သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းလွတ်လပ်ခွင့်အတွက် ရပ်တည်နေတဲ့ ဖက်ဒရယ် FM ရေဒီယို


ဖက်ဒရယ် FM တည်ထောင်သူ ကိုတင့် နှင့် မအင်ကြင်းနိုင် (VOA)
ဖက်ဒရယ် FM တည်ထောင်သူ ကိုတင့် နှင့် မအင်ကြင်းနိုင် (VOA)

သတင်းလွတ်လပ်ခွင့်ကို စစ်ကောင်စီက နည်းလမ်းပေါင်းစုံနဲ့ အပြင်းအထန် ဖိနှိပ်ထားတာကြောင့် ပြည်သူတွေအတွက် မှန်ကန်တဲ့ သတင်းအချက်အလက် ရရှိရေးမှာ FM ရေဒီယို ထုတ်လွှင့်မှုဟာ အရေးပါထိရောက်ကြောင်း ဖက်ဒရယ် FM တည်ထောင်သူ ကိုတင့်က ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီကို အပြင်းအထန် တွန်းလှန်နေတဲ့ ကရင်နီပြည်နယ်မှာ ဖက်ဒရယ် FM အခြေစိုက် ထုတ်လွှင့်နေတာကို ကိုယ်တိုင်သွားရောက် လေ့လာခဲ့တဲ့ မအင်ကြင်းနိုင် က ကိုတင့်ကို တွေ့ဆုံမေးမြန်းထားပါတယ်။

မအင်ကြင်းနိုင် ။ ။ မင်္ဂလာပါ ကိုတင့်။ အခု ကျမတို့တွေ ဖက်ဒရယ် FM ရုံးကို ရောက်လာတယ်ဆိုတော့ ကျမတို့ အရင်ဆုံး သိချင်တာက ဒီ ဖက်ဒရယ် FM က ကရင်နီပြည်နယ်ထဲမှာ ရပ်တည်လှုပ်ရှားနေတဲ့ အခြေအနေကို ပြောပြပါလား။

ကိုတင့် ။ ။ ဟုတ် မင်္ဂလာပါ။ ကျနော်တို့ လက်ရှိရောက်နေတာကတော့ ဖက်ဒရယ် FM ရဲ့ ရုံးချုပ် ဖြစ်တယ်။ နောက် အသံသွင်းဌာနလည်း ဖြစ်တယ်။ ဆိုတော့ ကျနော်တို့ ကရင်နီမှာ စပြီး ရုံးစဖွင့်မယ်ဆိုပြီးတော့ စဥ်းစားတာက ကျနော်တို့ ၂၀၂၁ ခုနစ် မေလမှာ ကျနော်တို့ ရုံးစဖွင့်မယ်ဆိုပြီး လုပ်တာ။ အစတုန်းက ကျနော်တို့ ရန်ကုန်မှာပဲ Mobile အနေနဲ့ Underground Radio လွှင့်တဲ့ပုံစံမျိုးနဲ့ လုပ်ခဲ့တယ်။ လုပ်ပြီးသွားမှ ဒီဘက်ကို ကျနော်တို့ ရောက်လာတယ်။ ဒီမှာ ရောက်လာပြီးခါမှ ရုံးချုပ်လုပ်ဖို့ စပြီးလုပ်ပါတယ်။

မေး ။ ။ အဲဒီတော့ အခု ကရင်နီမှာ အခြေစိုက်က ဘယ်လောက်ကြာသွားပြီလဲ။

ဖြေ ။ ။ အခု မေလဆို (၃) နှစ် ရှိပါပြီ။

မေး ။ ။ အဲဒီတော့ ရန်ကုန်မှာ လှုပ်ရှားခဲ့တဲ့ဆိုတော့ အဲဒီ အပိုင်းပေါ့နော်။ အဲ့ဒါက ဖက်ဒရယ် FM အနေနဲ့ လှုပ်ရှားခဲ့တာလား။ ရန်ကုန်မှာလည်း ကိုတင့်တို့ အသံလွှင့်လုပ်ငန်း လုပ်ကိုင်ခဲ့တာကို အရင်ပြောပြပါ။

