သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ နေရပ်ပြန်ရေး မတူညီတဲ့သဘောထားအမြင်


ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီးကစခန်း
ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီးကစခန်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ မြန်မာနိုင်ငံဘက် ပြန်လာရေးနဲ့ပတ်သက်ပြီး သူတို့ကြား မှာကို မတူကွဲပြားတဲ့ သဘောထားအမြင်တွေ ရှိနေကြပုံရပါတယ်။ အဲဒီလို ကွဲပြားတဲ့သဘောထားတွေကို ရခိုင်ပြည်နယ် မောင်းတောဒေသနဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်မျဉ်းအနီးကစခန်းကို မကြာသေးခင်က သွားရောက်ပြီး တွေ့ဆုံ မေးမြန်းခွင့် ရခဲ့တဲ့ ကိုကျော်ကျော်သိန်းက စုစည်းတင်ပြထားပါတယ်။

အသက် ၅၂ နှစ်အရွယ် Dil Mohamed ဟာ မောင်းတောဒေသ၊ မဲတီရွာမှာ အရင်ကနေထိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ် ပဋိပက္ခတွေ ဖြစ်ပြီး ချိန်ကတည်းက ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီးကစခန်းမှာ နေထိုင်နေသူဖြစ်ပါတယ်။ အဲဒီစခန်းကို ပြည်တွင်း ပြည်ပသတင်းထောက်တွေ သွားရောက် သတင်းယူတဲ့အချိန်တိုင်းမှာလည်း အဲဒီစခန်းကလူတွေရဲ့ လိုလားချက်တွေကို ပင်တိုင် လို ဖြေဆို ပြောကြားလာသူတဦးပါ။

သူတို့ဟာ ဘိုးစဉ်ဘောင်ဆက် မြန်မာနိုင်ငံတွင်းမှာ နေထိုင်လာသူတွေဖြစ်ပြီး နိုင်ငံသားအသိအမှတ်ပြု အထောက်အထားတွေ လည်း ရှိထားဖူးတာကြောင့် အခုထုတ်ပေးတဲ့ NVC ကဒ်အစီအစဉ်ကို လုံးဝလက်မခံနိုင်ဘူးလို့ Dil Mohamed ကပြောပါတယ်။

"NVCကိုလုံး၀ ကျနော်တို့ ရိုဟင်ဂျာလူမျိုးနဲ့ မသင့်တော်ပါဘူး။ ကျနော်တို့မှာ တခြားလူမျိုးကိုင်ဆောင်ထားတဲ့ ကဒ်တွေ ရှိတယ်။ တခြားလူမျိုးတွေကိုင်သလို ကျနော်တို့ ရိုဟင်ဂျာတွေလည်း အဲလိုမျိုးကိုင်ပါတယ်။ အဲဒါကို ၈၈ နောက်ပိုင်း အဲဒါကို သူတို့ NVC နဲ့ နိုင်ငံသားကဒ်နဲ့ လဲလည်ပေးတယ် ကျနော်တို့လည်းအဲဒါပဲ။"

လက်ရှိစခန်းမှာ နေထိုင်စားသောက်ရေးက အဆင်မပြေသလို အနာဂတ်လည်းမရှိတာကြောင့် ပြန်လာချင်ကြတယ်လို့ ပြောပေ မယ့် သူတို့ရဲ့ အဓိကစိုးရိမ်ချက်က ခိုင်မာတဲ့ လုံခြုံရေးအစီအမံ မရှိတာကြောင့်လို့ပြောပါတယ်။ အဲဒီစိုးရိမ်ချက် ပျောက်သွားဖို့ သူတို့ လုပ်ပေးစေချင်တာကတော့

"အဲဒါကို မျှမျှတတ ၊ တကယ့်အရေးယူသင့်သူတွေကို အရေးယူပေးရမယ်။ အဲဒါကို အရေးမယူလို့ အဲလိုပြဿနာ ခဏခဏပေါ်တယ်။ အရေးယူတာမတွေ့ပါဘူး ၂၀၁၂ မှာ ကျနော်တို့ရိုဟင်ဂျာတွေကို တဖက်သတ် စစ်တွေမှာလေ မီးရှို့ဖျက်ဆီးတာတွေရှိတယ် အဲဒီ မီးရှို့သူတွေကို တယောက်မှ အရေးယူတာ ကျနော်မတွေ့ဘူး။"

သူတို့ဟာ ဘင်္ဂါလီတွေမဟုတ်ဘဲ ရိုဟင်ဂျာတွေဖြစ်တယ်ဆိုတာကိုလည်း Dil Mohamed က အခိုင်အမာပြောပါတယ်။

အသက် ၄၀ အရွယ် Mohamed Sharif ကတော့ မောင်းတောမြို့နယ်၊ မီးသတ်ကျေးရွာအုပ်စု၊ ရဲအောင်ချောင်းကျေးရွာမှာ မွေးဖွားနေထိုင်ပြီး မောင်းတော အထက (၁) မှာ ၁၀ တန်းထိ ပညာသင်ယူခဲ့သူပါ။ သူဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ စဖြစ်တဲ့ အကြမ်းဖက်ပဋိပက္ခတွေကနေ ထွက်ပြေးသွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ဒေသက ဘာလူခါလီ ၂ ဒုက္ခသည် စခန်းမှာ တနှစ်ကျော်ကျော် နေထိုင်ပြီးတဲ့နောက် ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းကမှ ဇနီးဖြစ်သူ၊ သားသမီး လေးဦးတို့နဲ့အတူ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်လာသူဖြစ်ပါတယ်။

