[[Zawgyi/Unicode]]
နေပြည်တော်မှာ ဖမ်းဆီးတရားစွဲခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေကြောင့် ဒီနေ့ ရုံးချိန်းကို မလာရောက်နိုင်ခဲ့ပါဘူး။ နေပြည်တော် အထူးတရားရုံးမှာ ဒီနေ့ရှိတဲ့ ရုံးချိန်းကို ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအရ မလာနိုင်ဘူးလို့ တရားသူကြီးက အသိပေးတာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနီးဝန်းကျင်မှာရှိသူတချို့ ကိုဗစ်ရောဂါကူးစက်ခံနေရတာကြောင့်ဖြစ်ပုံရပြီး ဒေါ်အောင်ဆန်းစုကြည် ကိုဗစ် ဖြစ်မဖြစ် ဆိုတာတော့ အတိအကျ မသိရပါဘူး။
NLD အစိုးရလက်ထက်က ကိုဗစ်ကပ်ရောဂါ ပထမလှိုင်းကာလမှာ ရဟတ်ယာဉ် ငှားရမ်းသုံးစွဲတာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ လူကယ်ပြန် ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ ၃ ယောက်ကို တရားစွဲထားတဲ့ အဂတိလိုက်စားမှု ၅ မှုကိုတော့ ဒီနေ့တရားရုံးမှာ ဆက်လက် စစ်ဆေးပါတယ်။ သမ္မတဦးဝင်းမြင့်ကိုတော့ Video conferencing နဲ့ဒီနေ့ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
တကယ်တော့ ဒီနေ့ရုံးချိန်းက ဒေါ်အောင်ဆန်းစုကြည် စွဲချက်တင်ခံထားရတဲ့ အဂတိလိုက်စားမှုအမှုတခုဖြစ်တဲ့ ဦးဖြိုးမင်းသိန်းဆီက ရွှေနဲ့ဒေါ်လာငွေ ရယူတယ်ဆိုတဲ့အမှုကို ၂ ဘက်ရှေ့နေတွေ အပြီးသတ်လျှောက်ရမှာဖြစ်ပေမယ့် သူရုံးချိန်းမလာနိုင်တာကြောင့် မကြားနာနိုင်ခဲ့ပါဘူး။ အပြီးသတ်လျှောက်လဲချက်ကို လာမယ့် ဧပြီ ၁၈ ရက်မှသာ တင်ပြဖို့ တရားရုံးက ရက်ချိန်းပေးခဲ့ပါတယ်။
နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုကြောင့် စီးပွားရေးအကြံပေး Sean Turnell အပါအဝင် အမှုတွဲ တရားစွဲထားတဲ့ အမှုကို ကြာသပတေးနေ့မှာ စစ်ဆေးဖို့ရှိသလို သောကြာနေ့ကျရင် ၂၀၂၀ ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးပြီး မဲမသမာမှုဖြစ်အောင် လုပ်ခဲ့တယ်လိုတဲ့ အမှုတွေအတွက် ရုံးချိန်းရှိပါတယ်။ အဲဒီအခါကျရင် ဒေါ်အောင်ဆန်းစုကြည် လာနိုင် မနိုင်ဆိုတာ မသိရနိုင်သေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေအနေနဲ့ မီဒီယာတွေကို သတင်းမပေးဖို့ စစ်ကောင်စီဘက်က ပုဒ်မထုတ် တားမြစ်ထားတာမို့ အမှုတွေကြားနာအကြောင်း အသေးစိတ်ကိုတော့ မသိရပါဘူး။
================
[[Unicode]]
================