တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတဲ့စစ်ကောင်စီ စစ်ဘက်၊ ရဲဘက်နဲ့ ဌာနဆိုင်ရာ လူပေါင်း ၃၃၀ ကို ရေကြောင်းကနေတဆင့် ဘင်္ဂလားဒေ့ရှ်အစိုးရက ကြာသပတေးနေ့မှာ ပြန်ပို့လိုက်ပါပြီ။
ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာသူတွေထဲမှာ စစ်ကောင်စီ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် (BGP) ၃၀၂ ဦးနဲ့ သူတို့ရဲ့မိသားစုဝင် ၄ ဦး၊ စစ်တပ်အရာရှိ ၂ ဦး၊ လူဝင်မှုကြီးကြပ်ရေးဌာနတာဝန်ရှိသူ ၁၈ ဦးနဲ့ အရပ်သား ၄ ဦးပါဝင်ပါတယ်။ သူတို့ကို ကြာသပတေးနေ့ မနက်ပိုင်းမှာပဲ Cox's Bazar က Ukhiya မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် ရေတပ်ဆိပ်ကမ်းကနေ သင်္ဘောနဲ့လာခေါ်သွားတယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် VOA သတင်းထောက်က ပြောပါတယ်။
သူတို့ကို ၂ သုတ်ခွဲ ပြန်ပို့တာ ဖြစ်ပြီး ပြန်အပို့ခံရသူတွေထဲမှာ သေနတ်ဒဏ်ရာရသူ တွေလည်း ပါတယ်လို့ ရိုဟင်ဂျာအရေးအကူညီပေးနေသူက ပြောပါတယ်။ သူတို့ဟာ ရခိုင်ဒေသမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်ချိန်မှာ ဖေဖေါ်ဝါရီ ၄ ရက်ကနေ ၇ ရက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့သူတွေ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကပြန်ပို့သူတွေကို သံအမတ်ကြီး ဦးအောင်ကျော်မိုး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့က ရေတပ်ဆိပ်ခံတံတားမှာ လက်ခံခဲ့ပါတယ်။
ရခိုင်ဒေသတွင်း ရက္ခိုင့်တပ်တော် (AA) နဲ့စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဟာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေဘက်ကို ထွက်ပြေးတိမ်းရှောင်ကြပြီး မကြာခင်ကလည်း အိန္ဒိယနိုင်ငံဘက်ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၇၀၀ နီးပါးကို အိန္ဒိယက ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။