သူကရော … ပြန်လာဖို့ ဘာ့ကြောင့် ဆုံးဖြတ်ခဲ့တာပါလဲ …

"ရှင်းရှင်းလေးပါပဲ ဒီမှာလည်း ARSA အကြမ်းဖက်တွေကြောင့် ကျနော်တို့မနေနိုင်လို့ ကျနော်တို့အတွက်လည်း အချိန်တော်တော်လေးလိုဦးမယ်ဆိုတော့ ဒါတွေကို ကျနော်တိုတိုလေးပြောချင်တယ်။ ဒီကနေပြီးတော့ ARSA အကြမ်းဖက်ကြောင့် ဘင်္ဂလားဘက်ကို ထွက်ပြေးရတာဖြစ်ပါတယ်။ ဘင်္ဂလားမှာလည် အလားတူပဲ ARSAတွေက ဆက်ပြီးတော့ သူတို့တွေက ဟိုလူ့ကိုသတ်လိုက် ဒီလူ့ကို သတ်လိုက်နဲ့ သူတို့ ARSAအဖွဲ့ဘက် ပြောတဲ့လူတွေကို သတ်နေတဲ့အတွက် ကျနော်လည်း ARSAရဲ့ လှုပ်ရှားမှုတွေ လုပ်ရက်တွေကို ကျနော်လည်း အလားသူ ဝေဖန်တဲ့လူတွေအထဲမှာ ပါတယ်ဆိုတော့ ကျနော်ကိုလည်း ARSAတွေက တိုက်ဖို့လုပ်တဲ့အခါကျတော့ ကျနော်လည်း မြန်မာပြည်ဘက်ကို ဝင်လာတာဖြစ်ပါတယ်။"

ARSA အဖွဲ့ဟာ နိုင်ငံရေးကိုအကြောင်းပြပြီးတော့ စီးပွားရှာနေသူတွေဖြစ်တယ်လို့ Mohamed Sharif ကဆိုပါတယ်။ ဘင်္ဂလား ဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ သူ့လိုပဲ ပြန်လာချင်တဲ့ တခြားလူတွေ ရှိသလားဆိုတော့ အများကြီးရှိတယ်လို့ သူကဆိုပါတယ်။ ဒါဆိုရင် အဲဒီဒုက္ခသည်စခန်းကလူတွေရဲ့ တောင်းဆိုချက်တွေထဲက အဓိကတချက်ဖြစ်တဲ့ သူတို့ကို ရိုဟင်ဂျာလူမျိုးအဖြစ် အသိအမှတ်ပြုရမယ်ဆိုတာကရော တကယ်ပဲ မဖြစ်မနေ လိုက်လျောရမယ့် တောင်းဆိုချက်ပါလား … မိုဟာမက်ဒ် ရှရစ်ဖ်က တော့ အဲဒါဟာ လူများစုရဲ့တောင်းဆိုချက် မဟုတ်ဘူးလို့ ဆိုပါတယ်။

"ဒါက ARSAကနေပြီးတော့ မြန်မာအစိုးရဘက်က ဘယ်သောအခါမှ လုပ်မပေးနိုင်တဲ့အချက်တွေကို ဝင်ရောက်စွက်ဖက်တောင်းဆို နေတဲ့အချက်ဖြစ်ပါတယ်။ သူတို့အဓိကတောင်းဆိုနေတဲ့အချက်က ကျနော်တို့ မူရင်းကျေးရွာ၊ မူလလယ်ယာမြေတွေ၊ နိုင်ငံသားအခွင့်အရေးဆိုပြီးတော့ သူတို့အချက် ၃ ချက်ကိုပဲ တောင်းဆို၊ ဒီဘင်္ဂလားမှာရှိတဲ့ ဒုက္ခသည်တွေက အချက် ၃ ချက်ကိုပဲ တောင်းဆိုတာရှိပါတယ်။ ကျနော်တို့လည်း မိဘတွေလည်းရှိတယ် ဆွေမျိုးတွေလည်းရှိတယ်။ ကျနော်အမြဲတမ်းသူတို့နဲ့ အဆက်အသွယ်ရှိပါတယ်။"

Sharif တို့မိသားစုဟာ လက်ရှိ မောင်းတောမြို့ပေါ်မှာ နေထိုင်နေပြီး စားဝတ်နေရေးပိုင်းကို အစိုးရက အကူအညီပေးနေပြီးတော့ သူတို့ရဲ့ မူလစီးပွားရေးလုပ်ငန်းကို ပြန်လုပ်ကိုင်ခွင့်ရဖို့ စီစဉ်နေတယ်လို့ပြောပါတယ်။

ရခိုင်ပြည်နယ်က မတူကွဲပြားတဲ့ လူမှုအဝန်းအဝိုင်းနှစ်ခုကြားမှာ ဟိုးအရင် နှစ်ပေါင်းများစွာကလို အေးအေးချမ်းချမ်း ပြန်ပြီး အတူ ယှဉ်တွဲနေထိုင်နိုင်ဖို့အတွက် Mohamed Sharif မြင်တဲ့ လိုအပ်ချက်ကတော့ တရားဥပဒေစိုးမိုးမှုရှိဖို့ပဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG