်းစာဆရာတွေက သူတို့ခေတ်ကြီးတခုလုံးရှေ့မှာ ဖြတ်သန်းသွားခဲ့တဲ့ စစ်အာဏာရှင်တော်လှန်ရေးကို သူတို့ ဘယ်လိုပေးဆပ်အနစ်ခံပြီးတော့ ရောက်အောင် Cover လုပ်သွားမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှု။ အဲဒီစိတ်ပိုင်းဖြတ်မှုကို ကျနော် အလေးပြုပါတယ်။ လေးစားပါတယ်။
မေး ။ ။ အဲဒီတော့ မြန်မာနိုင်ငံက သတင်းသမားတွေ၊ သတင်းထောက်တွေကို နိုင်ငံတကာနဲ့ ယှဉ်ပေါင်တန်းပြီးတော့ သတင်းတွေကို တင်ဆက်တယ်။ မှတ်တမ်းတွေ ရိုက်ကူးတယ်ဆိုတဲ့ အခြေအနေကို မေးချင်တာက ဥပမာ ဓါတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းဆိုရင် သူနဲ့လုပ်ဖော်ကိုင်ဖက် ဓါတ်ပုံသတင်းထောက် မှူးရတနာနဲ့ သွားပြီးတော့ သတင်းယူတယ်။ ဓါတ်ပုံမှတ်တမ်းတင်တယ်။ အဲဒီအချိန်မှာ ကားနဲ့တိုက်ပြီးတော့ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့အခါမှာ ဒီမြန်မာသတင်းထောက်တွေ၊ မြန်မာသတင်းသမားတွေကို နိုင်ငံတကာနဲ့ နှိုင်းယှဉ်လို့ရှိရင် သူတို့ရဲ့ အရည်အသွေး၊ အရည်အချင်းကို ဘယ်လိုတွေ့ရသလဲရှင့်။
ဖြေ ။ ။ နိုင်ငံတကာ စစ်သတင်းထောက်တွေ၊ ပဋိပက္ခဇုန်တွေမှာရှိတဲ့ ဝါရင့်အတွေ့အကြုံရှိတဲ့ သတင်းထောက်တွေကြားမှာတောင်မှ ပဋိပက္ခနဲ့ ပတ်သက်လာရင် သတင်းကို သတင်းဖြစ်ရပ်အတိုင်း မှတ်တမ်းတင်ရမယ်။ သတင်းသမားသည် ပဋိပက္ခထဲမှာ ပါဝင်ဖို့ မလိုဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိပါတယ်။ ငြင်းခုန်ကြတာတွေလည်း ရှိပါတယ်။ မှတ်မှတ်ရရဆိုရင် အစာရေစာ ပြတ်လပ်နေတဲ့ ကလေးငယ်လေးတယောက် ဒုက္ခသည်စခန်းသွားတဲ့လမ်းမှာ ဘယ်အချိန်သေမှန်းမသိတဲ့အချိန်မှာ လင်းတတွေက စောင့်ပြီးတော့ စားဖို့စောင့်နေတဲ့အကြောင်း မှတ်တမ်းတင်တဲ့ အဲဒီမြင်ကွင်းလေးကို သွားသတိရပါတယ်။ Journalist တွေဘက်ကကြည့်ရင် အမြင်ကတမျိုး။ အများပြည်သူဘက်ကတော့ လူအသက်ကို မကယ်သင့်ဘူးလား။ သတင်းဓါတ်ပုံ ရိုက်တာထက်၊ ဒီကလေးလေးကို ကယ်လိုက်ရင် - နောက် အဲဒီသတင်းသမားကိုယ်တိုင် သူ့ကိုယ်သူ အပြစ်ရှိတယ်လို့ ခံစားရပြီးတော့ Suicide လုပ်သွားပါတယ်။ ကျနော်ထင်တယ် - လူ့အဖွဲ့အစည်းအတွက် အဖြေမရပါဘူး ထင်ပါတယ်။ သတင်းသမားကတော့ ကျနော်ထင်တယ် ဒီတခေါက် မြန်မာပြည်မှာရှိတဲ့ မမှူးရတနာ၊ ကောင်းဆက်လင်းတို့အပါအဝင် နွေဦးတော်လှန်ရေးမှာ အသက်ပေးသွားတဲ့သူတွေ၊ သတင်းထောက်တွေ၊ နောက် စစ်ကြောရေးတွေ၊ ထောင်တွေထဲမှာ အခုအချိန်အထိ ယုံကြည်ချက်ကြောင့် ကျခံနေရတဲ့ သတင်းသမားတွေက အဖြေပေးသွားတယ်။ ဆန္ဒပြတာကို ကားနဲ့တိုက်သတ်ခံရတဲ့ လူငယ်တွေကို ငဲ့ညှာပြီးတော့ နောက်ဆုံး သတင်းသမားက ကိုယ်လွတ်မရုန်းသွားဘဲ မြင့်မြတ်စွာ အဖမ်းခံသွားတယ်ဆိုတဲ့ နမူနာကောင်းကို ကျနော်ထင်တယ် တကမ္ဘာလုံးက အများပြည်သူတွေ ကျေနပ်ကြမယ်ထင်ပါတယ်။ သတင်းသမားတွေသည် ပဋိပက္ခဇုန်ထဲရောက်သွားတဲ့အခါမှာ ကိုယ့်အသက်ကိုယ့်လုံခြုံရေးတောင် မစဉ်းစားတော့ဘဲနဲ့ ကိုယ်ထိတွေ့နေရတဲ့ သတင်းလောကထဲမှာရှိတဲ့ source တွေ၊ ပြည်သူတွေ - သူတို့ရဲ့ အသက်ဘေးအန္တရာယ်ကို ဦးစားပေးကာကွယ်ရမယ်ဆိုတဲ့ အမှန်တရားကို ပြသွားတယ်။ ကျနော်က အဲဒီတချက်တည်းနဲ့ ကျနော်တို့ မြန်မာြပည်မှာရှိတဲ့ အနာဂတ်သတင်းမီဒီယာလောကအတွက်လည်း အင်မတန်ဂုဏ်ယူတယ်။ အင်မတန်မျှော်လင့်ချက်တွေလည်း ရှိတယ်။ အဲဒီအတွက် ကျနော်တို့ Torture Survivors ဖြစ်ခဲ့တဲ့ မမှူးရတနာအပါအဝင် ဖြစ်ခဲ့တဲ့ ကျန်တဲ့ရဲဘော်တွေအားလုံးကို အင်မတန်ဂုဏ်ယူတဲ့အကြောင်းလည်း ပြောချင်တယ်။ ဒါက ကျနော်တို့ ကမ္ဘာကိုပေးလိုက်တဲ့ မြန်မာသတင်းသမားတွေရဲ့ ရပ်တည်ချက်ပါပဲ။ ကျနော်က အဲဒီလို မြင်ပါတယ်။
မေး ။ ။ မမှူးရတနာရဲ့ အဖြစ်အပျက်ကို ကြည့်မယ်ဆိုရင် မှူးရတနာကို ကားနဲ့တိုက်ပြီးတော့ ဖမ်းဆီးခံရတဲ့ အဖြစ်အပျက်မှာဆိုရင် တကိုယ်လုံး စစ်ကားနဲ့ ကြိတ်ခံခဲ့ရတယ်။ နောက် စစ်ကားဘီးထဲမှာ သူက ပါသွားတယ်။ သူကို တကိုယ်လုံး ကြိတ်လိုက်သလို ဖြစ်သွားတဲ့အပြင် သူ့ရဲ့ ခြေထောက်ဆို ကြေမွသွားတယ်။ ကားဘီးကြိတ်တဲ့အရှိန်နဲ့။ ဒါကို ထောင်ထဲမှာလည်း အပြည့်အ၀ ဆေးကုသခွင့်မရတဲ့အပြင်၊ ထောင်ဒဏ်နှစ်ပေါင်းများစွာ အကျဉ်းချထားတဲ့အခါကြတော့ ဒီလိုသတင်းသမားတွေအပေါ် စစ်ကောင်စီရဲ့ အငြိုး၊ ဘာဖြစ်လို့ ကားနဲ့တိုက်ဖမ်းတယ်။ မသေမရှင် ဖြစ်ခဲ့ရတယ်။ ထောင်ထဲမှာလည်း နှစ်ပေါင်းများစွာထားတယ်ဆိုတော့ စစ်ကောင်စီက ဘာြဖစ်လို့ သတင်းသမားတွေကို ဒီလောက်အထိ အငြိုးတကြီး လုပ်နေတယ်လို့ မြင်ပါသလဲရှင့်။
