အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo နဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီး A.K. Abdul Momen တို့ တနလာၤနေ့က ဝါရှင်တန်မြို့တော်မှာ တွေ့ဆုံတာမှာ မြန်မာ့ အရေးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် တသန်းကို ဘင်္ဂလားဒေရှ့်ဘက်က သဘောထားကြီးကြီးနဲ့ ဆက်ပြီး လက်ခံထားတဲ့ အပေါ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ချီးကျူး ပြောဆိုခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Morgan Ortagus ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒုက္ခသည်တွေ၊ နောက် သူတို့ကို လက်ခံထားတဲ့ အသိုင်းအဝိုင်းတွေကို ထောက်ပံ့မှု တိုးလာရေး နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အတူ ဆောင်ရွက်မယ့် အကြောင်းတွေကိုလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံတွင်းက အခြေအနေတွေ၊ အရင်းခံ အကြောင်းရင်းတွေ ဖြေရှင်းရေးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ဒုက္ခသည်တွေ ဆန္ဒအလျောက် ဌာနေပြန်နိုင်မယ့် လိုအပ်တဲ့ အခြေအနေမျိုးကို မြန်မာဘက်က ဖန်တီးပေးရမှာ ဖြစ်ပြီး ရိုဟင်ဂျာ ဒုက္ခသည် ပြသနာ ပြေလည်ရေးက မြန်မာ အပေါ်မှာ မူတည်နေတယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီး Pompeo က အလေးထား ပြောဆိုခဲ့ပါတယ်။ စီးပွားရေး၊ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ဖို့၊ နောက် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီးနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတို့ ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံကြား ဒုက္ခသည်တွေ ဌာနေပြန်ရေး နှစ်နိုင်ငံ သဘောတူညီချက်နဲ့ ဆောင်ရွက်နေပေမယ့် မအောင်မမြင် ဖြစ်နေဆဲပါ။ မြန်မာဘက်က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံသလို ဒုက္ခသည်တွေကိုလည်း ဥပဒေနဲ့ စိစစ်ပြီးမှ နိုင်ငံသားပေးမယ်လို့ ပြောဆိုထားတာပါ။ ရိုဟင်ဂျာ ဒုက္ခသည်တွေကတော့ ရိုဟင်ဂျာ အဖြစ် အသိအမှတ်ပြုပြီး နိုင်ငံသား ဖြစ်ခွင့်အာမခံချက်ပေးမှ ဌာနေပြန်မယ်လို့ ပြောဆိုနေတာ ဖြစ်ပါတယ်။