ဒီမိုကရေစီရေးနဲ့ လူမျိုးတိုင်း တန်းတူညီမျှရေးကို အခြေခံမယ့် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ဒုတိယပင်လုံညီလာခံ ကျင်းပရေးတာဝန်ကို မြန်မာပြည်က နိုင်ငံရေးခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်ထံကို ဒီကနေ့ တာဝန်လွဲှအပ် လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီလို တာဝန်လွဲှပြောင်းပေးအပ်တာကို လက်ခံလိုက်ပြီး အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ ပြန်လည် ပန်ကြားခဲ့ပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ဒီလို ဒုတိယပင်လုံညီလာခံ ဖြစ်မြောက် အကောင်အထည်ဖော်ရေး တာဝန်ကို ဝါရင့်နိုင်ငံရေးသမား သခင်သိန်းဖေရဲ့နေအိမ်မှာ ဒီကနေ့ မနက်က ကျင်းပတဲ့ သက်ကြီးနိုင်ငံရေးသမားကြီးတွေကို ပူဇော်တဲ့ပွဲမှာ လွဲှအပ်တာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ကိုယ်တိုင် တာဝန်လွဲှပြောင်းပေးအပ်ခဲ့သူ ဇိုမီး အမျိုးသားများ ကွန်ဂရက်ရဲ့ ဥက္ကဌ ပူးကျင်ရှင်းထန်က အခုလို ပြောပါတယ်။
“အဓိက ကတော့လေ ဒီနိုင်ငံရေးခေါင်းဆောင်တွေ၊ နည်းနည်းအသက်ကြီးတဲ့ လူတွေကို ဂါရဝပြုတာ တခုရယ်။ နောက်ပြီးတော့ အောက်တိုဘာ ၂၄ ရက်နေ့မှာ ကလေးမြို့ ဆုံးဖြတ်ချက် မှတ်တမ်းကို အခု ဒေါ်စု လွတ်လာတဲ့အခါမှာ ဒီဥစ္စာကို ဆုံးခန်းတိုင်ဖြစ်ဖို့ အမျိုးသားခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်က လုပ်မှဖြစ်မယ်ဆိုပြီးတော့ ကျနော်တို့က သူ့ကို လွဲှအပ်တာ။ ဒီ ၂ ချက်ပါပဲ။”
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့က ကလေးမြို့မှာ ကျင်းပတဲ့ ဇိုမီးအမျိုးသားများ ကွန်ဂရက် တည်ထောင်တာ ၂၂ နှစ်ပြည့်တဲ့ အခမ်းအနားမှာ ကလေးမြို့ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်တဲ့ တွေ့ဆုံဆွေးနွေးရေးကို ဆောင်ရွက်ဖို့နဲ့ ဒီမိုကရေစီရေးနဲ့ လူမျိုးတိုင်း တန်းတူညီမျှရေးကို အခြေခံမယ့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ အတွက် ဒုတိယပင်လုံညီလာခံ ကျင်းပရေးဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။
ဒုတိယပင်လုံညီလာခံ အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် တာဝန်လွဲှအပ်တာကို ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ခံခဲ့တယ်လို့ ပူးကျင်ရှင်းထန်က ပြောပါတယ်။
“ကျနော်တို့က တိုင်းပြည် အခြေအနေကြည့်ပြီးတော့ ပင်လုံကဲ့သို့သော ညီလာခံ ဒုတိယပင်လုံ လိုအပ်နေတယ်။ အဲဒါကို လုပ်ရအောင်ဆိုပြီးလုပ်တော့ အဖွဲ့အစည်း ၅၀ ကျော်ကနေပြီးတော့ ဒါ မှန်ကန်တဲ့အကြောင်း တုံ့ပြန်ကြတယ်။ နောက် ကလေးမြို့ ဆုံးဖြတ်ချက်ကို အားလုံး ဆုံးခန်းတိုင် အကောင်အထည်ဖော်တဲ့အထိ ကျနော်တို့ ဆက်လက် ဆောင်ရွက်ပါမယ် ဆိုပြီးတော့ သံန္နိဌာန်ချပြီး လက်မှတ်ထိုးတဲ့ လူက ၁၀၉ ယောက်လောက် ရှိတယ်။ အဲဒါတွေကို အခု ဒေါ်စု လွတ်လာတဲ့အတွက်ကြောင့် ဆက်လက်ပြီးတော့မှ ဆုံးခန်းတိုင် အကောင်အထည်ဖော်နိုင်ဖို့ လွဲှအပ်တဲ့အခါမှာ သူက ပြောတာက ဝမ်းသာစွာ လက်ခံပါတယ်။ ဒါပေမဲ့ ကျမ တယောက်တည်းတော့ ဘယ်ဖြစ်မလဲ။ အားလုံး ဆက်ပြီးတော့ ဝိုင်းပြီးတော့ ကူညီကြပါ၊ - ဆိုပြီးတော့ သူက ပြောပါတယ်။”
ဒီလို လက်မှတ်ရေးထိုးရာမှာ ကရင်၊ ချင်း၊ မွန်၊ ရှမ်း စတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဝါရင့်နိုင်ငံရေးသမားကြီးတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ ပါဝင်တာဖြစ်ပါတယ်။ အခု တာဝန်လွဲှအပ်တာကလည်း ဒီလို ပါဝင်လက်မှတ် ရေးထိုးသူများကိုယ်စား သူက လွဲှပြောင်းပေးတာဖြစ်တယ်လို့ ပူးကျင်ရှင်ထန်းက ပြောပါတယ်။
ဒီကနေ့ ကျင်းပတဲ့အခမ်းအနားမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အသက် ၈၀ ကျော် အရွယ်ရှိ တိုင်းရင်းသားခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေး ခေါင်းဆောင် ၂၀ ကျော်ကို ဂါရဝပြု ပူဇော်ကန်တော့ခဲ့ပါတယ်။
ဒီပွဲကို နိုင်ငံရေးလှုပ်ရှားမှု အဆက်ဆက်မှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသားဟောင်းတွေ၊ တိုင်းရင်းသားလူငယ်တွေနဲ့ မျိုးဆက်သစ် နိုင်ငံရေးလှုပ်ရှားသူတွေက ပူးပေါင်း စီစဉ်ခဲ့တာဖြစ်ပြီး လူ ၁,၀၀၀ ကျော်လောက် တက်ရောက်ခဲ့ပါတယ်။