ဖြေ ။ ။ မမှူးရတနာရဲ့ Case ဆိုရင် Torture survivor ပေါ့။ အကျဉ်းစခန်းမှာလည်း နှိပ်စက်ခံရတယ်။ စစ်ကြောရေးမှာလည်း နှိပ်စက်ခံရတယ်။ ဆန္ဒပြတာကို သတင်းယူတဲ့အချိန်မှာလည်း စစ်ကားနဲ့ တိုက်ကြိတ်တယ်။ အရိုးတွေကြေတယ်။ ကောင်းမွန်စွာ ဆေးကုသခွင့် မရဘူး။ ဆိုလိုတာက သူက ဒုက္ခတတပိုင်း ဖြစ်သွားတဲ့အထိ လူကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အင်မတန် နောင်ကျဉ်သွားအောင် အပြစ်ပေးတဲ့နေရာမှာ ဖက်ဆစ်စစ်တပ်က ရက်ရက်စက်စက် လုပ်ပြလိုက်တဲ့ နမူနာဟောင်းပေါ့။ နောက်ဥပမာတခုဆိုရင် ရဲဘော်ရဲဘက်ဖြစ်တဲ့ ဆရာမရှင်ဒေဝီ - မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ အမျိုးသမီးဆိုလည်း ဒီလိုပဲ မှတ်တမ်းရုပ်ရှင်တွေ ရိုက်လို့ဆိုပြီး ရည်ရွယ်ချက်နဲ့ကို ထောင်ဒဏ်တသက်တကျွန်း ချလိုက်တယ်။ ကျနော်တို့ မကြားဘူးတာတွေ ဒီတိုင်းပြည်မှာ ကြားနေရတာက ရယ်ဖို့လည်းကောင်းတယ်။ ဘာကြောင့် စစ်ကောင်စီက စစ်တပ်က ဘာကြောင့် သတင်းသမားတွေကို အငြိုးတကြီးနဲ့ လုပ်ရသလဲဆိုတော့ သူ့ရဲ့မအောင်မြင်သော အာဏာသိမ်းမှု ဖြစ်သွားရတဲ့ ကိစ္စတွေမှာ တရားခံသည် သတင်းမီဒီယာတွေကြောင့်လို့ သူက တသေကျသတ်မှတ်ထားတယ်။ အဲဒီသတ်မှတ်ချက်ကနေ မစွန့်လွှတ်နိုင်ဘူး။ သူသည် ဝါဒဖြန့်လုပ်ဖို့ သူဘက်က Counter လုပ်မယ့် သတင်းသမားတွေ အများကြီးမွေးပြီးတော့ Story တွေကို ပုံမှား၊ ပုံဖျက်ရိုက်တယ်။ နောက်ဆုံးတော့ သူ မအောင်မြင်ပါဘူး။ ပြည်သူလူထုရဲ့ စိတ်ဆန္ဒဇွဲနဲ့ သတင်းသမားတွေရဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ သတ္တိ။ တကယ့်ကို သူသေကိုယ်သေ ယှဉ်ပြိုင်တိုက်ရတဲ့အခါ လူသားဂုဏ်သိက္ခာရဲ့ အမြင့်ဆုံးတာဝန်ကို ထမ်းဆောင်သွားတဲ့ သတင်းသမားတွေကို စစ်တပ်က သေတဲ့ထိ မုန်းမှာပဲ။ သူ ကျရှုံးသွားပြီး၊ ဒီကမ္ဘာမြေက ပျောက်ကွယ်သွားတဲ့အထိ မုန်းမှာပဲ။ သူ့ရဲ့အမုန်းတရား၊ သူ့ရဲ့အငြိုးတွေက ကျနော်တို့မြန်မာနိုင်ငံ Journalism ရဲ့ အတောက်လုံးဆုံး၊ အထိန်းလင်းဆုံး မီးတုတ်တခုလို့ ကျနော်က တင်စားပြောချင်ပါတယ်။
မေး ။ ။ ဒီနေရာမှာ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အဖြစ်အပျက်တွေကို မှတ်တမ်းတင်ရိုက်ကူးတာပဲဖြစ်ဖြစ်၊ သတင်းယူတာပဲဖြစ်ဖြစ် အထူးသဖြင့် သတင်းအမှန်နဲ့ အမှား၊ သတင်းတုဖြန့်တာတို့ သတင်းအမှန်ကို တင်ပြတယ်ဆိုတဲ့ အဲဒီလိုအပိုင်းတွေမှာ မြန်မာသတင်းသမားတွေရဲ့ တင်ပြမှုကို ဘယ်လိုမြင်ပါသလဲရှင့်။
