ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် World Central Kitchen အကူအညီပေးရေးအဖွဲ့မှ အလုပ်သမား ၇ ဦး သေဆုံးခဲ့တဲ့အတွက် စိတ်ထိခိုက်ရတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အင်္ဂါနေ့နှောင်းပိုင်းက ပြောပါတယ်။
စစ်ပွဲအတွင်း ဆာလောင်မွတ်သိပ်နေတဲ့ အရပ်သားတွေကို စားနပ်ရိက္ခာတွေပို့ပေးတဲ့ သူတို့ဟာ ရဲရင့်ပြီး ကိုယ်ကျိုးမဖက်တဲ့ သူတွေဖြစ်ကြောင်းနဲ့ ဒီလိုလူတွေ အသက်ဆုံးရှုံးသွားတာဟာ ကြေကွဲစရာပါပဲလို့ သမ္မတ ဘိုင်ဒင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အရပ်သားတွေကိုပစ်မှတ်ထားတဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုဟာ ဒီဖြစ်ရပ်တခုတည်းမဟုတ်ကြောင်းနဲ့ အစ္စရေးဟာ အရပ်သားတွေကို အကာအကွယ်ပေးရေး လုံလောက်တဲ့ လုပ်ဆောင်မှု မရှိသေးဘူးလို့လည်း သမ္မတ ဘိုင်ဒန်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရရှိနိုင်သမျှ နည်းလမ်းတွေနဲ့ ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းအရပ်သားတွေကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့အတွက် အမေရိကန်အနေနဲ့ တတ်နိုင်သမျှ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သမ္မတဘိုင်ဒင်က ပြောပါတယ်။ ဒီအကူအညီတွေကို လွယ်ကူချောမွေ့ စေဖို့အတွက် အစ္စရေးကိုလည်း ဆက်လက် ဖိအားပေးသွားမှာဖြစ်သလို၊ ဓားစာခံတွေ လွတ်မြောက်ရေးနဲ့ အပစ်အခတ် ရပ်စဲရေးအတွက်လည်း ပြင်းပြင်းထန်ထန် တွန်းအားပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုလို World Central Kitchen က အကူအညီပေးရေး အလုပ်သမား ၇ ဦး သေဆုံးမှုဟာ Deir al-Balah မှာရှိတဲ့ ဂိုဒေါင်တခုကိုပို့ပေးရမယ့် စားနပ်ရိက္ခာ ထောက်ပံ့ရေး တန်ချိန် ၁၀၀ ကို အဖွဲ့ရဲ့ တံဆိပ်ကပ်ထားတဲ့ ကျည်ကာကား ၂ စီးပါတဲ့ ယဉ်တန်းနဲ့ ပို့ဆောင်ပေးပြီးလို့ ပြန်လည်ထွက်ခွာချိန်မှာ အစ္စရေးရဲ့ တိုက်ခိုက်ခြင်း ခံခဲ့ရတာပါ။
ဒီဖြစ်ရပ်မှာ သူတို့ဘက်က မှားယွင်း ပစ်ခတ်ခဲ့မိကြောင်း အစ္စရေးဝန်ကြီးချုပ်နဲ့ အစ္စရေးစစ်တပ် ပြောခွင့်ရတို့ကလည်း တောင်းပန်ထားပါတယ်။
Forum