ဖြေ ။ ။ ရန်ကုန်မှာတော့ ဖေဖော်ဝါရီ အာဏာသိမ်းတဲ့နေ့မှာ ကျနော်တို့ အကုန်လုံးပြတ်သွားတယ်။ စစ်ကောင်စီက Control လုပ်လိုက်တော့ မီဒီယာတွေ အကုန်လုံး ပြတ်သွားတယ်။ ဥပမာ အင်တာနက်၊ တီဗွီလိုင်း၊ FM လိုင်း။ Shortwave လောက်ပဲ စစ်ကောင်စီ Control လုပ်လို့ မရတာ။ အဲ့ဒီမှာ ပြဿနာက ဘာလဲဆိုတော့ လူတွေက ရေဒီယိုကို Use to မဖြစ်တော့ဘူး။ ဥပမာ ပြောရရင် Shortwave က မနက်ခင်းနဲ့ ညခင်းလောက်ပဲ လူကြီးပိုင်းတွေပဲ နားထောင်တယ်။ ဒါပေမဲ့ နောက်အားသာချက်တခုက လူတွေက ဘာကို နားထောင်လဲဆိုတော့ FM ကို နားထောင်တယ်။ ကားမောင်းရင်းနဲ့ နားထောင်တယ်၊ ခရီးသွားရင်းနဲ့ FM လိုင်းတွေကို နားထောင်တယ်။ FM က တခေတ်ပြန်ထလာတဲ့အချိန်မှာ ကျ‌နော်တို့ စဥ်းစားချက်က အိုကေ စစ်ကောင်စီက ဒါတွေကို control လုပ်လိုက်တယ်။ ဒါတွေကို ပိတ်လိုက်တယ်။ ဒါဆို ငါတို့က ဘာနဲ့ပြန်ပြီး တော်လှန်မလဲပေါ့။

ဒါမျိူးဆိုရင် ငါတို့ လုပ်လို့ရတာက FM စက်တွေဝယ်ပြီးတော့ လွှင့်မယ်ဆိုပြီး ကျနော်တို့က စဥ်းစားတာ။ ဆိုတော့ အဲဒီအတွက် ကျနော်တို့တွေ ဖေဖော်ဝါရီမှာပဲ ကျနော်တို့ ပစ္စည်းတွေမှာတယ်။ မှာပြီး‌တော့ ကျနော်တို့ သုံးလပိုင်း မတ်လမှာ ကျနော်တို့ ဒုတိယပတ်မှာ ပစ္စည်းတွေ ရောက်လာတယ်။ ကျနော်တို့ တရုတ်ကနေ မှာတာ။ အဲဒီကနေပြီး ကျနော်တို့တွေ ၃ လပိုင်း ၂၇ ရက်နေ့ တော်လှန်ရေးနေ့မှာ ကျနော်တို့တွေ စပြီတော့ အသံလွှင့်တယ်။

မေး ။ ။ အဲဒီတော့ စောစောကပြောသလို ရန်ကုန်မှာ အာဏာသိမ်းပြီးတော့ ရန်ကုန်မှာစစချင်း မီဒီယာ အထူးသဖြင့် အသံလွှင့်လုပ်ငန်းကို လုပ်ခဲ့တဲ့အချိန်မှာ ဘယ်လို အခက်အခဲတွေ ရှိခဲ့လဲ။