ဖြေ ။ ။ သတင်းတင်ပြမှုမှာတော့ မအောင်မြင်တဲ့ အာဏာသိမ်းမှု သုံးနှစ်တာကာလအတွင်းမှာတော့ အများကြီးပြောင်းလဲသွားတယ်။ သတင်းသမားလောကထဲကို ဝင်လာတဲ့ လူငယ်အသစ်တွေ အများကြီးပဲ။ သူတို့ဆီက တင်ပြတဲ့ပုံစံအသစ်တွေလည်း တွေ့ရတယ်။ များသောအားဖြင့်တော့ သူတို့က တကယ့်ပဋိပက္ခဇုန်ထဲမှာ ပဋိပက္ခဒဏ်ခံနေရတဲ့ သူတွေနဲ့အတူတူ ရှိနေကြတယ်။ ဒါပေမဲ့ Quality တင်ဆက်မှုအပိုင်းမှာတော့ ပြည်သူတွေဆီ ရောက်တဲ့အခါမှာ ပြည်သူကို တိုက်ရိုက်တင်ပြတဲ့အနေအထားမှာ ရှိပါတယ်။ အဲဒီတော့ အယ်ဒီတာတွေရဲ့ အခန်းကဏ္ဍကလည်း အင်မတန်အရေးကြီးတယ်။ သတင်းကို အများပြည်သူ ယုံကြည်စိတ်ချမှုရအောင် မှန်ကန်မှုရအောင် အားထုတ်ထားပြီး၊ သက်စွန့်စံဖျားလူထုရှေ့မှောက်ကို ရောက်လာတဲ့သတင်းမျိုးတွေ။ တင်ဆက်မှုပိုင်းမှာတော့ ကျနော်တို့ နည်းနာအရ၊ တချို့ပညာပြည့်၀မှု အရမ်းကို ကမ္ဘာ့အဆင့်အတန်း အဲဒီနေရာမျိုးသွားဖို့က ကျနော်တို့ အမှန်တိုင်းဝန်ခံရရင်တော့ Quality လိုနေပါသေးတယ်။ ဒါပေမဲ့ သတင်းသမားတယောက်ဖြစ်ဖို့ဆိုတဲ့ ဒေါင်ဒေါင်မြည် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုမှာတော့ လုံး၀သံသယ မရှိပါဘူး။
မေး ။ ။ စစ်ကောင်စီဆိုရင် ကိုကောင်းဆက်လင်းတို့ကို ဖမ်းတဲ့အခါမှာ သူတို့ နှိပ်စက်ခံရတယ်။ နောက်ပြီးတော့ ကားတိုက်တဲ့အရှိန်ကြောင့် ခါးရိုးကျိုးတဲ့ဒဏ်တွေ ခံရတယ်။ တခါ စစ်ကြောရေးကို ဖြတ်သန်းရတယ်။ ထောင်ထဲမှာလည်း ခါးကျိုးတဲ့ဒဏ်နဲ့ အခြားကားတိုက်ရာကနေ ရရှိခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေကို ခံစားခဲ့ရတယ်။ သတင်းသမားတွေ၊ နောက်ပြီးတော့ မိသားစုပိုင်းမှာလည်း သူ့အမေက သူထောင်ကျနေချိန်မှာ ဆုံးသွားတယ်။ မိသားစုပိုင်းမှာလည်း ခက်ခက်ခဲခဲ ဖြတ်သန်းရတယ်ဆိုတော့ သတင်းသမားတွေက ဒီအခက်အခဲတွေကို ကျော်လွှာတဲ့နေရာမှာ ဘယ်လိုစိတ်ဓါတ်မျိုးတွေနဲ့ ကျော်လွှာရသလဲ။ ဥပမာ ကိုနေသန်မောင်ကိုယ်တိုင်လည်း တွေ့ကြုံခဲ့ရတော့ ဒီလိုစိတ်ဓါတ်ပိုင်းဆိုင်ရာ ရိုက်ချိုးခံရတဲ့အခါ၊ ဖိနှိပ်ခံရတဲ့အချိန်မှာ ရုပ်ပိုသတ္တိ - ဝင်းစိတ်ပိုင်းဆိုင်ရာ ဖိနှိပ်ခံရတဲ့အခါမှာ သတင်းသမားတွေ ဘယ်လိုရင်ဆိုင်ခဲ့ကြသလဲ။
