ဘင်္ဂလားဒေ့်ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၁၅ ယောက်ကို မလေးရှားနိုင်ငံကို လူကုန်ကူးမယ့် အစီအစဉ်ကို ဘင်္ဂလားဒေ့်ရှ်ရဲတပ်ဖွဲ့က မနေ့က သောကြာနေ့က တားဆီးနိုင်လိုက်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
ဒါပေမဲ့ လူကုန်ကူးသူတွေကိုတော့ မဖမ်းမိဘူးလို့ AFP သတင်းမှာ ဖော်ပြထားတာပါ။ မြန်မာနယ်စပ်နဲ့နီးတဲ့ ကုတုပလောင်စခန်းက ဒုက္ခသည်တွေ လှေစီးပြေးဖို့ အသွား ရဲက လမ်းမှာ တားဆီးလိုက်တာ ဖြစ်ပါတယ်။
လှေစီးပြီး ထွက်ပြေးမယ့်သူတွေထဲမှာ အမျိုးသား အယောက် ၅၀ အမျိုးသမီး ၃၉ ယောက်နဲ့ ကလေး ၂၆ ယောက် ပါဝင်တယ်လို့ ဘင်္ဂလားဒေ့်ရှ် ရဲအရာရှိတဦးဖြစ်တဲ့ Anwar Hossain က AFP သတင်းဌာနကို ပြောပါတယ်။
သူတို့က သူတို့ကို လူကုန်ကူးမယ့် မှောင်ခိုသမားတွေကို ပိုက်ဆံတချို့တဝက် ပေးထားပြီးပြီလို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့်ရှ်နိုင်ငံကို မုတ်သုန်ရာသီမဝင်ခင် အခုလိုပဲ ဒုက္ခသည်တွေအများကြီး ထိုင်းနဲ့ မလေးရှားနိုင်ငံကို တရားမဝင်သွားနိုင်ဖို့ ကြိုးစားလေ့ရှိပါတယ်။
ဒီနှစ်ထဲမှာတင် ပင်လယ်ဖြတ်ဖို့ မသင့်တော်တဲ့ ငါးဖမ်းစက်လှေလေးတွေနဲ့ ပြေးဖို့ကြိုးစားသူပေါင်း ၃၀၀ ကျော်ကို ဘင်္ဂလားဒေ့်ရှ် လုံခြုံရေးတပ်ဖွဲ့တွေ တားဆီးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ သောကြာညက ဖမ်းမိတဲ့ အုပ်စုကလည်း ဒီသတင်းပတ်အတွင်း မလေးရှားကို ထွက်ဖို့ကြိုးစားနေတုန်း တားလိုက်နိုင်တဲ့ တတိယမြောက် အုပ်စု ဖြစ်ပါတယ်။
ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်အရေအတွက်က မတန်တဆ များပြားနေပြီး နေထိုင်ရတာ အထူး ခက်ခဲတာကြောင့် အခုလို ထွက်ပြေးဖို့ ကြိုးစားတာတွေ များလာပြီး ဒုက္ခသည်တွေလည်း လူကုန်ကူးသူတွေရဲ့ အန္တရာယ်နဲ့ ပိုကြုံနေကြရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်အဖွဲ့က ပြောပါတယ်။