ဖြေ ။ ။ ပထမတခုကတော့ လုံခြုံရေးက အဓိက။ မစခင်မှာ ကျနော်တို့က ဘာကို အရင်စလဲဆိုတော့ ပစ္စည်းဝယ်ဖို့။ ပစ္စည်းဝယ်တဲ့အခါမှာ ပိုက်ဆံရှိလားပေါ့။ အဲ့ဒီမှာ ကျနော်တို့ စဥ်းစားတာက ငါတို့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်စလုပ်မယ်။ အဲဒီလို ပစ္စည်းတွေကို ကိုယ့်ပိုက်ဆံနဲ့ ကိုယ်မှာတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကျနော်တို့တွေ စလုပ်တယ်။ လုပ်ရင်းနဲ့ ဘာစိုးရိမ်လဲဆိုတော့ လုပ်ရင်းနဲ့ ကျနော်တို့ ရန်ကုန်မှာ လွှင့်တဲ့ဟာကို စစ်ကောင်စီက တော်တော်ကြောက်ပုံရတယ်။ သတင်းစာထဲမှာပါ ကြေညာတယ်။ နောက် အဲ့ဒါကို လိုက်ဖမ်းတယ်ဆိုတဲ့ သတင်း ကြားလာတယ်။ ကျနော်တို့ လူတွေရဲ့ လုံခြုံရေးကိစ္စကို စိုးရိမ်ရတယ်။

မေး ။ ။ စပြီးတော့ အသံလွှင့် လုပ်ငန်းကိုလုပ်ဖို့ ဖက်ဒရယ်ဆိုတဲ့ နာမည်နဲ့ ဘာလို့ စလုပ်ခဲ့လဲ။

ဖြေ ။ ။ အဲ့ဒါကိုမလွှင့်ခင်မှာ ကျနော်တို့က ဖေဖော်ဝါရီမှာ ဆန္ဒပြတွေ လုပ်တာကို။ အဲဒီအချိန်မှာ ဗမာလူမျိုးစု ကိုယ်စားလှယ်အနေနဲ့ လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီပေါ့။ General Strike Committee of Nationalities မှာ ဗမာလူမျိုးစု ကိုယ်စားလှယ်အနေနဲ့ ဝင်ပါတယ်။ အဲဒီမှာ လူမျိုးပေါင်းစုံ အထွေအထွေသပိတ်ကော်မတီနဲ့ ဆန္ဒပြတာတွေ လုပ်နေတယ်။ အဲဒီလို ဆန္ဒပြတာတွေ လုပ်နေရင်းနဲ့ ရေဒီယိုပစ္စည်းတွေ ရောက်လာတဲ့အချိန်မှာ ငါတို့တွေ ရေဒီယိုလည်း လွှင့်မယ်။ အဲဒီအချိန်မှာ ကျနော်တို့ စဥ်းစားတာက Community Radio ကို ဟိုးအရင်က လုပ်ဖူးတယ်။ Community Radio ပုံစံမျိုးနဲ့ ရန်ကုန်မှာ လွှင့်မယ်လို့ စဥ်းစားတဲ့အခါမှာ ငါတို့ ဘာနာမည် ပေးမလဲပေါ့နော်။ အဲဒီအချိန်မှာ တော်လှန်ရေး FM, Spring FM ဆိုတဲ့ ရေဒီယိုနာမည်တွေ ပေးရင်းနဲ့ လူမျိုးပေါင်းစုံ အထွေအထွေသပိတ်ကော်မတီမှာ ကျနော်တို့ စဥ်းစားတာက ငါတို့ သွားနေတာက ဖက်ဒရယ်လမ်း။ ဖက်ဒရယ်လမ်းဆိုရင် ဘာလုပ်မလဲဆိုတော့ ဖက်ဒရယ် FM ဆိုပြီး နာမည်ပေးရင်းနဲ့ အဲဒီနာမည်နဲ့ ဖက်ဒရယ် FM ဆိုပြီး စလုပ်တယ်။ အဲဒီလိုပုံစံမျိုးမှာပဲ GSC သပိတ်ကော်မတီနဲ့ ကျနော်တို့တွေ မူတွေ တူတယ်။ တန်ဖိုးတွေ တူတယ်။ အဲဒီလိုပုံစံမျိုးနဲ့ ကျနော်တို့တွေ လုပ်ကြတယ်။

မေး ။ ။ အဲဒီတော့ အခု ကရင်နီပြည်နယ်ထိ ဖက်ဒရယ် FM ရောက်လာတဲ့ အခြေအနေကို ပြောပြပါအုံး။

ဖြေ ။ ။ အဲဒီမှာ ကျနော်တို့လူတွေ လေးလပိုင်း၊ ငါးလပိုင်းမှာ တော်လျှောက်အဖမ်းခံရတယ်။ လမ်းပေါ်မှာ ဆန္ဒပြတဲ့ဟာတွေ တော်လျှောက်အဖမ်းခံရတယ်။ အဲဒီလို ဖြစ်တဲ့အခါမှာ ကျနော်တို့ စဥ်းစားချက်က ငါတို့ ရန်ကုန်မှာ ဒီအတိုင်းသွားနေရင် ငါတို့အုပ်စုလိုက်ကြီး ပါတော့မှာ။ အဲဒီအတွက် ကျနော်က ကရင်နီကို လာခဲ့တယ်။ လာပြီးတော့ ကရင်နီရုံးမှာ တပတ်လောက် နေပြီးတော့ ရုံးငှားမယ်။ Safe House မှာ ကျနော်တို့လူတွေ အဖမ်းခံရရင် ဒီကိုပြေးဖို့ဆိုတာမျိုး စဥ်းစားတာပေါ့။ ဒါပေမဲ့ ဘာဖြစ်လဲဆိုတော့ အဲဒီအချိန်မှာ ကရင်နီမှာ ဒီမောဆို တိုက်ပွဲ စဖြစ်တော့။ စဖြစ်တဲ့အတွက် ဒီမှာပိုပြီးတော့ အခြေချ ဖြစ်သွားတာ။

မေး ။ ။ အဲဒီအခါမှာ ဖက်ဒရယ် FM အနေနဲ့ ရပ်တည်တဲ့အခါမှာကော အဲဒီလိုမျိုး ကရင်နီပြည်နယ်မှာ ရပ်တည်တဲ့အတွက် ဒီမှာရှိနေတဲ့ IEC လို ကြားကာလ အုပ်ချုပ်‌ရေးကောင်စီတို့ရဲ့ လွှမ်းမိုးမှုတွေကော ရှိလား။

ဖြေ ။ ။ လွှမ်းမိုးမှု့ရှိလားလို့မေးရင် ကျနော်တို့က မရှိဘူးလို့ ပြောရမှာပဲ။ ကျနော်တို့ရဲ့ ရပ်တည်ချက်က ရှင်းတယ်။ ဒါပေမဲ့ တချို့ မြေပြင်မှာ ရှိနေတဲ့အတွက် တချို့ကိစ္စတွေမှာတော့ ကျနော်တို့က နည်းနည်းတော့ သတိမူရတာတွေ ရှိတယ်။ ဥပမာ စစ်ရေးကိစ္စတွေမျိုးဆိုရင် ကျနော်တို့တွေ သတင်းမရေးဘူး။ စစ်ရေးကိစ္စမျိုးက အမြဲတမ်း ထိလွယ်ရှလွယ် ဖြစ်တာမျိုးဆိုတော့ သတင်းမရေးဘူး။ စစ်ရေးသတင်းဦးနဲ့ ပတ်သက်ရင် ကျနော်တို့တွေ လက်‌ရှောင်တယ်။ ပြီးတော့ အစိုးရနဲ့ ပတ်သက်တာမျိုးတွေဆို ကျနော်တို့က‌ ရေးရင်၊ အစိုးရနဲ့ ပတ်သက်တဲ့ Channel တစ်ခု ဖောက်ထားတာပေါ့။ ဒီသတင်းတွေ ဖြစ်လာတယ်ဆို ကျနော်တို့က အစိုးရကို ပေးတယ်။ အဲဒီအချိန်မှာ ဒီသတင်းတွေ ရှိနေတယ်။ အဲ့ဒါကို ဘယ်လိုဖြေရှင်းဖို့ ရှိလဲ။ ဘယ်သူက အဲဒါကို ဖြေရှင်းလိုက်နိုင်လဲ ဆိုတာကို သိသွားပြီ။ ကျနော်တို့က ဒါကို သတင်းလုပ်စရာအကြောင်း မရှိဘူး။ အဲဒီမှာ ကျနော်တို့နဲ့ ထပ်စကားပြောတဲ့အခါမှာ ဒီဟာကဒီလို ဖြစ်နေပြီ၊ ဒါက ဖြေရှင်းလို့ ရနိုင်လားဆိုရင် ဒီဟာကို စဥ်းစားပြီးတော့ သတင်းလုပ်မယ်ဆိုတဲ့ဟာမျိူးကို ကျနော်တို့က စကားပြောတာ။ အဲဒီလိုပုံစံမျိုးနဲ့ ကျနော်တို့က IEC ကော KSCC တပ်ရင်းတွေနဲ့ Relationship တည်ဆောက်ထားတာ။