ဖြေ ။ ။ ယုံကြည်မှု။ ပြည်သူတွေကို Story တွေ ပြောပြချင်တဲ့ Storyteller တွေ။ အစစ်အမှန် သတင်းတွေကို ပြောပြချင်တဲ့ သတင်းသမားတွေအားလုံးရဲ့ ခံစားချက်ကတော့ အတူတူပါပဲ။ တယောက်ချင်းဆီ ကြုံခဲ့ရတဲ့ ဖြစ်ရပ်ဆိုးတွေကတော့ တယောက်နဲ့တယောက် ထပ်တူမကျပေမဲ့၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ Torture ဒဏ်ကတော့ အပြင်းထန်ဆုံးဖြစ်တယ်ဆိုတာတော့ ငြင်းစရာမလိုပါဘူး။ ဒီလိုမျိုး ဒုက္ခသုက္ခတွေကို ဘယ်လိုရင်ဆိုင်ရသလဲဆိုရင် နောက်ဆုံးတော့ ကျနော်တို့ထက်ပိုပြီး ပြင်းထန်စွာ ညဉ်းပန်းနှိပ်စက်ခံရတဲ့ ရဲဘော်ရဲဘက်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ မိဘပြည်သူတွေ။ သူတို့မျက်နှာကို ကျနော်တို့ ပြန်ကြည့်ရတယ်။ ဒီလူထုရဲ့ ထောင်ထဲမှာ အကျဉ်းတိုက်ထဲမှာ လူထုရဲ့ ရဲရဲတောက် စွန့်လွှတ်စွန့်စားတဲ့ သတ္တိတွေကိုကြည့်ပြီး ကျနော်တို့ ပြန်ပြီးခွန်အားပြန်မွေးမြူးရတယ်။ အပြင်က သံပုံးတီးသံတွေကြားပြီး ငါတို့လူထုက စောင့်နေသေးတယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ အားမွေးရတာပေါ့။ ဒီလိုပဲ တရက်ပြီးတရက် ကျနော်တို့ ရင်ဆိုင်ကျော်လွှာပြီး ဖြတ်သန်းရတာပေါ့။ နောက်ဆုံးတော့ ကျနော်တို့အားလုံး ကိုယ့်ကိုယ်ကို ကျေနပ်ပီတိဖြစ်ရလောက်တဲ့ စွန့်လွှတ်မှုတွေ ကိုယ်စီရှိကြမယ်လို့ ယုံကြည်ပါတယ်။ တယောက်နဲ့တယောက် မိဘတွေဆုံးရှုံးသွားတာ - အဖေဖြစ်သူနဲ့ မတွေ့ရတာ၊ မိခင်ဈာပနာကို လိုက်မပို့လိုက်ရတာ၊ ဆွေမျိုးညီအကို မောင်နှမတွေ ကွယ်ပျောက်သွားတာ။ ဒီတော်လှန်ရေးစစ်နဲ့ တော်လှန်ရေးမှာ ကျနော်တို့ ဖြတ်သန်းခဲ့ရတဲ့အခါ တဦးချင်းတယောက်ချင်းမှာ ပေးဆပ်မှုတွေ ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့အားလုံး မူလဘူတရည်ရွယ်ချက်ဖြစ်တဲ့ လွတ်လပ်ခွင့်ဆိုတဲ့ နေရာမှာ လူသားဆန်ဆန် ဒီလိုအကြောက်တရားတွေကို ကြောက်ကြောက်နဲ့ပဲ ဘယ်လိုရင်ဆိုင်ကြသလဲပေါ့။ ဒီ Story တွေကို ကျနော်တို့ ပြန်ပြောကြမှာပါ။ တကမ္ဘာလုံးကို ဒီသုံးနှစ်လုံးလုံး ကျနော်တို့ ဘယ်လိုဖြတ်သန်းခဲ့သလဲဆိုတဲ့ ဒီ Story တွေကို ပြန်ပြောနိုင်မှာပါ။ အဲဒီနေ့ကို ကျနော်တို့ စောင့်နေပါတယ်။