မေး ။ ။ အဲဒီတော့ ဒီလို တကယ့် စစ်ဖြစ်နေတဲ့နေရာမှာ အခြေစိုက်ပြီးတော့ သတင်းယူနေရတော့ ကိုတင့်တို့ ဖက်ဒရယ် FMရဲ့ သတင်းသမား‌တွေကကော အသက်အန္တရာယ် ဘယ်လောက်ထိ ကြုံခဲ့ကြလဲ။

ဖြေ ။ ။ ကျနော်တို့ ရှေ့တန်းအဖွဲ့ဆို လေယာဥ်နဲ့ ခဏခဏ တိုက်ခိုက်ခံရတယ်။ ကျ‌နော်ကိုယ်တိုင် လေယာဥ်နဲ့ ရှစ်ခါတိတိ ပစ်ခံရတယ်။ ကျနော် မသေသေးလို့ အခုထိ စကားပြောနိုင်တာ။ ကျနော်တို့နေတဲ့ ကျင်းထဲကို လေယာဥ်နဲ့ လေယာဥ်နှစ်စင်းနဲ့ ပစ်တယ်။ ၁၂၀ မမတွေနဲ့ ၁၂၀ မမဆိုရင် တစ်တောင်ကျော် ရှိတယ် - ထိပ်ဖူး ဆိုရင်။ အဲဒီဟာတွေနဲ့ မရေမတွက်နိုင်အောင် ပစ်ခံရတယ်။ ကျနော်တို့နေတဲ့ နေရာကို။ လေယာဥ်နဲ့ တောက်လျှောက်ပစ်တဲ့အချိန်မှာ ကျနော်တို့ မရမက ထွက်ပြေးရတယ်။ အဲဒီလိုမျိုး ခဏခဏ ဖြစ်တယ်။ ကျနော်တို့အဖွဲ့က လူတွေဆို ကားနဲ့ မိုင်းတစ်ခါ နင်းမိတယ်။ လေယာဥ်နဲ့ အဲဒီလို ရှေ့ကိုသွားနေရင်းနဲ့ ပစ်ခံရတာမျိုးတွေ ရှိတယ်။ ပြီးရင် ကျနော်တို့ ကားတစီးဆိုရင် ရှေ့တန်းမှာ စစ်ကောင်စီရဲ့ ပိတ်ဆို့မှု့ကို ခံခဲ့ရတဲ့အတွက် ကျနော်တို့လူတွေ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရတာတွေ ရှိတယ်။ ဒါတွေက ကျနော်တို့ လောလောဆယ်ကာလမှာ တွေ့ခဲ့ရတဲ့ဟာတွေပေါ့။

မေး ။ ။ အခု ဖက်ဒရယ် FM အနေနဲ့ သတင်းပိုင်းအရကော ဘယ်လို သတင်းအချက်အလက်တွေ ဘယ်လို Program တွေကို ထုတ်လွှင့်နေလဲ။

ဖြေ ။ ။ ကျနော်တို့ အခုမြေပြင်မှာ လက်ရှိ ကျနော်တို့တွေ ထုတ်လွှင့်နေတာက ညနေ (၂) နာရီ။ ညနေကတော့ အသစ်။ မနက်ပိုင်းမှာတော့ ကျနော်တို့က ပြန်လည်ထုတ်လွှင့်ချက်တွေ လုပ်တယ်။ အဲဒီမှာ ကျနော်တို့က သူ့အပိုင်းနဲ့သူ ရှိတယ်။ ဥပမာ သတင်းဆို နေ့စဥ်သတင်း ရှိတယ်။ နေ့စဥ်သတင်းကတော့ ကရင်နီနဲ့ ပတ်သက်တာ ပိုပြီးများတယ်။ ဒါပေမဲ့ တခြားဒေသက သတင်းတွေလည်း ပါတယ်။ ပြီးတော့ Partner မီဒီယာတွေကနေပြီးတော့ မိတ်ဖက် မီဒီယာအဖွဲ့အစည်းတွေက သတင်းတွေလည်း ပြန်သုံးတယ်။ အဲ့လိုပုံစံမျိုးနဲ့ သတင်းပိုင်းတွေ ရှိတယ်။ ကျနော်တို့က လူထုကို ပညာပေးတဲ့သတင်းတွေ ရှိတယ်။ လူထုကို ပညာပေးတဲ့ အစီအစဥ်တွေကတော့ အဓိက မိုင်းနဲ့ ပတ်သက်တာတွေ၊ ဒီနေရာက မြေမြုပ်မိုင်း ရှိတယ်။ မသွားပါနဲ့။ ဒီနေရာမှာ တိုက်ပွဲ ဖြစ်နေတယ်။ ဒီလမ်းခရီးတွေ မသွားပါနဲ့ ဆိုတာမျိုး။ အခုဆိုရင် ဒီမောဆိုတကြောကို စစ်ကောင်စီက စစ်ကြောင်းပြန်ထိုးလာပြီ။ လွန်ခဲ့တဲ့ တပတ်ကျော်ကပဲ အဲ့ဒါကို မသိတဲ့အတွက် လူငယ်နှစ်ယောက် - အမျိုးသားတစ်ယောက်၊ အမျိုးသမီးတစ်ယောက် သူတို့ရွာကို ပြန်တဲ့လမ်းမှာ ပစ်သတ်ခံလိုက်ရတယ်။

ဆိုတော့ အဲဒီလိုပုံစံမျိုးတွေ ရှိတယ်။ အဲဒီလိုပုံစံမျိုးတွေ ဖြစ်တဲ့အတွက် ဒါက ဘာလို့လဲဆိုတာ သူတို့တွေ မသိဘူး။ ဆိုတော့ အဲ့လိုပုံစံမျိုး ဘယ်နေရာမှာ ဘာဖြစ်နေတယ်ဆိုတာကို ကျနော်တို့က အရိတ်အမြွတ် ပြောတယ်။ နောက်တစ်ခုက လေကြောင်းနဲ့ ပတ်သက်တာ တစ်လေးလုံးမှာဆိုရင် လေယာဥ်ကလည်း ဘတ်စ်ကားလို လာတာ - ဝင်လိုက်ထွက်လိုက် ပစ်လိုက်နဲ့။ အဲဒီလိုမျိုးမှာ ကျနော်တို့က ဘယ်နေရာကနေ လေယဥ်တက်လာပြီ။ ဂရုစိုက်ပါဆိုတာမျိုး ကျနော်တို့က ပြောတယ်။ သူတို့က သတင်းလို့ ပြောလိုက်ပြီဆိုတာနဲ့ စိတ်မချမ်းမြေ့စရာကြီးပဲ။ သတင်းဆိုတာက လူဘယ်နှစ်ယောက် သေတယ်၊ ဘယ်နှစ်ယောက် ခိုက်မိတယ်။ အိမ်ဘယ်လောက် ပျက်စီးတယ်ဆိုတာမျိုး ဖြစ်တော့ အဲဒီသတင်းတွေပဲ ကျနော်တို့က သတင်းဆိုပြီး ဖြစ်လာတာ။ အဲဒါအပြင် သူတို့က အဲဒါတွေကို ကိုယ်တိုင် တွေ့လာတဲ့သူတွေ။ ကျနော်တို့ ဖက်ဒရယ် FM မှာ Cover ဖြစ်နေတဲ့ စစ်ရှောင်စခန်းတွေက လူထုရဲ့ အနိဌာရုံတွေကို ကိုယ်တိုင်တွေ့ပြီးပြီ။ ကိုယ်တိုင်ကြုံရပြီ။ ကိုယ်တိုင် လူထုရဲ့ ဆွေးမျိုးသားချင်းတွေ ဆုံးရှုံးလိုက်ရပြီး၊ အဲဒီလိုပုံစံမျိုးမှာ ကျနော်တို့က သူတို့အတွက် ဖျော်ဖြေရေးဆိုတာမျိုးထည့်စဥ်းစားရတယ်။ ဖျော်ဖြေရေး အစီအစဥ်တွေ ကျနော်တို့က ထည့်ပေးတယ်။ ဥပမာသီချင်းနဲ့ပတ်သက်တာတွေ။ လူမျိုးစုနဲ့ ပတ်သက်တဲ့ သီချင်းတွေထည့်တယ်။ ပြီးရင် ကျနော်တို့က ဒီဖျော်ဖြေရေးအစီအစဥ်တွေ ထည့်တယ်။ အဲဒီလိုဟာမျိုးနဲ့ ကျနော်တို့က လူထူကို ဖျော်ဖြေရေးဆိုတဲ့အစီအစဥ်မှာ ပြန်ထည့်တယ်။ ဒါမှပဲ လူထုက ဒါကို နားထောင်မယ်။ ဒါကနေပြီး ဖျော်ဖြေရေးလည်း ရတယ်၊ သတင်းလည်း ရတယ်၊ အသိပညာလည်း ရတယ်ဆိုတဲ့ဟာမျိုးတွေ ကျနော်တို့တွေက Federal FM tower တွေကနေတဆင့် သွားနေတာ။
မေး ။ ။ အဲဒီတော့ အခု တော်လှန်ရေးအင်အားစုတွေအောက်မှာ၊ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မြေပြင်မှာ လုပ်ကိုင်ရတဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ အရင် ပြည်တွင်းတုန်းက စစ်အာဏာ မသိမ်းခင်က ပြည်တွင်းမှာ လုပ်ကိုင်ခဲ့ရတဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်က ဘယ်လိုကွာခြားမှု ရှိပါသလဲ။

ဖြေ ။ ။ အာဏာမသိမ်းခင်တုန်းက ကျနော်တို့က မကြိုက်ရင် တရားစွဲလို့ ရတယ်။ တခုခုဆို လူက ပျောက်သွားစရာ အကြောင်းမရှိဘူး။ သေနတ်ကို အဲဒီလောက် မကြောက်ရဘူး။ အဲဒီမတိုင်ခင်တုန်းက ဆိုကြပါစို့ - အသတ်ခံရတဲ့ သတင်းဌာန သတင်းထောက်တွေ ရှိသေးတယ်။ ဒါပေမဲ့ အနည်းဆုံး ကျနော်တို့က လွတ်လွတ်လပ်လပ် ပြောလို့ရတယ်။ ကိုယ် လွတ်လွတ်လပ်လပ် ပြောလိုက်တဲ့အတွက် သေနတ်နဲ့ထောက်ခံရတာမျိုး မရှိဘူး။ ဥပမာ အစိုးရနဲ့ သတင်းဌာနကြားမှာ ဒေါ်အောင်ဆန်းစုကြည်လက်ထက် ပွတ်တိုက်မှုတွေ ရှိခဲ့ပေမဲ့ သေနတ်နဲ့ ဖြေရှင်းတာမျိုး မရှိခဲ့ဘူး။ ဒီဘက်မှာကြတော့ လူတိုင်းမှာ သေနတ် ရှိတယ်။ အဲဒီလို သေနတ် ရှိကြတော့ အငြင်းပွားမှု တခုခု ဖြစ်လာပြီဆိုရင် သူ့နောက်မှာ ရှိနေတဲ့ သေနတ်ကိုပါ ထည့်သွင်းစဉ်းစားရတယ်။ လူတိုင်းက သေနတ်ကို သုံးမယ်လို့ မဆိုလိုဘူး။ ဒါပေမဲ့ အဲဒီမှာ လူတိုင်းမှာ သေနတ်ရှိလာပြီဆိုတော့ အဲဒီသေနတ်ကို ကောင်းတဲ့အချက်ထဲ ထည့်သွင်းစဉ်းစားရတယ်။ အဲဒီဟာက လက်ရှိအခြေအနေမှာ စဉ်းစားတဲ့အရာ။ ဒါက ကရင်နီဘက်မှာ။ အညာဘက်မှာဆို ဒါထက်ပိုဆိုးတယ်။ ဒါပေမဲ့ ကျနော်တို့ အညာကို ဘာကြောင့် အလုပ်လုပ်မလဲဆိုရင် ကျနော်တို့တွေ မရှိဘူးဆိုရင် ဒါက ပိုဆိုးအုံးမှာ။ ကျနော်တို့က ဒီ ကိစ္စကို ဒီအတိုင်းထားပြီး မလုပ်ဘူးဆိုရင် ပိုဆိုးသွားမှာ။ ဥပမာ ဒီဘက် ကရင်နီမှာလည်း တချို့ ကိစ္စတွေ ဖြစ်တယ်။ အဲဒီလိုကိစ္စမျိုးတွေ လက်နက်ကိုင်အချင်းချင်း ဖြစ်တဲ့ကိစ္စ၊ လူထုနဲ့ဖြစ်တဲ့ကိစ္စတွေ ရှိတယ်။ မရှိဘူးလို့ ငြင်းလို့ မရဘူး။ ရှိခဲ့တယ်။ အဲဒီရှိခဲ့တဲ့ဟာကို နည်းမှန်လမ်းမှန်နဲ့ ထုတ်ပြန်ထားတဲ့ ဥပဒေတွေနဲ့ ဖြေရှင်းနိုင်ဖို့ဆိုတာကို တည်ပေးရတယ်။ နို့မို့ဆို သေနတ်နဲ့ပဲ ဖြေရှင်းကြမယ်ဆိုရင် သွားပြီလေ။ ကျနော်တို့ လိုချင်တဲ့ လူမှုအသိုင်းအဝိုင်း အဖွဲ့အစည်းက အဲဒီလိုပုံစံမျိုး မဟုတ်ဘူး။ အဲဒါကြောင့် အဲဒါကို သတိချပ် သတိပြုပြီးတော့ သွားနေကြတယ်။ အလုပ်လုပ်ကိုင်ရတယ်။

မအင်ကြင်းနိုင် ။ ။ ကျေးဇူးတင်ပါတယ် ကိုတင့်။ အခုလို အချိန်ပေးပြီးတော့ မေးတဲ့မေးခွန်းတွေကို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

Forum

XS
SM
MD
LG